ရဲကပစ်သတ်တဲ့ ဘင်္ဂလားဒေ့ရှ် လေယာဉ်'အပိုင်စီးသမား' အရုပ်သေနတ်သယ်လာခဲ့

Bangladesh plane ဓာတ်ပုံ မူပိုင် AFP
Image caption ဒူဘိုင်းသွားတဲ့ လေယာဉ်အမှုထမ်းနဲ့ ခရီးသည်တွေအားလုံး လေယာဉ်ပေါ်က ဆင်းရ

ဘင်္ဂလားဒေ့ရှ်မှာ လေယာဉ် ဝန်ထမ်းတဦးကို ဓားစာခံ လုပ်ပြီး လေယာဉ် ခေါင်းခန်းထဲ ဝင်စီးဖို့ ခြိမ်းခြောက်တဲ့ ခရီးသည်ဟာ အရုပ်သေနတ်ကိုသာ သယ်လာတာ ဖြစ်ပါတယ်။

အဲဒီ လူဟာ ကလေး ကစားစရာ ပစ္စတို ကိုင်ပြီး ဘိုးအင်း ၇၃၇ လေယာဉ် ကို အပိုင်စီးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒါကာကနေ ဒူဘိုင်းကို သွားမယ့် ဘီမန်း လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ လေယာဉ်မှူးကို အဲဒီလူက အတင်းအကျပ် စေခိုင်းတဲ့ အတွက် စစ်တကောင်းမှာ အရေးပေါ် ဆင်းသက် ခဲ့ရပါတယ်။

လေယာဉ် အရေးပေါ်ဆင်းပြီးနောက် ၂၅ နှစ်အရွယ် အပိုင်စီးသူကို ရဲက ပစ်သတ်ခဲ့ပါတယ်။

လေယာဉ်ပေါ်ပါသူ ခရီးသည် ၁၄၈ ယောက်နဲ့ ဘီမန်း လေကြောင်းလိုင်းက ဝန်ထမ်းတွေ အားလုံး စစ်တကောင်းမှာ လုံခြုံ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

အဲဒီလူဟာ စိတ်မတည်ငြိမ်သူ ဖြစ်ပြီး သူ့ဇနီးသည်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ပြဿနာ ရှိပုံရတယ်၊ ဝန်ကြီးချုပ်နဲ့ စကားပြောလိုပုံရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

၁ဝ မိနစ်လောက်ပဲ ကြာတဲ့ စစ်ဆင်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ့တွေ လေယာဉ်ကို ဝင်စီးပြီး အပိုင်စီးသူလို့ မသင်္ကာသူကို ပစ်သတ်ခဲ့ပါတယ်။ သူ့နာမည်ဟာ မိုဟာမက် ပလက်ရှ် အာမက်လို့ ရဲက ပြောပါတယ်။

ဒူဘိုင်းသွားတဲ့ လေယာဉ်ပေါ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ သယ်လာတယ် ဆိုပြီး စိုးရိမ်ခဲ့ကြတာပါ။ ဒီလူမှာ သေနတ်ပါလာတာ တွေ့တယ်လို့လည်း ခရီးသည်တွေက ဆိုပါတယ်။

အာဏာပိုင် အရာရှိတွေက ဒီလူကို စစ်ဆေးတဲ့ အခါ ပေါက်ကွဲစေတဲ့ ပစ္စည်း တခုမှ မတွေ့ရဘဲ ကစားစရာ သေနတ်သာရခဲ့တယ်လို့ စစ်တကောင်း ရဲမင်းကြီး ခူဆမ်ဒီဝန်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စစ်တကောင်း နိုင်ငံတကာလေဆိပ်က အစောင့်တပ်သားတွေ အသင့်တပ်လှန့်ထား

အာမက်ဟာ စစ်တကောင်းကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကို သူ့အိမ်ထောင်ရေး ပြဿနာအကြောင်း ပြောချင်တာ ဖြစ်တယ်လို လေဆိပ် မန်နေဂျာ ဆာဝါ ဇာမန်က ပြောပါတယ်။

" သူ့မိန်းမနဲ့ ပြဿနာတက်နေတာကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ ပြောချင်လို့ ပြန်ပေးဆွဲတာလို့ အကြောင်းပြတယ် "လို့ မစ္စတာ ဇာမန်က ဆိုပါတယ်။

အာမက် လေယာဉ်ပေါ်ကို အရုပ်သေနတ် ဘယ်လို ယူလာသလဲ ဆိုတာကို ဆက်ပြီး စုံစမ်းနေပါတယ်။

ဒီကိစ္စ အပြီး ဒါကာ လေဆိပ်အပါအဝင် ဘင်္ဂလားဒေ့ရှ် လေဆိပ်တွေမှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်လေဆိပ်တွေမှာ လုံခြုံရေး အဆင့်တိုးမြှင့်ချရ

သူ့ကို ပစ်ခတ်ဖမ်းရာမှာ ဒဏ်ရာရပြီး သေဆုံးတယ်လို့လည်း စစ်တပ်အရာရှိတွေက ပြောပါတယ်။

"သူ့ကို အမိဖမ်းဖို့၊ လက်နက်ချခိုင်းဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလူက ငြင်းဆန်နေလို့ ပစ်သတ်ခဲ့ရတယ် " လို့ ဗိုလ်မှူးချုပ် ရာမန်က စီးနင်းမှုပြီးပြီးချင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီလူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်ပြီး သူ့ဆီမှာ ပစ္စတို အတုကလွဲပြီး ဘာမှ မတွေ့ဘူး လို့လည်း ဆိုပါတယ်။

ဒီလူ ပုံစံ မသင်္ကာစရာတွေ တွေ့ရပြီး လေယာဉ် အပိုင်စီးမယ့် ပုံစံ ပေါက်လာလို့ လေယာဉ် အမှုထမ်းတွေ ပူပန်ခဲ့ကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

လေယာဉ် စစ်တကောင်းလေဆိပ်မှာ ဆင်းဆင်းချင်း အပိုင်စီးသူကို ဆက်သွယ်ဖို့ ကြိုးစားချိန်မှာပဲ လုံခြုံရေးတွေနဲ့ ပိတ်ဆို့ထားလိုက်ပါတယ်။

လူမှုကွန်ရက်တွေမှာတော့ ဘိုးအင်း ၇၃၇- ၈ဝဝ လေယာဉ်နောက်ခံနဲ့ လူအုပ်ကြီးကို တွေ့ရပါတယ်။