အင်အားကြီး နျူကလီးယား နှစ်နိုင်ငံအကြား လတ်တလော တင်းမာမှုတွေက ကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်လာနေပြီလား။

ကက်ရှ်မီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အကြမ်းဖက်မှု ဓာတ်ပုံ မူပိုင် Getty Images
Image caption ကာဖြူးအမိန့် ထုတ်ပြန်ထားတဲ့ ကက်ရှ်မီးယားမှာ အိန္ဒိယတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေစဉ်

ကက်ရှ်မီးယား ပြည်နယ်ဟာ ကမ္ဘာပေါ်မှာ စစ်လက်နက်ကိုင်တပ်ဖွဲ့တွေ အချထားဆုံး နေရာ တခု ဖြစ်ပြီး နျူကလီးယား အင်အားကြီး နိုင်ငံ နှစ်နိုင်ငံ ဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတွေအကြား အတိမ်းအစောင်း မခံဆုံး နယ်စပ်မျဉ်းနေရာ ဖြစ်ပါတယ်။

အဲဒီမှာ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်လာနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပူလ်ဝါနာခရိုင်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ကက်ရှ်မီးယားမှာ အိန္ဒိယ တပ်ဖွဲ့တွေ အပေါ် တိုက်ခိုက်မှုတွေထဲမှာ အသေအပျောက် အများဆုံး ဖြစ်ပါတယ်။ ပေါက်ကွဲမှုတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း လူ ၅၀ လောက် သေဆုံး ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အဲဒီဒေသမှာ သေဆုံးသူ အရေအတွက်ဟာ အရပ်သား၊ လုံခြုံရေး အဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်တွေ အပါအဝင် စုစုပေါင်း ၅၀၀ ကျော် ရှိခဲ့ပါတယ်။

ကက်ရှ်မီးယားဒေသမှာ လက်ရှိ တင်းမာမှု အခြေအနေက ဘာ့ကြောင့် ဒီလောက်ထိ အန္တရာယ် ရှိနေတာလဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယနဲ့ ပါကစ္စတန်အကြား နယ်စပ်ကို ဘယ်သူက စောင့်ကြည့်နေတာလဲ

လွတ်လပ်ရေး ရပြီးကတည်းက ကက်ရှ်မီးယားပြည်နယ်ဟာ အိန္ဒိယနဲ့ ပါကစ္စတန် အကြား အထိမခံတဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ အိန္ဒိယနဲ့ ပါကစ္စတန်က ဇုန်သတ်မှတ် အုပ်ချုပ်နေသလို တရုတ်ကလည်း မြေနေရာ တစ်စုကို ထိန်းချုပ်ထားပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်က အသေခံ တိုက်ခိုက်မှု တစ်ခုအတွင်း အိန္ဒိယ စစ်သား ၄၀ ကျော် သေဆုံးခဲ့တဲ့အတွက် လိုက်လံ ပစ်ခတ် နှိမ်နင်းမှုတွေ ဖြစ်ခဲ့အပြီး အိန္ဒိယ ပါကစ္စတန် ဆက်ဆံရေး ပြန်လည် ပြေလည်လာဖို့ မျှော်လင့်ချက် လမ်းစ ပျောက်သွားခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန် အခြေစိုက် လက်နက်ကိုင်အုပ်စုတွေရဲ့ လက်ချက် ဖြစ်တယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲ ပြစ်တင်ခဲ့ရာမှာ အိန္ဒိယနိုင်ငံတွင်းက မြို့တချို့မှာ ပါကစ္စတန် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ကက်ရှ်မီးယား ပြည်နယ်က ကျောင်းသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်

အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ပြည်နယ်ဘက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရက်ပိုင်းက မိုဘိုင်း ဆက်သွယ်မှုတွေ ပြတ်တောက်သွားခဲ့ပါတယ်။

ပါကစ္စတန် အစိုးရကတော့ ဒီတိုက်ခိုက်မှုတွေက သူတို့နဲ့ မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။

Image caption အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ် တို့ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ပြည်နယ်

အိန္ဒိယရော ပါကစ္စတန်ပါ နျူကလီးယား အင်အားကြီး နိုင်ငံတွေ ဖြစ်ပြီး ဒီနိုင်ငံတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုအသစ်တွေ ထပ်ဖြစ်လာတာဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။

ကက်ရှ်မီးယား ပြည်နယ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံအကြား ပဋိပက္ခရဲ့ ဒဏ်ကို အများဆုံး ခံရတာက ကက်ရှ်မီးယား ဒေသခံတွေ ဖြစ်ပါတယ်။

အဲဒီမှာ ၁၉၄၇ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်တွေမှာ နှစ်ကြိမ် စစ်ဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ဘက်နဲ့ အရပ်သားတွေအပေါ် အကြိမ်ပေါင်း မရေတွက်နိုင်လောက်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားလာခဲ့ပါတယ်။

အဲဒီရဲ့ ရလဒ်အဖြစ် အခုအခါ ကက်ရှ်မီးယား ပြည်နယ်မှာ စီးပွားရေး ယိုင်နဲ့နေပြီး အလုပ်လက်မဲ့ဦးရေ မြင့်တက်နေမှု၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကြုံနေရတယ်လို့ ကက်ရှ်မီးယားအရေး ကျွမ်းကျင်သူ ဗြိတိသျှ ပါလီမန် အမတ် လော့ဒ် နဇီယာ အာမက် ကပြောပါတယ်။ ကက်ရှ်မီးယား ပြည်နယ်ဟာ အကြမ်းဖက် လှုပ်ရှားမှုတွေ အခြေခံ ပေါက်ဖွားရာ နေရာတခု ဖြစ်လာနေပြီလို့လည်း ဆိုပါတယ်။

ကက်ရှ်မီးယား ပဋိပက္ခကို လျစ်လျူရှုထားတာဟာ အဲဒီအနားမှာ ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံ အခြေစိုက်IS အစ္စလာမစ်နိုင်ငံ အဖွဲ့နဲ့ တာလီဘန် အဖွဲ့တို့လို အုပ်စုတွေကို စောင့်ကြည့်စစ်ဆေးဖို့ ပိုခက်ခဲ လာစေမယ်လို့ လော့ဒ် နဇီယာ အာမက် လိုပဲ တခြား ကျွမ်းကျင်သူတွေကလည်း ယူဆနေကြပါတယ်။

ဒီဒေသကို ဘယ်သူ အုပ်ချုပ်နေတာလဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပဋိပက္ခတွေ ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားနေတာကြောင့် ကက်ရှ်မီးယား ပြည်နယ်ရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်ခဲ့

အဓိက ဟိန္ဒူ ဘာသာဝင် အိန္ဒိယလူမျိုးတွေနဲ့ မွတ်ဆလင် အများစု ပါကစ္စတန် လူမျိုးတွေအကြား နိုင်ငံခွဲခြား သတ်မှတ်လိုက်တဲ့ ၁၉၄၇ ခုနှစ် ဗြိတိသျှ အုပ်ချုပ်မှု အဆုံးမသတ်ခင် ကတည်းက ကက်ရှ်မီးယားပြည်နယ်ကို အကြီးအကျယ် သူပိုင်ကိုယ်ပိုင် အငြင်းပွားနေခဲ့ကြတာ ဖြစ်ပါတယ်။

ကက်ရှ်မီးယားပြည်နယ်ကို အုပ်ချုပ်တဲ့ မဟာရာဇာ စော်ဘွားက အိန္ဒိယနဲ့ ပေါင်းရမလား၊ ပါကစ္စတန်နဲ့ ပေါင်းရမလားဆိုတာ ဆုံးဖြတ်ဖို့ သိပ်စိတ်မပါခဲ့ဘဲ လူထုဆန္ဒနဲ့ မဲခွဲဆုံးဖြတ်တာမျိုးလည်း လုံးဝ မလုပ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အိန္ဒိယနဲ့ ပေါင်းဖို့ ရွေးလိုက်တဲ့အခါ အိန္ဒိယ ပါကစ္စတန်အကြား ၂ နှစ်ကြာ ပိုင်နက်နယ်မြေ လုတဲ့ စစ်ပွဲကြီး ဖြစ်ခဲ့ရပါတယ်။

အဲဒီနောက် အပစ်ရပ် သဘောတူချက်တစ်ခု ရခဲ့အပြီးမှာ ပါကစ္စတန်အစိုးရက သူ့တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ကက်ရှ်မီးယားကို နှစ်ပိုင်း ခွဲခဲ့ပါတယ်။

အခုလို အိန္ဒိယနဲ့ ပါကစ္စတန်အကြား အဆင်မပြေ ဖြစ်နေချိန်မှာပဲ တရုတ်ကလည်း ကက်ရှ်မီးယား အရှေ့ပိုင်းက အက်ခ်ဆိုင် ချင် လို့ အများသိကြတဲ့ ဒေသတခုကို တဖြည်းဖြည်းနဲ့ ၁၉၅၀ ပြည့်လွန် နှစ်ပိုင်းလောက်မှာ သိမ်းပိုက်လိုက်ပါတယ်။

၁၉၆၅ ခုနှစ်မှာ အိန္ဒိယ ပါကစ္စတန် အကြား ဒုတိယအကြိမ် စစ်ပွဲ ဖြစ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်ပိုင်းနဲ့ ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းအတွင်းမှာလည်း အိန္ဒိယ အုပ်ချုပ်မှုကို မကျေနပ်ရာကနေ လက်နက်ကိုင် ပုန်ကန်ထကြွမှု တခု ဖြစ်ခဲ့သလို လူထု ဆန္ဒပြမှုတွေနဲ့ ပါကစ္စတန် အစိုးရ ထောက်ခံတဲ့ လက်နက်ကိုင်အုပ်စုတွေ တိုးပွားပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အိန္ဒိယ အစိုးရက ပါကစ္စတန် အစိုးရထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နှစ်နိုင်ငံစလုံးအနေနဲ့ သူတို့ကိုယ်သူတို့ နျူကလီးယား အင်အားကြီးနိုင်ငံတွေအဖြစ် ထုတ်ဖော် ကြေညာထားခဲ့ကြပါတယ်။

တိုက်ပွဲတွေ စဖြစ်ကတည်းက လူထောင်သောင်းချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကက်ရှ်မီးယား ဒေသခံတွေရဲ့ ဆန္ဒက ဘယ်လို ရှိသလဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ဆယ်စုနှစ်တွေအတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်

ကက်ရှ်မီးယား လူထုရဲ့ သဘောထားကို ထည့်သွင်း စဉ်စားဖို့ လူထု ဆန္ဒခံယူပွဲ တခု လုပ်ဖို့ လိုတယ်ဆိုပြီး ကုလသမဂ္ဂက ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက ပြောခဲ့ပါတယ်။

ဒီအကြံပြုချက်ကို အိန္ဒိယက ကနဦးက ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယအုပ်ချုပ်တဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ် ရွေးကောက်ပွဲတွေမှာ အိန္ဒိယနဲ့ ပူးပေါင်းဖို့ လူထုက ထောက်ခံမဲ ထည့်ခဲ့ကြပြီး ဖြစ်တဲ့အတွက် လူထုဆန္ဒခံယူပွဲ လုပ်ဖို့ မလိုတော့ဘူးလို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

ပါကစ္စတန်အစိုးရကတော့ ဒါကို သဘောမတူ ကန့်ကွက်နေပြီး ကက်ရှ်မီးယားမှာ နေထိုင်နေတဲ့ လူအတော်များများဟာ အိန္ဒိယ အစိုးရ အုပ်ချုပ်တာကို မလိုချင်ဘဲ လွတ်လပ်ရေး ဒါမှမဟုတ် ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ကိုသာ လိုလားတယ်လို့ ဆိုပါတယ်။

အိန္ဒိယ အုပ်ချုပ်တဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်မှာ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်ဟာ မွတ်ဆလင်တွေ ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်းမှာ မွတ်ဆလင် အများစု နေထိုင်တဲ့ တခုတည်းသော ပြည်နယ် ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ