ဆုရသူတွေရဲ့ မျက်ရည်စနဲ့ အသက်ဝင်တဲ့ အော်စကာည

၉၁ ကြိမ်မြောက် အော်စကာဆုပေးအပ်တဲ့ အခမ်းအနား ဓာတ်ပုံ မူပိုင် Getty Images
Image caption ၉၁ ကြိမ်မြောက် အော်စကာဆုပေးအပ်တဲ့ အခမ်းအနား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့က ဒေါ်လ်ဘီ ပြဇာတ်ရုံမှာ ဖေဖော်ဝါရီ ၂၄ ရက်ညက အော်စကာ ဆုပေးပွဲ အခမ်းအနားကို တခမ်းတနား ကျင်းပခဲ့ပါတယ်။

ဆုချီးမြှင့်တဲ့ အခမ်းအနားကို ဖက်ရှင် ဒီဇိုင်းအမျိုးမျိုး ဝတ်ဆင်ထားတဲ့ မင်းသား မင်းသမီးတွေနဲ့ ရုပ်ရှင်လောကသားတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆုမပေးခင် အစောပိုင်းကတည်းက ဒီနှစ်အတွက် အော်စကာ ထူးချွန်ဆုကို ဘယ်သူ တွေရမလဲဆိုတာ မီဒီယာ၊ ရုပ်သံနဲ့ ရုပ်ရှင်ချစ်သူတွေအကြား ခန့်မှန်းမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ဒီနှစ်ဟာ ၉၁ ကြိမ်မြောက် အော်စကာဆုပေးအပ်တဲ့ အခမ်းအနားဖြစ်ပြီး ဒါဟာ ၂၀၁၈ ခုနှစ်က ရိုက်ကူး ပြသခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အော်စကာဆုပေးအပ်တဲ့ အခမ်းအနား ကျင်းပရာ Dolby ပြဇာတ်ရုံ

အော်စကာဆုကို ဘယ်သူတွေရသလဲ

ဒီနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆုကို ဒရာမာ ဇာတ်မြူး Green Book က ရရှိသွားပါတယ်။

ဒီရုပ်ရှင်ဟာ ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်း အာဖရိကနဲ့ အမေရိကန် ဂျပ်ဇ် စန္ဒယား သမား ဒွန်ရှယ်လီနဲ့ သူ့ရဲ့ ဒရိုင်ဘာနဲ့ သက်တော် စောင့်တို့ရဲ့ အမေရိကန် တောင်ပိုင်း ခရီးစဉ်ကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

မတူကွဲပြားပေမယ့် တဦးနဲ့တဦးအကြားက မေတ္တာတရားကို ပုံဖော်ထားတဲ့ ဇာတ်လမ်းလို့ ဒီရုပ်ရှင်ကို ဖန်တီးတဲ့ ဒါရိုက်တာက ပြောပါတယ်။

အကောင်းဆုံး ဇာတ်ကားဆုမရပေမယ့် Bohemian Rhapsody ဇာတ်ကားကတော့ ဒီနှစ်မှာ အော်စကာ ထူးချွန်ဆု လေးဆုအထိ ရတဲ့ ဇာတ်ကား အဖြစ် စာရင်းဝင်သွားပါ တယ်။

ဒီရုပ်ရှင်ဟာ ဗြိတိန် ရောခ့် တီးဝိုင်း Queen အဖွဲ့ရဲ့ ပင်တိုင် အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ အကြောင်း အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးထားတာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အော်စကာ ဆုပေးပွဲက အလွဲအမှား

မင်းသားနဲ့ မင်းသမီး အော်စကာဆု

ဒီဇာတ်ကားမှာ မင်းသားအဖြစ် သရုပ်ဆောင်တဲ့ ရမ်မီမာလက်ခ်က အကောင်းဆုံး မင်းသားဆုကို ရသွားပါတယ်။

ဆုယူအပြီးမှာ မင်းသား ရမ်မီမာလက်ခ်က သူပါဝင် သရုပ်ဆောင်တဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဇာတ်ကားအပေါ် ဝေဖန်မှုတွေကို လက်ခံတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အကောင်းဆုံး မင်းသားဆုရ ရမ်မီမာလက်ခ်

ဆုရတဲ့ မင်းသား ရမ်မီမာလက်ခ် ဆုယူအပြီး စင်ပေါ်ကနေ ပြုတ်ကျခဲ့လို့ ဆေးဘက် ဆိုင်ရာ အဖွဲ့တွေက အကူအညီပေးခဲ့ရတာကလည်း ဒီနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲရဲ့ အမှတ်ရစရာ တခု ဖြစ်ခဲ့ပါတယ်။

အကောင်းဆုံး မင်းသမီးဆုကိုတော့ The Favourite ဇာတ်ကားမှာ အန်းဘုရင်မ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗြိတိန် မင်းသမီး အိုလီဗီယာ ကိုးမန်းက ရရှိသွားပါ တယ်။

အများစုက အမေရိကန် မင်းသမီး ဂလင်း ကလိုစ့် ရမယ်လို့ ခန့်မှန်းခဲ့ ပေမယ့် မင်းသမီး ကိုးမန်းရသွားတာဖြစ်ပါတယ်။

Image caption အကောင်းဆုံး မင်းသမီးဆုရ အိုလီဗီယာ ကိုးမန်း

ဒီဆုကို ကြေညာပြီး နာမည်ခေါ်လိုက်တဲ့အချိန်မှာ မင်းသမီး ကိုးမန်းက အံအားတသင့် ဖြစ်သွားခဲ့ပြီး အော်စကာဆုကို ရသင့်တာ သူလေးစား နှစ်သက်ရတဲ့ မင်းသမီး ဂလင်းကလိုစ့် အတွက် ဖြစ်ရမှာဖြစ်တာကြောင့် တောင်းပန်ပါတယ်လို့ စင်ပေါ်ကနေ မျက်ရည်စတွေနဲ့ သူက ပြောပါတယ်။

မင်းသမီးကိုးမန်းဟာ ၂၀ဝ၉ ခုနှစ် အော်စကာဆုရခဲ့တဲ့ ဗြိတိန် မင်းသမီး ကိတ်ဝင်း စလက်နောက်ပိုင်း ပထမဆုံး အော်စကာ ပြန်ရတဲ့ ဗြိတိန် မင်းသမီးလည်း ဖြစ်ပါ တယ်။

ဒီနှစ်မှာတော့ Queen ဘုရင်မအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး ကိုးမန်းနဲ့ Queen တီးဝိုင်းအဖွဲ့ခေါင်းဆောင် အဆိုတော်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား ရမ်မီမာလက်ခ်တို့ ရသွားတာကြောင့် ကွင်းဇာတ်ရုပ်ကို သရုပ်ဆောင်တဲ့သူတွေ သရဖူဆောင်းတဲ့ နှစ်လို့လည်း တင်စား ပြောဆိုမှုတွေ ရှိနေပါတယ်။

တခြား အော်စကာ ထူးချွန်ဆု

ဓာတ်ပုံ မူပိုင် AFP/Reuter
Image caption ဇာတ်ပို့ မင်းသား မင်းသမီးဆု

တခါ ဇာတ်ပို့ မင်းသားဆုကို Green Book က သရုပ်ဆောင် မဟာရှာလာ အလီနဲ့ ဇာတ်ပို့မင်းသမီးဆုကို If Beale Street Could Talk ဇာတ်ကားက Regina King တို့ ရရှိခဲ့ပါတယ်။

ဒါရိုက်တာဆုကိုတော့ မက္ကဆီကို ရုပ်ရှင် ဖန်တီးသူ အယ်လ်ဖွန်ဆို ကွာရောင်းက Roma ဇာတ်ကားနဲ့ ရရှိသွားပါတယ်။

ဒါ့အပြင် လေဒီဂါဂါကလည်း Shallow သီချင်းနဲ့ အကောင်းဆုံး ကိုယ်ပိုင်သီချင်းဆု၊ Spiderman:Into the Spider-Verse က ကာတွန်းရုပ်ရှင်ဆုတွေ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AMPAS/GETTY IMAGES
Image caption အကောင်းဆုံး ကိုယ်ပိုင်သီချင်းဆုရလေဒီဂါဂါ

ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းတိုဆုကို အိန္ဒိယနိုင်ငံက Period ဇာတ်ကားက ရရှိ သွားပါတယ်။

အိန္ဒိယ ကျေးလက်တောရွာတွေမှာ အမျိုးသမီးတွေ ရာသီသွေးပေါ်တဲ့အခါ ကဲ့ရဲ့ ပြစ်တင်တဲ့ အလေ့အထကို ဖြေရှင်းထားတဲ့ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။

ဆုရရှိသူတွေရဲ့ မျက်ရည်စတွေနဲ့ အော်စကာဆုပေးပွဲညဟာ သက်ဝင်လှပခဲ့ပါတယ်။