၃ ကြိမ်တိုင်တိုင် ကြိုးကွင်း စွပ်ခံခဲ့ရခါနီးတိုင်း သေတွင်းက လွတ်ခဲ့တဲ့ ဖိုးကံကောင်း

ကြိုးမိန့်၊ သေဒဏ်၊ မာလဝီ
Image caption သေဘေးကနေ ၃ ကြိမ် လွတ်ခဲ့သူ

မာလာဝီနိုင်ငံမှာ သေဒဏ် ကျခံထားရတဲ့ ဘိုင်ဆန် ကော်လာ ဆိုသူဟာ ကြိုးကွင်းစွပ် ခံရလုနီးပါး ၃ ကြိမ် ကြုံခဲ့ပါတယ်။ ဒါပေမယ့် ကြိုးကွင်းစွပ်မယ့်သူက တခြား အကျဉ်းသားတွေကို ဒေါက်ဖြုတ် စီရင်ခဲ့ပေမယ့် သူ့အလှည့် ရောက်တဲ့အချိန်မှာ အလုပ်နားလိုက်တဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး ၃ ကြိမ်စလုံး ကြိုးကွင်းစွပ် မခံလိုက်ရပါဘူး။ အခုအခါ မာလာဝီနိုင်ငံမှာ သေဒဏ်ပေး ကွပ်မျက် စီရင်တာကို အစိုးရက ရပ်တန့်လိုက်တဲ့အတွက် ဘိုင်ဆန် ကော်လာ တစ်ယောက် သေဘေးကနေ လွတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

လူသတ်မှုနဲ့ သူသေဒဏ် ကျခံခဲ့ရတာဟာ သူ့အပေါ် မနာလိုတဲ့ ခြံနီးချင်းတွေကြောင့်လို့ ဘိုင်ဆန် ကော်လာ က ပြောပါတယ်။ သူ့အမှု ဖြစ်ခဲ့တဲ့ ၁၉၉၂ ခုနှစ်တုန်းက လူသတ်မှု ဆိုရင် သေဒဏ် မဖြစ်မနေ ပေးလေ့ ရှိပါတယ်။

မာလာဝီနိုင်ငံ တောင်ပိုင်းက ရွာငယ်လေး တစ်ခုမှာ မွေးဖွား ကြီးပြင်းလာတဲ့ ဘိုင်ဆန် ကော်လာ ဟာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က ဂက်စ် ဓာတ်ငွေ့ လုပ်ငန်းတစ်ခုမှာ လုပ်ရင်း ငွေအတော်အသင့် စုမိခဲ့တဲ့အတွက် ဇာတိမြေ ပြန်လာပြီး စိုက်ပျိုးရေး ခြံတစ်ခု ဝယ်ခဲ့ပါတယ်။ အလုပ်သမား ၅ ယောက် ခန့်ထားပြီး သစ်သီးတွေ၊ ဂျုံ၊ ပြောင်း၊ ပီလောပီနံနဲ့ သစ်သီးတွေ စိုက်ခဲ့ပါတယ်။

"အဲဒီအချိန်မှာ ကံဆိုးမိုးမှောင် စကျတော့တာပဲ" လို့ သူက ပြောပါတယ်။

သူ့အလုပ်သမား တစ်ဦးကို ခြံနီးချင်းတွေက ဝိုင်းထိုးကြိတ်ခဲ့လို့ အကြီးအကျယ် ဒဏ်ရာ ရခဲ့တယ်လို့ ဘိုင်ဆန် ကော်လာက ပြန်ပြောပြပါတယ်။ အကူမပါဘဲ လမ်းမလျှောက်နိုင်တော့တဲ့ အဲဒီအလုပ်သမားကို ဘိုင်ဆန် ကော်လာက အိမ်သာဆီ ကူတွဲပေးလေ့ ရှိပါတယ်။ တနေ့မှာ မိုးအကြီးအကျယ် ရွာလို့ ဘိုင်ဆန် ချော်လဲကျခဲ့ရာမှာ သူတွဲလာတဲ့ အလုပ်သမားကို လက်ကလွတ်သွားခဲ့ပါတယ်။ ဆေးရုံရောက်ပြီး မကြာခင် အဲဒီ အလုပ်သမား သေဆုံးသွားတဲ့အတွက် ဘိုင်ဆန် ကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့တာပါ။

တရားရုံးမှာ ခြံနီးချင်းတွေက တရားလိုဘက်ကနေ သက်သေထွက်ဆိုခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ဘိုင်ဆန်ဟာ အသက် ၄၀ ကျော်လောက်သာ ရှိပါသေးတယ်။ သူ့ကို စီရင်ချက် ချချိန်မှာ တရားရုံး နောက်ဘက်မှာ ထိုင်နေတဲ့ သူ့မိခင် လူစီက မကြားလိုက်လို့ ဘာပြောသွားသလဲလို့ ထပ်မေးခဲ့ပါတယ်။ သေဒဏ် ချလိုက်ပြီ လို့ ကြားရတော့ မျက်ရည်တွေ အိုင်ထွန်း ကျခဲ့ရတယ်လို့ လူစီက ပြန်ပြောပြပါတယ်။

Image caption ဘိုင်ဆန် ကော်လာရဲ့ မိခင် လူစီ

အဲဒီအချိန်ဟာ မာလာဝီနိုင်ငံကို ၁၉၆၄ ခုနှစ်ကတည်းက ထိန်းချုပ် အုပ်စိုးလာတဲ့ အာဏာရှင် သမ္မတ ဟေစတင် ဘန်ဒါ အစိုးရ ဆုံးခန်းတိုင်ခါနီး အချိန် ဖြစ်ပါတယ်။ ကြိုးကွင်းစွပ်မယ့် နေရာနားမှာ သူ့အလှည့် စောင့်နေရတဲ့ ကြောက်စရာ အချိန်ကို ခုချိန်ထိ ကွက်ကွက်ကွင်းကွင်း ပြန်သတိရနေသေးတယ်လို့ ဘိုင်ဆန်က ပြောပြပါတယ်။

ကြိုးကွင်း အစွပ်ခံဖို့ ကြိုးတိုက်မှာ စောင့်နေဖို့ သူ့ကို ပြောတဲ့အချိန်မှာတော့ သေလူ တစ်ယောက်လိုပဲ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကာလတုန်းက ကြိုးကွင်းစွပ်တဲ့သူက တစ်ဦးပဲ ရှိပါတယ်။ သူက တောင်အာဖရိက လူမျိုးဖြစ်ပြီး အာဖရိကဒေသတွင်းက နိုင်ငံ အတော်များများ လှည့်လည်ပြီး သေဒဏ်ကျသူတွေကို ကြိုးဒဏ်စီရင်ပေးတဲ့ အလုပ်ကို လုပ်နေတာပါ။ နှစ်လ တစ်ခါလောက် မာလာဝီနိုင်ငံကို သူလာလေ့ ရှိပါတယ်။

တစ်နေ့မှာ ကြိုးစင်ပေါ် တက်ရမယ့် လူ ၂၁ ဦးရဲ့ အမည်စာရင်းထဲမှာ သူ့နာမည် ပါတယ်လို့ လာပြောပါတယ်။ နေ့လယ် တစ်နာရီမှာ ကြိုးကွင်း စစွပ်မယ်။ ဘုရားတရားသာ အာရုံပြုနေပေတော့ လို့ ထောင်စောင့်က ပြောသွားပါတယ်။

တစ်ယောက်ပြီး တစ်ယောက် ကြိုးကွင်းစွပ် ကွပ်မျက်ခဲ့တာ ၃ နာရီ ထိုးတော့ ကြိုးကွင်းစွပ်သူက အဲဒီနေ့အတွက် အလုပ်သိမ်းသွားပါတယ်။ ဘိုင်ဆန် အပါအဝင် နောက်ဆုံး အကျဉ်းသား ၃ ဦးကတော့ ကျန်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်စောင့် ခဲ့ရပါတယ်။

ကြိုးစင်မှာ ကြိုးကွင်းစွပ်တဲ့ အလုပ်ကို အဲဒီလူ တစ်ဦးကပဲ လုပ်တာပါ။ သူက "အရမ်းပင်ပန်းသွားပြီ။ နောက်လကျမှ ပြန်လာခဲ့မယ်" ဆိုပြီး အဲဒီနေ့က ပြောသွားပါတယ် လို့ ဘိုင်ဆန်က ပြန်ပြောပြပါတယ်။

အဲဒီလိုမျိုး နောက်ထပ် နှစ်ကြိမ် ထပ်ဖြစ်ခဲ့တယ်လို့ ဘိုင်ဆန်က ပြောပါတယ်။ စာရင်းထဲမှာ နာမည် ပါပေမယ့် သူ့အလှည့် မရောက်ခင် ကြိုးကွင်းစွပ်တဲ့ လူက အလုပ်သိမ်းသွားခဲ့ပြီး ကျန်ခဲ့တဲ့ သူတွေထဲမှာ သူပါနေခဲ့တာ ဖြစ်ပါတယ်။ တတိယ အခေါက်မှာတော့ စာရင်းထဲ ပါတဲ့ သူတွေအားလုံး အသတ်ခံခဲ့ရပြီး သူတစ်ယောက်ပဲ ကျန်ခဲ့တာပါ။

သူ့ကို ကံကောင်းသူလို့ ပြောလို့ ရပေမယ့် သူ့ကြုံရတဲ့ အတွေ့အကြုံတွေကြောင့် စိတ်ဆင်းရဲလွန်းလို့ နှစ်ကြိမ်လောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ဖူးပါတယ်။ ဒါပေမယ့် အသက်မသေခဲ့ပါဘူး။

Image caption ဘိုင်ဆန်နဲ့ မိခင် လူစီ

၁၉၉၄ ခုနှစ်မှာ မာလာဝီနိုင်ငံမှာ ပါတီပေါင်းစုံ ဒီမိုကရေစီ အစိုးရ တက်လာအပြီး သေဒဏ် စီရင်ကွပ်မျက်မှုတွေ အားလုံး ရပ်ဆိုင်းလိုက်ပါတယ်။ ဒီကနေ့ အချိန်ထိ သေဒဏ် စီရင်ချက်ကို ချမှတ်ဆဲ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ဘယ်သမ္မတ ကမှ သေဒဏ် စီရင်ချက်ကို လက်မှတ်ထိုး ခွင့်ပြုတာမျိုး မရှိခဲ့ပါဘူး။ အကျဉ်းသားတွေအနေနဲ့ သေဒဏ်ကို နှစ်ရှည်လများ ကျခံရတာမျိုး၊ ဒါမှမဟုတ် သေဒဏ်ကနေ တစ်သက်တစ်ကျွန်း ပြောင်းလဲ ချမှတ်တာမျိုးတွေပဲ ရှိပါတယ်။

ဘိုင်ဆန်ကို သေဒဏ် ချမှတ်ထားရာကနေ ဇွမ်ဘာ ဗဟို အကျဉ်းထောင်ဆီ ရွှေ့ပြောင်း ချထားလိုက်တဲ့ အချိန်တုန်းက သူ့ဘဝကို ထောင်ထဲမှာပဲ ကုန်ဆုံးရတော့မယ်လို့ ယူဆခဲ့တာပါ။ အဲဒီကစလို့ ဘိုင်ဆန်ဟာ အကျဉ်းထောင် ပညာပေး အစီအစဉ်တွေမှာ ပညာသင်ယူတဲ့ အပိုင်းမှာရော၊ ပြန်သင်ကြား ပို့ချတဲ့ အပိုင်းမှာပါ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။ သူပြန်လွတ်လာမယ်လို့တော့ မျှော်လင့်ချက် မထားခဲ့ပါဘူး။

ဘိုင်ဆန် အကျဉ်းကျ ခံနေရတာ ၂၅ နှစ်လောက် ရှိလာခဲ့အပြီး ၂၀၀၇ ခုနှစ် ရောက်တဲ့အခါမှာတော့ သမိုင်းဝင် အဖြစ်အပျက်တစ်ခုကြောင့် အခြေအနေတွေ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။

မယားပါသားကို သတ်ခဲ့တယ်လို့ ထွက်ဆိုထားပြီး ယာယီ စိတ်ဖောက်ပြန်နေသူ ဆိုတဲ့ ဆေးသမား တစ်ဦးက လူသတ်မှုအတွက် သူ့ကို သေဒဏ် မဖြစ်မနေ ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ တရားရုံးမှာ အယူခံ ဝင်ခဲ့ပါတယ်။ ဒါဟာ မျှတတဲ့ တရားစီရင် ခံရခွင့်၊ သိက္ခာချတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကနေ ကာကွယ်ခွင့် ဆိုတဲ့ အချက်တွေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒီအချက် နှစ်ချက်စလုံးကို မာလာဝီ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အတိအလင်း ဖော်ပြထားတယ် ဆိုပြီး အဲဒီလူက လျှောက်လဲခဲ့ရာမှာ တရားရုံးက လက်ခံ သဘောတူခဲ့ပါတယ်။ လူသတ်မှု တချို့မှာတော့ ကျူးလွန်သူဟာ တခြားလူတွေထက် ပို အပြစ်ရှိတဲ့အတွက် သူတို့ကို ကွဲပြားတဲ့ ပြစ်ဒဏ်မျိုး ပေးသင့်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအတွက် သေဒဏ် အပြစ်ပေးထားတဲ့ အမှုတွေ အားလုံးကို ပြန်စစ်ဆေးခဲ့ရာမှာ အကျဉ်းသား ၁၇၀ နီးပါးရဲ့ အမှုတွေကို ပြန်စစ်ဆေးရဖို့ ရှိနေပြီး လောလောဆယ် ၁၃၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ Reprieve လို့ခေါ်တဲ့ ဥပဒေကြောင်း ဆိုင်ရာ ပရဟိတ အဖွဲ့ရဲ့ အဆိုအရ အကျဉ်းသား အတော်များများဟာ စိတ်ဝေဒနာ ခံစားနေရတာမျိုး ဒါမှမဟုတ် အသိဉာဏ် ချို့ယွင်းတာမျိုးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အမှု ပြန်စစ်ရမယ့် အကျဉ်းသားတွေမှာ တဝက်ကျော် လောက်ဟာ ရုံးတင် စစ်ဆေးခဲ့တဲ့ မှတ်တမ်း မရှိကြဘဲ သူတို့ဘာ့ကြောင့် ထောင်ထဲ ရောက်နေသလဲ ဆိုတာ အသေအချာ မသိရပါဘူး။

သူ့ကို တရားရုံးမှာ ပြန်ကြားနာ စစ်ဆေးမယ်လို့ ရှေ့နေတွေက ပြောတုန်းက ဘိုင်ဆန်က သူ့ရဲ့ အရင် တရားရုံး အတွေ့အကြုံကြောင့် အစပိုင်းမှာ ငြင်းပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်း သဘောတူခဲ့ပါတယ်။ သူ့ကို ချက်ချင်း ထောင်က လွှတ်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ချိန်မှာ သူ ကြက်သေသေသွားခဲ့ပါတယ်။

"တရားရုံးမှာ တရားခံတွေကို ထားတဲ့ ဝက်ခြံလေးထဲကနေ ထွက်နိုင်ပြီလို့ ထောင်ဝါဒါက လာပြောတဲ့အချိန်မှာ ကျွန်တော် မတ်တပ်တောင် မရပ်နိုင်ခဲ့ပါဘူး။ တကိုယ်လုံး တုန်ရီ ချည့်နဲ့နေပါတယ်။ အိပ်မက် မက်နေသလိုပါပဲ။ တရားသူကြီး ပြောသွားတာကို မယုံနိုင်လောက်အောင်ပါပဲ" လို့ ဘိုင်ဆန်က ပြန်ပြောပြပါတယ်။

သေဒဏ် ချခံရတဲ့အတွက် ဘဝတစ်ခုလုံး ပြောင်းလဲသွားတာ ဘိုင်ဆန် တစ်ဦးတည်း မဟုတ်ပါဘူး။

သူ့မိခင် လူစီဟာ သူထောင်ထဲမှာ အကျဉ်းကျခံနေစဉ် တလျှောက်လုံး နှစ်တိုင်း သူ့ကို ထောင်ဝင်စာ လာတွေ့ခဲ့ပါတယ်။ ဂုံလျှော်ပင် စိုက်လို့ ရတဲ့ တစ်နှစ်စာ ဝင်ငွေကနေ စုဆောင်းပြီး ဇွမ်ဘာ အကျဉ်းထောင်ဆီ အရောက်လာလေ့ ရှိပါတယ်။ သူသယ်နိုင်သမျှ စားနပ်ရိက္ခာလေးတွေကို ဘိုင်ဆန့်အတွက် သယ်လာပေးခဲ့ပါတယ်။

ဘိုင်ဆန်ရဲ့ အမှုကို ပြန်ကြားနာ စစ်ဆေးပြီး စီရင်ချက်အသစ် ချတဲ့နေ့မှာ တရားရုံးမှာ သူ့မိခင် လူစီ မရှိခဲ့ပေမယ့် ဘိုင်ဆန်ရဲ့ ညီအငယ်ဆုံး ရှိနေခဲ့ပါတယ်။

သူ့ညီက အမေကို ဖုန်းဆက်ပြီး သတင်းကောင်းပြောတဲ့အချိန်မှာ လူစီတစ်ယောက် ချက်ချင်းတော့ မယုံနိုင် ဖြစ်သွားခဲ့ပါတယ်။ အတော်လေးကြာမှ ဝမ်းသာ အားရ ခုန်ပေါက်ပြီး ပျော်လိုက်တာလို့ ပြောခဲ့ပါတယ်။

ဘိုင်ဆန်ကို ကျွမ်းကျင်မှု ပညာရပ်သစ်တွေ သင်ပေးဖို့နဲ့ သာမန်ဘဝမှာ ပြန်ဝင်ဆန့်နိုင်ဖို့အတွက် ပြန်လည် ထူထောင်ရေး ကြားခံစခန်းတခုမှာ ထားထားခဲ့ပါတယ်။

အခုအခါ အသက် ၆၀ တွင်း ရောက်နေပြီ ဖြစ်တဲ့ ဘိုင်ဆန်ဟာ အဲဒီစခန်းမှာ ရောက်ဖူးသူတွေထဲမှာ အသက် အကြီးဆုံး ဖြစ်ပါတယ်။

သူ့လိုပဲ အလားတူ အတွေ့အကြုံမျိုး ခံစားနေရတဲ့ အကျဉ်းသားဟောင်းတွေကို အကြံဉာဏ် ပေးဖို့ အဲဒီနေရာကို သီတင်းပတ်ကုန် ရက်တိုင်း ဘိုင်ဆန် လုပ်အားသွားပေးလေ့ ရှိပါတယ်။

Image caption ဒီအုတ်ခဲတွေကို ဘာလုပ်မလဲ ဆိုတာ ဘိုင်ဆန် အစီအစဉ် ဆွဲထားပြီးဖြစ်ပါတယ်။

ဘိုင်ဆန်ရဲ့ စိုက်ပျိုးခြံက အခုအခါ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ပြည့်နေပါတယ်။ သူ့ထောင်ထဲမှာ နှစ်ရှည်လများ နေနေစဉ်အတွင်း သူ့ဇနီးသည်လည်း ဆုံးပါးသွားခဲ့ပါပြီ။ သူ့ကလေး ခြောက်ယောက်လည်း အရွယ်ရောက်ပြီး တခြားနေရာတွေဆီ ပြောင်းရွှေ့ကုန်ပါပြီ။

အခု သူ တစ်ယောက်တည်း နေနေပါတယ်။ ဒါပေမယ့် အသက် ၈၀ ပိုင်း ရောက်နေတဲ့ မိခင်ကြီးကိုတော့ ကောင်းကောင်း ကြည့်ရှု စောင့်ရှောက်ထားပါတယ်။

"ကျွန်တော် ထောင်ထဲမှာ ရှိနေစဉ် တလျှောက်လုံး ကျွန်တော့်မိခင်ကြီးအတွက်ပဲ စိတ်ပူခဲ့ရပါတယ်။ သားကြီး သြရသမို့ အမေ့အတွက် အတတ်နိုင်ဆုံး လုပ်သွားမှာပါ။ အခု ကျွန်တော် ပြန်ရောက်လာပြီ ဆိုတော့ အမေ့ကို ပင်ပင်ပန်းပန်း ဘာမှ မလုပ်ခိုင်းတော့ပါဘူး။ တခြားလူတွေကိုပဲ ခိုင်းခိုင်းပါတယ်။ ယာထဲလည်း သွားစရာ မလိုတော့ပါဘူး။ ကျွန်တော်ပဲ သွားပါတယ်" လို့ ဘိုင်ဆန်က ပြောပါတယ်။

သူ့ရဲ့ နောက်စီမံကိန်းကတော့ မိခင်ကြီးကို တိုက်အိမ် ဆောက်ပေးဖို့ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ