အာဏာရှင်တွေကြောင့် အချေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ နေရာတွေ

အာဏာရှင်၊ ဖက်ဆစ်၊ နာဇီ၊ အငြင်းပွားစရာ ၊ နေရာ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟစ်တလာ မွေးခဲ့တဲ့ နေရာ အဆောက်အအုံကို ဖြိုချဖို့ သြစတြီးယား အာဏာပိုင်တွေ ဆန္ဒရှိ

သြစတြီးယား နိုင်ငံ နယ်စပ် ဘရောင်နောင် အမ်အင်းမြို့ ဆာလ်ဇ်ဘာဂါ ဗော့စတက်ဒ် လမ်းပေါ်က အိမ်နံပါတ် ၁၅ အဆောက်အအုံကို ရုတ်တရက် ကြည့်လိုက်ရင် ဘာမှ ထူးခြားတယ်လို့ ထင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အဲဒီ အဆောက်အအုံဘေးက ကျောက်တုံးမှာ ထွင်းထားတဲ့ စာတမ်းကို သတိထားမိရင်တော့ တမျိုး ဖြစ်သွားမှာပါ။

အဲဒီ စာတမ်းတွေက ဖက်ဆစ်ဝါဒရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ လူသန်းပေါင်းများစွာ အကြောင်း ဂျာမန် ဘာသာနဲ့ ရေးထားတာမို့ပါ။

အဲဒီဘေးက အဆောက်အအုံဟာ ၁၈၈၉ ခုနှစ်က အဒေါ့ဖ် ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟစ်တလာ နှစ်ခြင်းခံခဲ့တဲ့ စိန့် စတီဗင် ဘုရားကျောင်းကို ၁၅ ရာစုက ဆောက်ခဲ့တာပါ။

ဥပဒေကြောင်း အငြင်းပွားမှု

ဒီနေရာကို ဟစ်တလာရဲ့ မွေးနေ့ရောက်တိုင်း သူ့ကို ထောက်ခံသူ အုပ်စုတွေ နှစ်စဉ် လာလေ့ ရှိပါတယ်။

ဒီအဆောက်အအုံဟာ သြစတြီးယား အစိုးရပိုင် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက ဒေါ်လာ ၃ သိန်းခွဲလောက်နဲ့ ဝယ်ခဲ့တာပါ။ အခုအခါ ဒီအဆောက်အအုံကို ဖြိုချ ဖျက်ဆီးဖို့ စီစဉ်ထားတယ်လို့ သြစတြီးယား အစိုးရက ထုတ်ဖော် ကြေညာထားပါတယ်။

ဒါပေမယ့် အရင်ပိုင်ရှင် ဂဲလင်း ပေါမာ က သြစတြီးယား အစိုးရကို တရားစွဲခဲ့ပြီး အဲဒီကစလို့ ခုချိန်ထိ တရားရင်ဆိုင်ခဲ့ကြတာပါ။

အခုသီတင်းပတ် အစောပိုင်းတုန်းကတော့ ရိဒ် အင်မ် အင်ကရိုင်းစ် ခရိုင် တရားရုံးက ဒီနေရာဟာ တန်ဖိုးမြင့်လာနိုင်တဲ့ သမိုင်းဝင် နေရာတခုနဲ့ အလားတူတယ် ဆိုပြီး အရင်ပိုင်ရှင်ကို နောက်ထပ် ဒေါ်လာ ၁.၇သန်း ထပ်ပေးဖို့ သြစတြီးယား အစိုးရကို ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုဒီ "နံပါတ် ၁၅ ဆာလ်ဇ်ဘာဂါ ဗော့စတက်ဒ် လမ်း" အိမ်လိုမျိုး အငြင်းပွားစရာ သမိုင်းအမွေအနှစ်တွေထဲက နေရာ အတော်များများ ရှိနေပါသေးတယ်။

အဲဒီအထဲက နောက် နေရာ ၈ ခုကို ကောက်နုတ် ဖေါ်ပြချင်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပရီဒက်ပီယို မြို့က မူဆိုလီနီရဲ့ အုတ်ဂူ ရှိရာ နေရာမှာ လက်ျာစွန်း ဝါဒီတဦး ဖက်ဆစ် သင်္ကေတ အလေးပြုနေစဉ်

ဘနီတို မူဆိုလီနီရဲ့ အုတ်ဂူ

ပရီဒက်ပီယိုမြို့၊ အီတလီနိုင်ငံ

ဘရောင်နောင် အမ်အင်းမြို့ (၂၉ ဇူလိုင် ၁၈၈၃ ခုနှစ် )နဲ့ သူကွယ်လွန်တဲ့ နေ့ ( ၂၈ ဧပြီ ၁၉၄၅ ခုနှစ် )တွေမှာ အထိမ်းအမှတ် ဆင်နွှဲရုံတင်မက ၁၉၂၂ ခုနှစ်တုန်းက အီတလီနိုင်ငံမှာ ဖက်ဆစ်ဝါဒ တန်ခိုးကြီးထွား အာဏာရခဲ့တဲ့ အထိမ်းအမှတ်ကိုလည်း နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။

ဂျာမနီနိုင်ငံဟာ နာဇီ လက်ကျန် အမွေအနှစ်တွေအပေါ် ကန့်သတ် ထိန်းချုပ်တဲ့ ဥပဒေတွေ ပြဌာန်းထားပေမဲ့ အီတလီနိုင်ငံကတော့ မူဆိုလီနီရဲ့ အမွေအနှစ်တွေနဲ့ ပတ်သက်လို့ ခွင့်လွှတ် သက်ညှာထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းနယ်စပ်နားက လူသူအရောက်နည်းတဲ့ နေရာတခုမှာ ပိုလ်ပေါ့ရဲ့ သင်္ချိုင်း ရှိပါတယ်။

ပိုလ်ပေါ့ရဲ့အိမ်

ဆီယမ် ရိ၊ ကမ္ဘောဒီယားနိုင်ငံ

ကမ်ပူးချား ကွန်မြူနစ်ပါတီ ခေါင်းဆောင် ပိုလ်ပေါ့ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း လူတွေကို အစုလိုက် အပြုံလိုက်သတ်၊ အလုပ်ကြမ်း ခိုင်းစေတာတွေ လုပ်ခဲ့တဲ့ စစ်ဆင်လှုပ်ရှားမှုကြီးတခုကို ဦးဆောင် စီစဉ်ခဲ့သူ ဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာ အဲဒီ စစ်ဆင် လှုပ်ရှားမှုကြီးအတွင်း သေဆုံးသူ အရေအတွက်ဟာ ၃ သန်းအထိ ရှိနိုင်ပါတယ်။

အကျယ်ချုပ် ကျနေစဉ် ၁၉၉၈ ခုနှစ် ဧပြီလမှာ ပိုလ်ပေါ့ ကွယ်လွန်သွားခဲ့ပြီး အဲဒီနေရာမှာပဲ တာယာတွေ ပုံပြီး သူ့အလောင်းကို ချက်ချင်း မီးသင်္ဂြိုဟ်ခဲ့ပါတယ်။အခုအခါ အဲဒီနေရာကို လူတွေ လာကြည့်ရှုနိုင်အောင် ဖွင့်ထားပေးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆိုဗီယက် အာဏာရှင်ဟောင်း စတာလင်ရဲ့ ပြတိုက်က ဂိုရီမြို့မှာ ရှိပါတယ်။

စတာလင်ပြတိုက်

ဂိုရီမြို့၊ ဂျော်ဂျီယာ

၁၉၆၁ ခုနှစ်မှာ ခေါင်းဆောင်ဟောင်း ဂျိုးဆက်ဖ် စတာလင် ရဲ့ ရုပ်အလောင်းကို ဗလာဒီမီယာ လီနင်ရဲ့ ရုပ်အလောင်း နားကနေ ရွှေ့ပစ်ဖို့ ကွန်မြူနစ် ခေါင်းဆောင် နီကီတာ ခရပ်ရှ်ချက်ဗ် က ခွင့်ပြုမိန့် ထုတ်ခဲ့ပါတယ်။

စတာလင်ဟာ လူအမြောက်အများကို ဖိနှိပ်ချုပ်ချယ်ခဲ့မှု၊ လူမျိုးရေး သုတ်သင်ရှင်းလင်းမှု၊ လူသိန်းနဲ့ချီ ကွပ်မျက် စီရင်မှုတွေကို စီစဉ် ဆောင်ရွက်ခဲ့သူလို့ အများက စွပ်စွဲတာကို ခံရသူ ဖြစ်ပြီး သေဆုံးသူ သန်းပေါင်းများစွာကို မော်စကိုမြို့ ခရင်မလင် တံတိုင်း တခုနားက မထင်မရှား ကျင်းကြီးတစ်ခုထဲ မြှုပ်ထားတာပါ။

ဒါပေမယ့်လည်း စတာလင် မွေးဖွားရာ ဂျော်ဂျီယာနိုင်ငံ ဂိုရီမြို့မှာတော့ သူ့အပေါ် ထားတဲ့ သဘောထားက တမျိုးဖြစ်ပါတယ်။

အာဏာရှင်ဟောင်း စတာလင်ကို ရည်စူးပြီး ၁၈၇၈ ခုနှစ်တုန်းက သူမွေးဖွားခဲ့တဲ့ အိမ်ဘေးမှာ ပြတိုက်ကြီးတစ်ခု ဆောက်ခဲ့ပါတယ်။ ပြတိုက် နာမည်ကိုလည်း စတာလင် အဲဗန်နျူး လို့ ပေးထားပါတယ်။

စတာလင်ဟာ ဆိုဗီယက် ပြည်ထောင်စုကို ဆယ်စုနှစ်နဲ့ချီ ကြီးစိုး ချုပ်ကိုင်ခဲ့သူ ဖြစ်သလို သူ့မွေးရပ်ဇာတိ ဂျော်ဂျီယာနိုင်ငံကို ၁၉၂၁ ခုနှစ်မှာ တပ်နီတွေနဲ့ သွေးထွက်သံယို ကျူးကျော် တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တီကရစ်မြို့မှာ IS တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်နေစဉ် ဆဒမ် ဟူစိန်ရဲ့ ဂူဗိမာန် ဖြိုချ ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ရုပ်အလောင်းကို အစောပိုင်းကတည်းက ပြောင်းရွှေ့ထားခဲ့ပြီးပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆဒမ်ဟူစိန် ဂူဗိမာန်

တီကရစ်မြို့၊ အီရတ်

အာဏာ ဖယ်ရှားခံခဲ့ရတဲ့ ၂၀၀၃ ခုနှစ် ဧပြီလမှာ ဆဒမ် ဟူစိန်ကို သေဒဏ် ချမှတ်ခဲ့ပြီး နောက် ၃ နှစ်အကြာမှာ ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။

သူ့ကို သူ့ဇာတိ တီကရစ်မြို့က ဂူဗိမာန် တစ်ခုမှာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မြှုပ်နှံခဲ့ပါတယ်။ တီကရစ်မြို့ဟာ ရှီအာ မူဆလင်တွေ အများစု နေထိုင်ရာ အီရတ်မြို့မှာ ဆွန်နီ မူဆလင်တွေ အခိုင်အမာ ထိန်းချုပ်ထားရာ နေရာ ဖြစ်တာမို့ သူ့ဂူဗိမာန်ဟာ အတိုက်အခံတွေရဲ့ တိုက်ခိုက်မှု မခံရအောင် အကာအကွယ် ပေးထားနိုင်ခဲ့ပုံ တွေ့ရပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အီရတ် တပ်ဖွဲ့တွေ၊ အီရန် ထောက်ခံတဲ့ ရှီအာ လက်နက်ကိုင်တွေနဲ့ IS တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်း ဆဒမ် ဟူစိန်ရဲ့ ဂူဗိမာန် ဖျက်ဆီးခံရတယ်လို့ ဘီဘီစီ သတင်းတွေက ဆိုပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ ဆဒမ် ဟူစိန်ရဲ့ ရုပ်အလောင်းကို IS တွေရောက်မလာခင် ၂၀၁၄ ခုနှစ်ကတည်းက အမည်မဖေါ်လိုတဲ့ နေရာ တစ်ခုကို ရွှေ့ပြောင်းထားလိုက်ပြီလို့ ထုတ်ဖော် ကြေညာခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စပိန် ပြည်တွင်းစစ်မှာ အသက်ရှင်လွတ်မြောက်ခဲ့ပေမယ့်လည်း ဖရန်ကိုရဲ့ ရုပ်အလောင်းကို ကျဆုံးရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်နေရာမှာ မြှုပ်နှံထား

ကျဆုံးရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်(Valley of the Fallen )

စပိန်

Valley of the Fallen ကျောက်တိုင်ကို နှစ်ပေါင်း ၂၀ နီးပါး ဆောက်လုပ်ခဲ့အပြီး ၁၉၅၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။ စပိန်နိုင်ငံမှာ ၁၉၃၆ ခုနှစ်ကနေ ၁၉၃၉ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြီးအပြီး အမျိုးသား ရင်ကြားစေ့ရေးနဲ့ အပြစ်ပြေငြိမ်းကြောင်း ပြတဲ့အနေနဲ့ စပိန် အာဏာရှင် ဖရန်စစ္စကို ဖရန်ကို က ကိုယ်စားပြု ဖွင့်လှစ် စိုက်ထူ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မဒရစ်မြို့ ဆင်ခြေဖုံး ရပ်ကွက်မှာ ရှိတဲ့ ဒီအထိမ်းအမှတ် ကျောက်တိုင်ဟာ ဖရန်ကိုရဲ့ ဂူဗိမာန် လာရောက် ထားရှိခဲ့အပြီး ၁၉၇၅ ခုနှစ်က စလို့ အချေအတင် အငြင်းပွားစရာ နေရာ ဖြစ်လာခဲ့ပါတယ်။ ဖရန်ကိုဟာ ပြည်တွင်းစစ်မှာ အသက်ပေးလှူခဲ့သူ မဟုတ်လို့ပါပဲ။

ဖက်ဆစ် ခေါင်းဆောင် ဖရန်ကိုကို ထောက်ခံအားပေးတဲ့ လူထု စည်းဝေးပွဲတွေ မလုပ်ဖို့ လက်ရှိမှာ ဥပဒေစည်းမျဉ်းတွေ ထုတ်ပြန်ထားပေမယ့်လည်း အဲဒီအချိန်ကစလို့ ဒီ အထိမ်းအမှတ် ကျောက်တိုင်ဟာ ဖရန်ကို ကို ထောက်ခံအားပေးသူတွေ လာရောက်ရာ နေရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

စပိန် အစိုးရအနေနဲ့ ဖရန်ကို ရဲ့ ရုပ်အလောင်း ဘယ်မှာထားရမလဲဆိုတာကို အဖြေရှာနေတာ နှစ်နဲ့ချီ ကြာနေပါပြီ။

သူ့ရုပ်အလောင်းကို အဲဒီနေရာကနေ ပြန်တူးဖေါ်တာတွေ လုပ်ဖို့ ပါလီမန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ် အကြီးအကျယ် သဘောကွဲနေကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မက်ဒယ်လင်မြို့နားက အက်စ်ကိုဘာရဲ့ ဂူဗိမာန်ကို ပန်းစည်းလာရောက် ချသူ တစ်ဦး

ပက်ဘလို အက်စ်ကိုဘာရဲ့ သင်္ချိုင်း

အီတာဂွီမြို့၊ ကိုလမ်ဘီယာ

ပက်ဘလို အက်စ်ကိုဘာ ဟာ နာမည်အကြီးဆုံးလို့ ဆိုရမယ့် မူးယစ်ရာဇာကြီး တစ်ဦး ဖြစ်ပါတယ်။ သူ့ကို ၁၉၉၃ ခုနှစ်တုန်းက မက်ဒယ်လင်မြို့နားက အီတာဂွီမြို့မှာ ရဲက အသေပစ်သတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အက်စ်ကိုဘာ ဟာ လူ ၅၀၀၀ လောက် သေဆုံးခဲ့ရမှုမှာ တာဝန်မကင်းဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း သူ့ကို လေးစားကြည်ညိုတဲ့ နောက်လိုက်တွေ အများအပြား ရှိနေဆဲပါ။ သူ့ဘဝကို ပုံဖော်ပြထားတဲ့ "Narcos" ရုပ်သံစီးရီးကို Netflix မှာ ကြည့်ခဲ့အပြီး မယ်ဒလင်မြို့ ဆီကို ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား ရောက်လာကြပြီး လမ်းပြတွေကလည်း အက်စ်ကိုဘာနဲ့ ဆိုင်တဲ့ နေရာတွေကို လိုက်ပြခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူဖြူ ကြီးစိုးရေးဝါဒီ ယူဂျင်း တာရာဘလော့ချ် ဟာ ၂၀၁၀ ခုနှစ်မှာ သူ့အလုပ်သမားဟောင်းတဦးရဲ့ လုပ်ကြံခံခဲ့ရပါတယ်။

ယူဂျင်း တာရာဘလော့ရှ် ရဲ့ မွေးမြူရေးခြံ

ဗန်တာစ်ဒေါ့ဖ်မြို့၊ တောင်အာဖရိက

တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း ခွဲခြားတဲ့ အစိုးရ ပြုတ်ကျသွားချိန် ၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်းတွေမှာ လူဖြူ မွေးမြူရေး လုပ်ငန်းရှင် ယူဂျင်း တာရာဘလော့ရှ်ဟာ အသားရောင် ခွဲခြားမှု အဆုံးသတ်သွားတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောသူတွေထဲမှာ တဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း လူဖြူကြီးစိုးရေး ဝါဒီ AWB ပါတီ ကို ဦးဆောင်ခဲ့သူ ယူဂျင်း တာရာဘလော့ရှ် ဟာ ၂၀၁၀ ခုနှစ်မှာ သူ့အလုပ်သမားဟောင်းတဦးရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။ ဗန်တာစ်ဒေါ့ဖ်မြို့ ရဲ့ အပြင်ဘက် သူ့ရဲ့ ဗီလာနာ မွေးမြူရေးခြံမှာပဲ လုပ်ကြံခံ ခဲ့ရတာပါ။

၂၀၁၄ ခုနှစ်မှာ ဗီလာနာ မွေးမြူရေးခြံကို ရှေးဟောင်း အမွေအနှစ် နေရာအဖြစ် ပြောင်းလဲ သတ်မှတ်ဖို့ အဆိုပြုချက် တရပ်ကို တောင်အာဖရိက ရှေးဟောင်း အမွေအနှစ် ကောင်စီထံ တင်ပြခဲ့ပါတယ်။ အများထင်ထားတဲ့အတိုင်း အဲဒီ အဆိုပြုချက် ပယ်ချခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရပ်ရှ်မိုးတောင် အထိမ်းအမှတ်နေရာ ရှိရာ The Black Hills ဟာ လာကိုတာ အမေရိက ဌာနေ တိုင်းရင်းသားတွေအတွက် အထွတ်အမြတ်ထားရာ နေရာ ဖြစ်

ရပ်ရှ်မိုးတောင်ကုန်း

ကီးစတုန်းမြို့၊ အမေရိကန်

အမေရိကန် မျိုးချစ်စိတ်ကို ပြတဲ့ အကြီးဆုံး သင်္ကေတ တွေထဲက တစ်ခုကတော့ ရပ်ရှ်မိုးတောင် အာဇာနည် တောင်ကုန်းကြီး ဖြစ်ပါတယ်။ အဲဒီမှာ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဂျော့ ဝါရှင်တန်၊ သောမတ် ဂျက်ဖာဆင်၊ သီယိုဒိုး ရုစဗဲ့နဲ့ အေဘရာဟင် လင်ကွန်းတို့ရဲ့ ပုံရိပ်တွေကို ကျောက်ပေါ်မှာ ထွင်းထားတာပါ။ တောင် ဒါကိုတာ ပြည်နယ် ကီးစတုန်းမြို့ငယ်လေးမှာ ရှိတဲ့ အဲဒီ အာဇာနည်ကုန်းကို နှစ်စဉ် လူ နှစ်သန်းကျော် လာလေ့ ရှိပါတယ်။

ဒီတောင်ကုန်းကြီးကို ၁၉၂၇ ခုနှစ်နဲ့ ၁၉၄၁ ခုနှစ်အကြား တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဌာနေ အမေရိက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ အချေအတင် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။

အခုအခါ သမ္မတဟောင်းတွေရဲ့ မျက်နှာတွေ ထွင်းထားတဲ့ အဲဒီ Black Hills တောင်ကုန်းကြီးကို ၁၈၆၈ ခုနှစ် ပဋိဉာဉ် သဘောတူစာချုပ်အရ လာကိုတာ ဌာနေတိုင်းရင်းသားတွေအတွက် ရာသက်ပန် အပိုင်ပေးထားပြီး ဖြစ်ပြီး လာကိုတာတွေ အထွတ်အမြတ် ထားရာ နေရာလည်း ဖြစ်ပါတယ်။

ရာသက်ပန် လို့ ပြောပေမဲ့ နှစ်နှစ်အကြာ အဲဒီဒေသမှာ ရွှေတူးဖော် တွေ့ခဲ့ရာကနေ Black Hills တောင်ကုန်းကိုပါ သိမ်းယူတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာတော့ အဲဒီ တောင်ကုန်းကြီးမှာ သမ္မတဟောင်းတွေရဲ့ ပုံတွေ ထုထွင်းခဲ့တဲ့အခါ ဌာနေ တိုင်းရင်းသား လှုပ်ရှားတက်ကြွသူတွေက မကြေမနပ် ကန့်ကွက်သံတွေ ပေါ်ထွက်ခဲ့ပါတယ်။

Black Hills တောင်ကုန်းကို ဌာနေ အမေရိက တိုင်းရင်းသားတွေထံ ပြန်အပ်သင့်တယ်လို့ ၂၀၁၂ ခုနှစ်မှာ ကုလသမဂ္ဂ အစီရင်ခံစာ တခုက အကြံပြုခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ