အာသံမှာ အဆိပ်အတောက်ဖြစ်တဲ့ အရက်သောက်မိလို့ အနည်းဆုံး ၉၉ ယောက်သေ

လူ ၂၀ဝကျော် ဆေးရုံမှာ ကုသခံနေရပါတယ်။ ဓာတ်ပုံ မူပိုင် AFP
Image caption လူ ၂၀ဝကျော် ဆေးရုံမှာ ကုသခံနေရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ အရက်ပုန်းကို သောက်မိလို့ အနည်းဆုံး ၉၉ ယောက် သေဆုံးပြီး လူ ၂၀ဝကျော် ဆေးရုံမှာ ကုသခံနေရပါတယ်။

တရားမဝင်တဲ့ အရက်ကို သောက်မိလို့ ဂိုလာဟတ်ခရိုင်ထဲက လူ ၅၈ ဦးသေဆုံးသွားတယ်လို့ ခရိုင်က ရဲမှူး ပွတ်ရှ်ကာဆင်းက ဘီဘီစီကို ပြောပါတယ်။ တခြားသတင်းအရင်းမြစ်တွေအဆိုအရ ဂျော်ဟတ်ခရိုင်မှာ လူ ၁၂ ဦး သေဆုံးသွားပါတယ်။ သေဆုံးသူအရေအတွက်က ထပ်မြင့်တက်လာနိုင်တယ်လို့ ဒေသခံ သတင်းတွေက ဆိုပါတယ်။

ဒီလိုသေဆုံးပြီး ဆေးကုသခံနေရတဲ့ အထဲမှာ အမျိုးသမီးတချို့ ပါဝင်နေသလို အဆိပ်သင့်တဲ့သူတွေ အားလုံးဟာ ဂိုလာဟတ်နဲ့ ဂျော်ဟတ် ခရိုင်က လက်ဖက် စိုက်ခင်းမှာ အလုပ်လုပ်ကြတဲ့သူတွေလည်း ဖြစ်ပါ တယ်။

ဂိုလာဟတ် ခရိုင် ကျန်းမာရေးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ရာတူ ဘောဒိုလိုင်က လူတွေက ဆေးရုံကို ရောက်လာတဲ့အချိန်မှာ အန်နေကြပြီး ရင်ဘတ်တွေနာသလို တချို့ဆိုရင် အသက်တောင် မရှူနိုင်တဲ့ အခြေအနေ ရောက်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူအရေအတွက်က ထပ်မြင့်တက်လာနိုင်တယ်လို့ ဒေသခံ သတင်းတွေက ဆိုပါတယ်။

အဆိပ်အတောက်မိတဲ့ အရက်ကို သောက်မိလို့ ဂိုလာဟတ်ဆေးရုံမှာ ဆေးကုသခံနေတဲ့ အလုပ်သမား တဦးက လီတာ တဝက်နီးပါးရှိတဲ့ အရက်ကို အစာမစားခင်သောက်လိုက်တယ်လို့ ပြောပါတယ်။

သောက်စမှာ အားလုံးက ပုံမှန်အတိုင်းဖြစ်နေပေမယ့် အချိန်အနည်းငယ်ကြာပြီးတဲ့နောက် ခေါင်းစကိုက်လာပြီး နောက်ဆုံး မအိပ်နိုင်မစားနိုင်တဲ့အထိ ခေါင်းကိုက်လာတယ်လို့ သူက ပြောပါတယ်။

ဒီလိုဖြစ်ပြီးတဲ့နောက် မသက်သာတဲ့အပြင် ရင်ဘတ်အောင့်လာလို့ ဇနီးဖြစ်သူက လက်ဖက်စိုက်ခင်း အနီးမှာ ရှိတဲ့ ဆေးရုံကို ခေါ်ဆောင်လာရာမှာ ဆေးရုံက ခရိုင် ဆေးရုံကို သွားရောက်ဖို့ လွှဲပေးလိုက်တာလို့ ဆိုပါ တယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကမ္ဘာပေါ်မှာ တောင်အာဖရိက နိုင်ငံဟာ အရက် သောက်သုံးမှု အများဆုံး ရှိတာကို တွေ့ရ

ဒီလိုသေဆုံးတာတွေကို စစ်ဆေးဖို့ စုံစမ်းရေး ကော်မရှင်လည်း ဖွဲ့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အရက်ရောင်းတဲ့ သူတဦးကို ဖမ်းဆီးထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အရက်ရောင်းတာနဲ့ ပတ်သက်ပြီး အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ အရာရှိတချို့ကိုလည်း တာဝန်က ရပ်ဆိုင်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ဈေးပေါတဲ့ တရားမဝင် ချက်လုပ်တဲ့ အရက်တွေကို သောက်သုံးပြီး မကြာခဏဆိုသလို လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တာပရာဒတ်ချ်နဲ့ ဥတ္တရာခန်း ပြည်နယ်မှာ အဆိပ်သင့်တဲ့ အရက်ကို သောက်မိလို့ လူ ၁၀ဝ ကျော်သေဆုံးခဲ့ပါတယ်။