အက်စတိုးနီးယားမှာ ဝံပုလွေကို ခွေးထင်ပြီး ရေခဲပြင်က ကယ်ထုတ်

A grey wolf stares straight into the camera with a muzzle on its snout, lying on the floor of a vet's office ဓာတ်ပုံ မူပိုင် EUPA
Image caption တိရစ္ဆာန်ဆေးကုခန်းမှာ ကုသပေးရတဲ့ "ခွေး"

ကြင်နာတတ်တဲ့ အက်စတိုးနီးယား အလုပ်သမားတွေက ရေခဲနေတဲ့ မြစ်ထဲက ခွေးတကောင်ကို ကယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

သူတို့ခွေးလို့ ထင်ပြီး ဝံပုလွေရိုင်းမှန်းမသိဘဲ ကားထဲကို ထည့် တိရစ္ဆာန်ဆေးခန်းဆီ ခေါ်သွားခဲ့တာပါ။

ပါနူးမြစ်ပေါ်က ဆင်ဒီဆည်မှာ အလုပ်လုပ်နေတဲ့သူတွေက ရေခဲထဲမှာ တိရစ္ဆာန်တကောင် ပိတ်မိနေတာကို စသတိထားမိခဲ့ကြပါတယ်။

အအေးမိနေတဲ့ တိရစ္ဆာန်ကို ရေခဲတွေ ဖယ်ပြီးမှ ဆေးခန်းကို ခေါ်သွားတာ ဖြစ်ပါတယ်။

အဲဒီကျတော့မှ သူတို့ခေါ်လာတာ ဝံပုလွေမှန်း သိကြပါတယ်။

ဓာတ်ပုံ မူပိုင် EUPA
Image caption ရေခဲလုနီးပါးမြစ်ရေထဲက ဝံပုလွေကို ဆွဲထုတ်ခဲ့

ဆေးခန်းရောက်လာတဲ့အခါ ဝံပုလွေမှာ သွေးပေါင်ကျနေတယ်လို့ အက်စတိုးနီးယား တိရစ္ဆာန် ကာကွယ်ရေး သမဂ္ဂက ပြောပါတယ်။

ကမ်းပါးစောင်းမှာ ထမ်းခေါ်လာခဲ့ရတာ၊ ဒီကောင်က တော်တော်လေးတယ်လို့လည်း ကယ်လာသူတယောက်က အက်စတိုးနီးယား သတင်းစာတစောင်ကို ပြောပါတယ်။

"ငြိမ်ငြိမ်လေး ကျွန်တော့ခြေထောက်ပေါ် အိပ်လာတာ၊ ခြေထောက်ကြွကြည့်မှ သူ့ခေါင်းတချက်ထောင်ကြည့်တယ် "လို့လည်း ဆိုပါတယ်။

တိရစ္ဆာန်ဆရာဝန်တွေက ဒီခွေးကြီးကို ဘာကောင်မှန်း တွေးရခက်နေပါတယ်။ ဒေသထဲက ဝံပုလွေတွေအကြောင်း နားလည်တဲ့ မုဆိုးတယောက်က အတည်ပြုပေးမှ တနှစ်သားလောက်ရှိတဲ့ ဝံပုလွေထီး အငယ်လေးမှန်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် EUPA
Image caption "ငြိမ်ငြိမ်လေး ကျွန်တော့ခြေထောက်ပေါ် အိပ်လာတာ"

အဲဒီလို သေချာသိမှ ဆေးခန်းက လူတွေက ဝံပုလွေကို ဆေးကုပြီးပြီးချင်း လှောင်အိမ်ထဲ ထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နေကောင်းလာရင် မာန်ဖီ ရန်ပြုလာမှာ စိုးလို့ ဖြစ်ပါတယ်။

တိရစ္ဆာန် ကာကွယ်ရေး သမဂ္ဂက သူ့အတွက် ဆေးဖိုး ပေးပါတယ်။ အားလုံး ချောချောမောမော ပြီးသွားတာ ကံကောင်းတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EUPA

နေ့ချင်းပဲ ဝံပုလွေ ပြန်သက်သာလာပြီးနောက် သူ့လည်ပင်းမှာ သူဘယ်နားမှာရှိသလဲ ခြေရာခံနိုင်တဲ့ ကော်လာတပ်ပေးပြီး တောထဲကို ပြန်လွှတ်နိုင်ခဲ့ပါတယ်။

အက်စတိုးနီးယားမှာ ရာနဲ့ချီပြီး ဝံပုလွေတွေ ကျက်စားနေထိုင်ပါတယ်။ ဒီထဲက တချို့ကိုပဲ ခြေရာခံတဲ့ ကော်လာတပ်နိုင်ပါတယ်။ ဒီဝံပုလွေတွေက လူကိုကြောက်ပြီး ရှောင်လေ့ရှိပါတယ်။

မနှစ်ကပဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ စုဝေးပြီး ဝံပုလွေကို အက်စတိုးနီးယားရဲ့ အမျိုးသား တိရစ္ဆာန်အဖြစ် စာရင်းသွင်းခဲ့ပါတယ်။