ခါးတောင်းပဲ ကျိုက်ထားတဲ့ ဂျပန်တွေ တုတ်နှစ်ချောင်းကို အလုအယက် ရှာနေတာ ဘာ့ကြောင့်လဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆိုင်ဒိုင်ဂျိ အီယို ပွဲတော်ကို နှစ်စဉ် ကျင်းပ

ဂျပန်နိုင်ငံ အိုကာယာမာ မြို့က ဘုန်းကြီးကျောင်း တခုမှာ စနေနေ့တုန်းက ခါးတောင်းကျိုက် သာသာလောက်ပဲ ဝတ်ထားတဲ့ ဂျပန် အမျိုးသား ထောင်ပေါင်းများစွာက တုတ်ချောင်းလေး နှစ်ချောင်းကို အလုအယက် ရှာနေကြပါတယ်။

ဒါဟာ ဆိုင်ဒိုင်ဂျိ အီယို လို့ခေါ်တဲ့ ရှေးဟောင်း ဂျပန် ယဉ်ကျေးမှုပွဲမှာ ပါဝင် ဆင်နွဲနေကြတာပါ။

လူအုပ်ကြားထဲ ပစ်ထည့်လိုက်တဲ့ တုတ် နှစ်ချောင်းကို မရှာခင် အဲဒီလူတွေ ရေထဲမှာ ကိုယ်လက် သန့်စင်ကြရပါတယ်။

ရှင်ဂီ လို့ခေါ်တဲ့ ၇ လက်မခွဲ ကျော်ကျော်ပဲ ရှည်တဲ့ တုတ်ချောင်းကို ရှာတွေ့တဲ့သူဟာ ကံအကောင်းဆုံးသူ အဖြစ် ဂျပန်တွေက ယုံကြည်ထားတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆိုင်ဒိုင်ဂျိ အီယို ပွဲတော်ကို ကျင်းပလာတာ နှစ်ပေါင်း ၅၁၀ ရှိသွားပါပြီ
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရှင်ဂီ တုတ်လိုက်မရှာခင် ရေအေးထဲမှာ သန့်စင်ရပါတယ်။

ဆိုင်ဒိုင်ဂျိ အီယို ပွဲတော်ကို ဂျပန်သမိုင်းက မူရိုမာချီ ခေတ်ကတည်းက ကျင်းပလာတာ ဖြစ်ပြီး ဒီနှစ်မှာ နှစ်ပေါင်း ၅၁ဝ ရှိသွားပြီ ဖြစ်ပါတယ်။

ရှင်ဂီ တုတ်ချောင်းတွေ ရှာမယ့် ဂျပန် အမျိုးသားထောင်ပေါင်းများစွာက ယိုရှီအီ မြစ်ထဲမှာ ပထမဆုံး ကိုယ်လက် သန့်စင်ကြပါတယ်။

ကိုယ်လက် သန့်စင်ပြီးပြီ ဆိုရင် ည ၁၀ နာရီလောက်မှာ မီးတွေ အားလုံး ပိတ်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အေးခဲနေတဲ့ ယိုရှီအီ မြစ်ထဲမှာ ကိုယ်လက် သန့်စင်ကြပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တုတ်ချောင်းတွေ့တဲ့ အမျိုးသားက ဒီနှစ်အတွက် ကံအကောင်းဆုံး သူပါတဲ့

ကျောင်းထိုင် ဘုန်းကြီးက ၁၃ ပေ စွန်းစွန်းလောင် မြင်တဲ့ ပြတင်းပေါက် ပေါ်ကနေ ရှင်ဂီ တုတ် နှစ်ချောင်းကို လူအုပ်ကြီးထဲ ပစ်လိုက်ပါတယ်။

အဲဒီနောက် လူအုပ်ကြီးထဲ ဝရုန်းသုန်းကား ဖြစ်သွားပြီး တုတ်ချောင်းတွေ တွေ့ဖို့ ၂ နှစ်နာရီလောက် ကြာအောင် အလုအယက် တွန်းထိုး ရှာဖွေကြပါတယ်။

တုတ် နှစ်ချောင်း ရသွားသူတွေက မောင်ကံကောင်းတွေအဖြစ် သရဖူဆောင်း ခံရမှာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခါးစည်း ခါးတောင်းကျိုက်ကတော့ မဝတ်မနေ ဝတ်ထားရမှာပါ
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရှင်ဂီ တုတ်ချောင်း ရှာတဲ့ ပွဲတော်ကို လာရောက် ကြည့်ရှု အားပေးသူတွေက ထောင်နဲ့ ချီပါတယ်။

ဆိုင်ဒိုင်ဂျိ အီယို ပွဲတော်ဟာ ဂျပန် ရိုးရာ ပွဲတော်တွေထဲမှာ ထင်ရှား အရေးပါတဲ့ ပွဲတော် တခု ဖြစ်ပါတယ်။

ရှင်ဂီ တုတ်ချောင်းကြောင့် အမျိုးသားတွေကို ကံကောင်းစေနိုင်သလို ဒီပွဲတော်ဟာ ကျန်ခဲ့တဲ့ တနှစ်လုံးမှာအတွက် သီးနှံထွက် ကောင်းစေမယ့် ပွဲတော်လို့လည်း ဂျပန်တွေက ယုံကြည်ကြပါတယ်။

ဒီပွဲတော်ဟာ တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ တချိန်တည်း ဆင်နွဲလေ့ ရှိပါတယ်။

ဒီပွဲတော်ကာလမှာ ဂျပန်လူမျိုး ထောင်ပေါင်းများစွာဟာ ဘုန်းကြီးကျောင်းတွေမှာ ဆီမီး ထွန်းညှိ ပူဇော်လေ့ ရှိပြီး အမျိုးသားတွေရဲ့ ရှင်ဂီ တုတ်ခေျာင်း ရှာတဲ့ပွဲကို သွားရောက် ကြည့်ရှု အားပေးလေ့ ရှိကြပါတယ်။

ဆက်စပ် အကြောင်းအရာများ