အိုင်အက်စ် ဆီ သွားခဲ့တဲ့ ဆယ်ကျော်သက် ရှမီမာ ဘေဂမ် ကို ဗြိတိန် ပြန်ခေါ်ဖို့ သူ့မိသားစုတွေက မေတ္တာရပ်ခံ

Shamima Begum ဓာတ်ပုံ မူပိုင် PA
Image caption ရှမီမာ ဘေဂမ် ဟာ လန်ဒန်က ဘက်နော်ဂရီင်း အပိုင်းမှာ နေထိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဗြိတိန်က ထွက်ခွာသွားချိန်မှာ သူဟာ အသက် ၁၅ နှစ်သာ ရှိပါသေးတယ်။

ဆီးရီးယားက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ အိုင်အက်စ် မှာ ပူးပေါင်းပါဝင်ဖို့ သွားခဲ့တဲ့ ရှမီမာ ဘေဂမ် ကို ဗြိတိန် အစိုးရ အနေနဲ့ အစောတလျင် ပြန်ခေါ်ပေးဖို့ သူရဲ့ မိသားစုတွေက မေတ္တာရပ်ခံ ပန်ကြား လိုက်ပါတယ်။

အခုဆိုရင် အသက် ၁၉ နှစ်ရှိလာပြီ ဖြစ်တဲ့ ဘေဂမ်ဟာ ကိုယ်ဝန်ရှိနေပြီး အဲဒီ မွေးလာမယ့် ကလေးဟာ လုံးဝ အပြစ်မဲ့တဲ့ ကလေး ပါလို့ ဘေဂမ် မိသားစုက ပြောပါတယ်။ နောက်ပြီး ဒီကလေးဟာ ဗြိတိန်မှာ အေးချမ်း လုံခြုံစိတ်ချစွာ အသက်ရှင် ကြီးပြင်းခွင့် ရှိတယ်လို့ လည်း ပြောပါတယ်။

ဘေဂမ် က သူပြန်လာရင် သူ့ကလေးကို ခေါ်သွားကြမှာ စိုးရိမ်တယ်လို့ ဗြိတိန်ထုတ် တိုင်းမ် သတင်းစာကို ပြောပါတယ်။ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဆာဂျစ် ဂျာဗစ်ဒ် ကတော့ သူပြန်လာရင် တရားရင်ဆိုင် ရဖွယ် ရှိတယ် လို့ ပြောပါတယ်။

ဘေဂမ် နဲ့ အတူ ၂၀၁၅ ခုနှစ်က အိုင်အက်စ် အဖွဲ့ဆီ သွားကြတဲ့ ကျောင်းနေအရွယ် ဆယ်ကျော်သက် မိန်းကလေး က ၃ ယောက် ဖြစ်ပါတယ်။ အားလုံးက အရှေ့လန်ဒန် က ဖြစ်ကြပါတယ်။

ဒီ ဆယ်ကျော်သက် မိန်းကလေး ဘေဂမ်ကို သယ်တိုင်းမ် သတင်းစာ သတင်းထောက် ကနေ ဆီးရီးယား ဒုက္ခသည် စခန်း တခုမှာ ပြီးခဲ့တဲ့ သတင်းပတ်က တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ သူက ဆီးရီးယား အရှေ့ပိုင်း အိုင်အက်စ် အမာခံ မြို့ ဖြစ်တဲ့ ဘာဂုစ် မြို့ကနေ ဘယ်လို ထွက်ပြေးလွတ်မြောက်လာ ရသလဲ ဆိုတာကို သယ်တိုင်းမ် သတင်းစာကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၅ စနေနေ့မှာတော့ တိုင်းမ် နဲ့ အင်တာဗျူးမှာ သူက သူ့ကလေး မွေးလာရင် ဘာဖြစ်မလဲ ဆိုတာ သိချင်ကြောင်း၊ ကလေးကို တခြား ခေါ်သွားမှာ မလိုလားကြောင်း နဲ့ အနိမ့်ဆုံးတော့ ကလေးကို သူ့ မိသားစုတွေဆီ ပို့ပေးစေချင်လို့ ပြောပါတယ်။

သူက ထပ်လောင်းပြောရာမှာ ဒုက္ခသည် စခန်းကို ရောက်ပြီးနောက် ဗိုက်နာလာလို့ သူ့ကို ဆေးရုံခေါ်သွားတာကြောင့် ကလေးမွေး ဖို့က ရက်ပိုင်း အတွင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နောက်ပြီး သူ ဗြိတိန်ကို ပြန်လာရင် အကြမ်းဖက်ဝါဒ စွဲချက်တွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ် ရှိတယ်ဆိုတာကိုလည်း သူ နားလည် တယ်လို့ ပြောပါတယ်။

သူဟာ ဆီးရီးယားမှာ ကလေး ၂ ယောက်ကို မွေးခဲ့ပြီး ၂ ယောက်စလုံး ဆုံးပါးသွားခဲ့ပြီ လို့ အရင်က ပြောခဲ့ပါတယ်။ သမီးလေး တဦးကတော့ ၁ နှစ်နဲ့ ၉ လအရွယ်မှာ သေဆုံး သွားခဲ့ကာ ပြီးခဲ့တဲ့ တလ က ဘာဂုစ်မြို့ မှာ မြေမြှုပ်သင်္ဂြိုဟ် ခဲ့ကြောင်း၊ နောက် ကလေး တဦးကတော့ ရှစ်လ အရွယ် မှာတင် အဟာရ ချို့တဲ့ပြီး ရောဂါဝင်ကာ သေဆုံးသွားခဲ့တာ လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးရီးယား ဒုက္ခသည် အရေအတွက်တိုးလာ

ဘေဂမ်ဟာ အသက် ၁၆ နှစ်အရွယ် ခါဒီဇာ ဆူတာနာ၊ နဲ့ အသက် ၁၅ နှစ်အရွယ် အာမီရာ အဘေ့စ် တို့နဲ့ ၂၀၁၅ ဖေဖေါ်ဝါရီလမှာ တူရကီ ကနေ တဆင့် ဆီးရီးယား ကို ဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ခါဒီဇာ ကတော့ အိမ်တလုံး ဗုံးမှန်ချိန် သေဆုံးသွားပြီး၊ နောက်တယောက်ကတော့ ဘယ်ရောက်မှန်း မသိတော့ ဘူးလို့ ပြောပါတယ်။

ရှမီမာ ဘေဂမ် ဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ကမှ ဘာဂုစ် မြို့ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်းကတော့ အစ္စလာမ် ဘာသာ ကူးပြောင်းထားသူ ဒတ်ချ် လူမျိုး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဆီးရီးယားအစိုးရ တပ်ဖွဲ့တွေထံ လက်နက် ချသွားတယ်လို့ ဆိုပါတယ်။

ဘေဂမ်က သူ့ခင်ပွန်းကို အလွန်ချစ်ကြောင်းနဲ့ သူကို ဘယ်တော့မှ မတွေ့ရတော့မှာကို စိုးရိမ်ကြောင်း တိုင်းမ် သတင်းစာကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Met Police
Image caption ဝဲမှယာ ~ ခါဒီဇာ ဆူတာနာ, အမီယာ အဘေ့စ်၊ ရှမီမာ ဘေဂမ်