တပ်နီတော် တပ်ဖွဲ့ဝင်ဟောင်း လီယွီ (သို့) ရှီဂျင်ပင်း ကိုဝေဖန်နိုင်သူ ကွယ်လွန်

Li Rui ဓာတ်ပုံ မူပိုင် AFP
Image caption လီယွီဟာ သူမသေခင် အချိန်အထိ တက်ကြွလှုပ်ရှားသူ၊ အတွေးအခေါ်သမား အဖြစ် ရပ်တည်ခဲ့ပါတယ်

"အတိတ်က အမှားတွေအကြောင်း ကျွန်နော်တို့ကို ပြောခွင့် မပြုဘူး"

၂၀၁၃ ခုနှစ်က လီယွီ ပြောခဲ့တာပါ။ အဲဒီ အချိန်တုန်းက သမ္မတသစ် ဖြစ်လာတဲ့ ရှီဂျင်ပင်း နဲ့ ကွန်မြူနစ် တရုတ် နိုင်ငံကို တည်ထောင်ခဲ့သူ မော်စီတုန်း အကြား တူညီမှုတွေကို ရောင်ပြန်ဟပ် ပြောဆို တာလည်း ဖြစ်ပါတယ်။

လူတဦးချင်းစီရဲ့ ကိုယ်ပိုင် စဉ်းစား တွေးခေါ်မှုတွေကို ဖိနှိပ်တဲ့ မော်စီတုန်းရဲ့ လုပ်ရပ်အတိုင်း ရှီဂျင်ပင်းဟာ ပဲ့တင်ထပ်မျှ ဖြစ်တယ်လို့ လီယွီက သတိပေးခဲ့ပါတယ်။ နောက်ပြီး မော်စီတုန်းရဲ့ အရှင်သခင် ပုံစံ ဖန်တီး တည်ဆောက်မှု အတိုင်း မစ္စတာရှီက ကြိုးစားနေတာ လို့လည်း သူကပြောပါတယ်။ အဲဒီလို ပုံစံ ၂ ခုစလုံးကို လီယွီက လက်တွေ့ ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။

လီယွီ ဟာ ကြမ်းတန်း ပြင်းထန်လှတဲ့ စီနို ဂျပန် စစ်ပွဲ အစမှာ တရုတ် ကွန်မြူနစ်ပါတီကို ၁၉၃၇ ခုနှစ်မှာ ဝင်ရောက်ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီအချိန်ဟာ ကွန်မြူနစ်ပါတီ အနေနဲ့ ပြည်တွင်းစစ် မအောင်နိုင်သေးခင် ၁၂ နှစ် အစောပိုင်း အချိန် ကာလ ဖြစ်ပါတယ်။ ကွန်မြူနစ် ပါတီ အနိုင်ရမှသာ တရုတ် ပြည့်သူ့ သမ္မတ နိုင်ငံကို တည်ထောင်နိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ ဥက္ကဌကြီး မော်ဟာ လီယွီကို သူ့ရဲ့ အတွင်းရေးမှူး အဖြစ် သူ့စိတ်ကြိုက် ရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့် မအောင်မမြင် ဖြစ်ခဲ့ရတဲ့ မော်စီတုန်းရဲ့ ခေတ်သစ် ပြုပြင်ပြောင်းလဲရေး မဟာခုန်ပျံကျော်လွှား စီမံကိန်းကြီး အပေါ် သူက ဝေဖန်ခဲ့တာကြောင့် သိပ်မကြာခင်မှာပဲ လီယွီဟာ အကျဉ်းချ ခံခဲ့ရပါတယ်။ အဲဒီ စီမံကိန်း အတွင်း ညှဉ်းပန်း နှိပ်စက် မှုတွေ၊ အစာငတ်မွတ်မှု တွေကြောင့် တရုတ်ပြည်မှာ လူပေါင်း သန်း ၃၀ ကနေ သန်း ၆၀ အကြား သေဆုံးခဲ့ရပါတယ်။

ကွန်မြူနစ်ပါတီရဲ့ ကသောင်းကနင်း ဖြစ်မှု သမိုင်းကြောင်းတွေ ရှိလင့်ကစား၊ မစ္စတာ လီ ကတော့ မူလပထမ တော်လှန်းရေး သမား တဦး ဖြစ်ခဲ့တာကြောင့် လက်ရှိ တရုတ်နိုင်ငံ မှာ အထူးနေရာ တခု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါကတော့ အာဏာရ ကွန်မြူနစ် ပါတီရဲ့ များစွာသော ကိစ္စရပ်တွေ အကြောင်း လွတ်လွတ်လပ်လပ် ပြောခွင့် ရခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်သူတွေဟာ နိုင်ငံရဲ့ အတိတ်က အမှားတွေ အကြောင်း ပြောခွင့်မရှိပါဘူး။ ဒါပေမယ့် မစ္စတာ လီ ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဝေဖန် ပြောဆိုပါတယ်။ သူ့ရဲ့ ဝေဖန်ပြောဆိုမှုတွေ ကြောင့် မော်စီတုန်းရဲ့ ရက်စက်ကြမ်းကြုတ်မှု အတိုင်းအတာနဲ့ အမှန်တရားတွေကို သမိုင်းဆရာတွေ နားလည်း သိရှိ ခဲ့ကြ ပါတယ်။

အသက် ၁၀၁ နှစ် အရွယ် လီယွီဟာ ဖေဖေါ်ဝါရီ ၁၆ စနေနေ့က ဘေဂျင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

မြေအောက်တော်လှန်းရေးသမားဘဝ

တက္ကသိုလ် ကျောင်းသား ဘဝ တယောက်အနေနဲ့ မစ္စတာလီ ဟာ ဂျပန်ကျူးကျော်မှုကို ဆန့်ကျင်ကြတဲ့ ကွန်မြူနစ် အတွေးအခေါ်ရှိ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တခုမှာ ပါဝင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ အသက် ၂၀ ပြည့်ချိန်မှာတော့ ကွန်မြူနစ်ပါတီထဲ ဝင် ရောက်ခဲ့ ပါတော့တယ်။ ကွန်မြူနစ်တယောက်အနေနဲ့ သူ့ရဲ့ တက်ကြွလှုပ်ရှားမှုတွေကြောင့် မစ္စတာ လီဟာ ညှဉ်းပန်းနှိပ်စက်မှု လည်း ခံခဲ့ရပါတယ်။

ဒါပေမယ့် ၁၉၄၉ ခုနှစ် ကွန်မြူနစ်ပါတီ အာဏာရလာ ချိန်မှာတော့ ပြောင်းလဲမှုတွေ ဖြစ်လာပါတော့တယ်။ ၁၉၅၈ ခုနှစ်မှာ မစ္စတာ လီ ဟာ အသက်အငယ်ဆုံး တရုတ်နိုင်ငံရဲ့ ဒုတိယ ဝန်ကြီး တပါး ဖြစ်လာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၀၁၇ ခုနှစ်က လီယွီရဲ့ ဘီဘီစီကို ပြောကြားချက်

အဲဒီနှစ်မှာပဲ သူဟာ မော်စီတုန်း နဲ့ အစည်းအဝေး တခုမှာ တွေ့ဆုံခဲ့ရပြီး၊ အဲဒီမှာတင် သူ့ဘဝ လမ်းကြောင်းဟာ အပြောင်းအလဲ ဖြစ်လာခဲ့ပါတယ်။ မစ္စတာလီ ကနေ Three Gorges ရေကာတာ တည်ဆောက်ရေး ကို အပြင်းအထန် ကန့်ကွက် ငြင်းဆို နေတာကို ဥက္ကဌကြီး မော်က ကြည့်ပြီး မစ္စတာလီကို သူ့ရဲ့ အတွင်းရေးမှူး အဖြစ် ရွေးချယ် လိုက်ပါတယ်။

ဒါပေမယ့် သူတို့ ၂ ယောက် ဆက်ဆံရေးဟာ သိပ်မကြာလိုက်ပါ။

လူ့အသက်ကို တန်ဖိုးမထားတဲ့ မော်

၁၉၅၉ ခုနှစ်မှာ မစ္စတာလီ ဟာ ဥက္ကဌကြီး မော်ရဲ့ မဟာခုန်ပျံကျော်လွှား စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက် ပါတယ်။ အဲဒီစီမံကိန်းကတော့ တရုတ်စီးပွားရေး အင်းအားကြီးထွားအောင် လုပ်ဖို့ပါ။ ဒါပေမယ့် တရုတ်နိုင်ငံ တလွှား အဲဒီတုန်းက အငတ်ဘေး ဆိုက်ရောက်နေချိန် ဖြစ်ပါတယ်။

အဲဒီလို ဝေဖန်မှုကြောင့် မစ္စတာ လီကို ကွန်မြူနစ်ပါတီက ထုတ်ပယ်လိုက်ပြီး၊ ချင်းချန် ထောင်မှာ ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ပါတယ်။ အဲဒီထောင်ဟာ ပါတီအရာရှိတွေကို သိက္ခာကျအောင်လုပ်သူတွေ အတွက် လုံခြုံရေး အမြင့်ဆုံး ချထား ဆောင်ရွက်တဲ့ ထောင် ဖြစ်ပါတယ်။

"မော်စီတုန်းရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ အုပ်ချုပ်ပုံဟာ ကြောက်လန့်စရာကောင်းတယ်" လို့ နောင်နှစ်ပေါင်း အတော်ကြာမှာ သူက သယ်ဂါးဒီးယန်း သတင်းစာကို ပြောပါတယ်။ မော်ဟာ လူ့အသက်တွေကို တန်ဖိုးမထားဘူး။ တခြားလူတွေ သေဆုံးတာဟာ သူ့အတွက် ဘာမှ မဖြစ်ဘူးလို့ မစ္စတာ လီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မော်စီတုန်းဟာ လူ့အသက်တွေကို တန်ဖိုးမထားသူ လို့ လီယွီက ပြောပါတယ်

မော်စီတုန်း သေဆုံးသွားပြီးနောက်မှာတော့ ပိုမိုလက်တွေ့ကျသူ ဒန်ရှောင်ပင်း ဟာ ၁၉၇၈ ခုနှစ်မှာ အာဏာ ရလာပါတယ်။ မစ္စတာလီကိုလည်း နေရာပြန်ပေးပြီး ပါတီကို ပြန်ဝင်ခွင့် ပြုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ မစ္စတာလီဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ အတွက် အားသွန်ခွန်စိုက် ထောက်ခံအားပေး ဆောင်ရွက်သူ ဖြစ်လာပါတော့တယ်။ နောက်ပိုင်းနှစ်တွေမှာ သူဟာ တရုတ်နိုင်ငံကို ဥရောပက ဆိုရှယ်လစ် စနစ် ပုံစံမျိုး ပိုတူလာအောင် ချေစုံပစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

မော်စီတုန်း အကြောင်း စာအုပ် ၅ အုပ်ရေးခဲ့ပါတယ်။ ဒီစာအုပ်တွေ အားလုံးကို နိုင်ငံခြားမှာ ထုတ်ဝေရတာ ဖြစ်ပြီး တရုတ်ပြည်မကြီး မှာတော့ တားမြစ်ခံထားရပါတယ်။ ၂၀၁၃ ခုနှစ်က သူ့ရဲ့ နောက်ဆုံး ထုတ် စာအုပ်ကတော့ တပါတီ၊ ခေါင်းဆောင်တဦး နဲ့ အတွေးအခေါ်တမျိုးတည်း ရှိတဲ့ လက်ရှိ အစိုးရကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာရေးခြင်း အပြင် မစ္စတာလီဟာ အသက် ၉၀ ပိုင်း အရွယ်အထိ ပြုပြင်ပြောင်းလဲရေး မဂ္ဂဇင်း ဖြစ်တဲ့ Yanhuang Chunqiu မဂ္ဂဇင်း နာယက အဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့ပါတယ်။

၂၀၁၆ မှာတော့ အဲဒီမဂ္ဂဇင်း မှာ အာဏာ အသိမ်းခံရပါတယ်။ အယ်ဒီတာ ဝူဆီ အတင်းအကျပ် ထုတ်ခံလိုက်ရပါတယ်။ အရင် လုပ်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေကလည်း ဒီ မဂ္ဂဇင်း နာမည်နဲ့ ထုတ်ဝေသူ မည်သူမဆို အရင်လူတွေနဲ့ ဘာမှ မသက်ဆိုင်တော့ကြောင်း သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ရှိတဲ့ SOAS အင်စတီကျူ့ ရဲ့ ဒါရိုက်တာဖြစ်သူ ပါမောက္ခ စတိဗ် ဆန်း ကတော့ အခုလို ဖြစ်တာဟာ လီယွီကို အကြီး အကျယ် ထိခိုက်မှု ဖြစ်စေတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

"လီယွီ ရဲ့ တခုတည်းသော အရေးကြီးတဲ့ အရာဟာ ဒီမဂ္ဂဇင်းကို ဦးဆောင် အားပေး နေတာဖြစ်တယ်၊ မဂ္ဂဇင်းက ရှိနေပေမယ့် အစီအစဉ်တွေ ရည်ရွယ်ချက်တွေ အားလုံးဟာ လုံးဝ ပြောင်းလဲသွားပြီ၊ လက်တွေ့အရ အရင်နဲ့ မတူတော့တဲ့ မဂ္ဂဇင်း ဖြစ်သွားပြီ" လို့ ပါမောက္ခ ဆန်းက ပြောပါတယ်။

နောက်ဆုံး အချိန်

သူ့ရဲ့ ရေးသားချက်တွေကို ဆင်ဆာ က တည်းဖြတ်တာတွေ လုပ်ပေမယ့်လည်း မစ္စတာ လီ ဟာ အစိုးရနဲ့ သဘောထားချင်း မတူ၊ ဆန့်ကျင် တဲ့ သူ မဟုတ်ပါ။ သူဟာ မသေခင် အထိ ပါတီဝင် အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

လက်ရှိ ခေါင်းဆောင်မှု အပိုင်းကို မစ္စတာလီဟာ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် ဝေဖန် ပေမယ့်၊ သူ့ဟာ တိုင်းပြည် တော်လှန်ရေး စကတည်းက ပါဝင် ခဲ့သူ တဦးကနေ နဲ့ ကြည်ညိုလေးစား တန်ဖိုးထားခြင်းကို ဆက်လက် ခံနေရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ