လူမှုကွန်ရက်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ရုရှားစစ်သားတွေကို စမတ်ဖုန်း မသုံးဖို့ အစိုးရပိတ်ပင်

ရုရှား၊ စမာ့တ်ဖုန်း၊ စစ်မှုထမ်း ဓာတ်ပုံ မူပိုင် Tass/Getty
Image caption တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းတွေ ဆယ်လ်ဖီ ဓာတ်ပုံ၊ ဗီဒီယို ရိုက်တာမျိုး လုပ်ခွင့်ရှိမှာ မဟုတ်တော့

ရုရှားနိုင်ငံမှာ စစ်မှုထမ်းနေသူတွေ လူမှုကွန်ရက် အသုံးပြုမှုကြောင့် နိုင်ငံတော် လုံခြုံရေး ပြဿနာ ရှိလာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် စစ်သားတွေ တာဝန် ထမ်းဆောင်နေချိန် စမတ်ဖုန်း သုံးခွင့် ပိတ်ပင်ဖို့ ရုရှား ပါလီမန်က မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဥပဒေကြမ်းအရ စစ်မှုထမ်းတွေအနေနဲ့ ဖုန်းတွေ သုံးပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်တာမျိုး၊ အင်တာနက် သုံးတာမျိုးကို တားမြစ် ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် စစ်သားတွေအနေနဲ့ စစ်တပ်အကြောင်း ရေးသား ဖော်ပြတာမျိုး၊ သတင်းထောက်တွေကို ပြောတာမျိုးတွေလည်း လုပ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

ဒီဥပဒေကြမ်းကို အင်္ဂါနေ့တုန်းက ရုရှား ဒူးမား အောက်လွှတ်တော်မှာ အမတ်ဦးရေ ၄၅၀ ထဲက ၄၀၀ ကျော်လောက်က ထောက်ခံမဲပေး မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။

ဖုန်းခေါ်ရုံ၊ မက်ဆေ့ဂျ်ပို့ရုံ သက်သက်သာ သုံးနိုင်တဲ့ မိုဘိုင်းဖုန်းတွေကိုတော့ ဆက်သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေသစ်အရ တက်ဘလက်နဲ့ လက်ပ်တော့ပ်တွေကိုလည်း အသုံးပြုခွင့် ရှိမှာ မဟုတ်ပါဘူး။

ရုရှား စစ်သားတွေရဲ့ လူမှုကွန်ရက် အချက်အလက်တွေကို Bellingcat လို သတင်းပညာ ဆိုက်မျိုးတွေမှာ ရယူနိုင်ပြီး ရုရှားစစ်တပ်ရဲ့ လျှို့ဝှက် စစ်ရေး လှုပ်ရှားမှုတွေကို ချက်ချင်း ဆိုသလို သိနိုင်ပါတယ်။

ဒီဥပဒေကြမ်းကို အခုအခါ ဖယ်ဒေရေးရှင်း ကောင်စီ အထက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပြီး အဲဒီနောက်မှာ သမ္မတ ဗလာဒီမီယာ ပူတင်က ဥပဒေ အတည်ပြု လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

ဘာ့ကြောင့် ဒီလို ပိတ်ပင်ရတာလဲ

ရုရှား စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေကို နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့တွေ မရယူနိုင်အောင် ကာကွယ်ဖို့ ဒီဥပဒေ ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ရုရှား အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

လတ်တလော နှစ်ပိုင်းတွေအတွင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စစ်မှုထမ်းတွေ တင်တဲ့ ပို့စ်တွေအရ ယူကရိန်း အရှေ့ပိုင်းနဲ့ ဆီးရီးယားမှာ ရုရှားတပ်ဖွဲ့တွေ တပ်စွဲထားတာကို သိနိုင်ပြီး အဲဒီမှာ ရုရှား တပ်တွေ မရှိပါဘူး ဆိုတဲ့ ရုရှား အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ တခါတလေ ကွဲလွဲနေတတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Tass/Getty Images
Image caption ရုရှား စစ်သားတွေ လူမှုကွန်ရက် အသုံးပြုမှုကြောင့် စစ်ရေး အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်နေ

၂၀၁၇ ခုနှစ်ကစလို့ ရုရှား စစ်သားတွေကို ဆယ်လ်ဖီ ဓါတ်ပုံရိုက် တင်တာမျိုးလို အွန်လိုင်းမှာ သတင်းအချက်အလက် မျှဝေတာမျိုး မလုပ်ကြဖို့ သတိပေးထားပါတယ်။

နိုင်ငံ လုံခြုံရေးကြောင့် စစ်မှုထမ်းတွေကို ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ကန့်သတ်ဖို့ လုပ်တာ ရုရှားနိုင်ငံက ပထမဆုံးတော့ မဟုတ်ပါဘူး။

တိုက်ပွဲတွေ ဖြစ်နေချိန် အမေရိကန် တပ်ဖွဲ့တွေ စခန်းချရာ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန် အပါအဝင် နေရာတွေက စစ်လေ့ကျင့်ရေး လမ်းကြောင်းတွေကို ကျန်းမာရေး အချက်အလက် စောင့်ကြည့် စုဆောင်းတဲ့ ကုမ္ပဏီတစ်ခုက ဖော်ပြခဲ့အပြီးမှာ အမေရိကန် စစ်တပ်တွင်းမှာ လုံခြုံရေး စိုးရိမ်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

အမေရိကန် စစ်သားတွေကို လူမှုကွန်ရက် အသုံးပြုခွင့် ပြုထားဆဲ ဖြစ်ပေမယ့် လမ်းညွှန်ချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ညွှန်ကြားထားပါတယ်။