ဗင်နီဇွဲလားရဲ့ ရေနံတွေကို ဘယ်သူတွေ ဝယ်နေလဲ။

ဗင်နီဇွဲလား အလံကိုင်ပြီး ဆန္ဒပြနေသူတစ်ဦး ဓာတ်ပုံ မူပိုင် AFP
Image caption ဗင်နီဇွဲလားက ဆန္ဒပြသူတစ်ဦး

သမ္မတ နီကိုလပ်စ မဒူရို ရာထူးက ဆင်းပေးရအောင်ဆိုပြီး အမေရိကန်က ဗင်နီဇွဲလားရဲ့ အဓိက ဝင်ငွေရှာပေးရာ ရေနံလုပ်ငန်းကို တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။

ဗင်နီဇွဲလားရဲ့ ပြည်ပပို့ကုန် ဝင်ငွေစုစုပေါင်းလောက်နီးပါးဟာ ရေနံလုပ်ငန်းက ရတာပါ။

အဓိက ဝယ်နေခဲ့သူက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး သူ့နောက်မှာ အိန္ဒိယနဲ့ တရုတ်တို့ ရှိကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ ရေနံထုတ်လုပ်မှုတွေကျဆင်းလာပြီး တိုင်းပြည်ရဲ့ စီးပွားရေးလည်း အကြီးအကျယ် ဆုတ်ယုတ်ကျဆင်း သွားခဲ့ပါတယ်။

သမ္မတ မဒူရိုအစိုးရအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာတဲ့အခါမှာ ဘယ်လို အကျို့း သက်ရောက်မှုတွေ ဖြစ်ခဲ့ပြီး လက်ရှိမှာ ဗင်နီဇွဲလားဆီက ဘယ်နိုင်ငံတွေက ရေနံတွေ ဆက်ဝယ်ယူနေပါသလဲ။

ဘယ်လို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါသလဲ

အမေရိကန် ကုမ္ပဏီတွေ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံ ကုမ္ပဏီ PDVSA နဲ့ ဆက်သွယ်လုပ်ကိုင်မှုတွေကို တားမြစ်ထားပြီး၊ အဲဒီ ကုမ္ပဏီရဲ့ အမေရိကန်နိုင်ငံအတွင်းမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း လွှဲပြောင်းရယူခွင့် ပိတ်ထားပါတယ်။

ဒီလို အရေးယူမှုတွေကြောင့် အမေရိကန်ပြည်တွင်းကို ဗင်နီဇွဲလားက ရေနံတွေ လုံးဝ သွင်းမရတော့တာတော့ မဟုတ်ပါဘူး၊ အဲဒီ ရေနံရောင်းချမှုအတွက် ပေးချေရတဲ့ ငွေတွေကိုတော့ နိုင်ငံပိုင် ရေနံကုမ္ပဏီ ထုတ်ယူလို့ မရတဲ့ ဘဏ်စာရင်းတွေထဲ သွင်းပေးရတာ ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူမှုတွေကြောင့် ဗင်နီဇွဲလား နိုင်ငံတွင်းမှာ ရေနံတွေ သန့်စင်ချက်လုပ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကိုတော့ ဝယ်ဖို့ အခက်အခဲ ဖြစ်သွားစေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗင်နီဇွဲလား နိုင်ငံတွင်းက ရေနံတွင်း တစ်ခုမှာ ရေနံ နမူနာတွေ စမ်းသပ်နေပုံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အကူအညီတွေ လက်မခံရင် ဗင်နီဇွဲလားမှာ ဘာဆက်ဖြစ်မလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗင်နီဇွဲလား စင်ပြိုင်သမ္မတကို ကန် အသိအမှတ်ပြု

ဗင်နီဇွဲလားက ထွက်တဲ့ ရေနံစိမ်းတွေဟာ တွင်းက ထွက်စမှာ အစိုင်အခဲပုံစံမျိုးနဲ့ ထွက်လာတာ ဖြစ်လို့ ပိုက်လိုင်းတွေနဲ့ တင်ပို့လို့ ချက်ခြင်းမရ ပါဘူး။

အဲဒီ ရေနံစိမ်းတွေကို ပျော်သွားအောင်လုပ်ဖို့ အတွက် naphtha လို ဓာတုပစ္စည်း လိုပါတယ်။ ရေနံစိမ်းတွေကို ပျော်သွားအောင် လုပ်ပြီးမှ နိုင်ငံခြားကို တင်ပို့လို့ ရမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုမှာ သူတို့ နိုင်ငံက ကုမ္ပဏီတွေ ဗင်နီဇွဲလားကို ရေနံချက်တဲ့ ဓာတုပစ္စည်းတွေ မရောင်းချရေးလည်း ပါဝင်ပါတယ်။

သူတို့ရဲ့ ရေနံလုပ်ငန်း ဆက်လည်ပတ်နိုင်ဖို့ ဆိုရင် ဗင်နီဇွဲလားအတွက် အဲဒီလို ဓာတုပစ္စည်းတွေကို တင်သွင်းရဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအထိတော့ အဲဒီ ဓာတုပစ္စည်း အများစုကို အမေရိကန်နိုင်ငံဆီကနေ သွင်းယူနေခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတကာဆက်ဆံရေးကောင်စီ ပညာရှင်များအဖွဲ့က လက်တင်အမေရိကလေ့လာရေးဌာန သုတေသီ ရှန်နွန်အိုနီးလ်က ပြောပါတယ်။

အခုတော့ ဗင်နီဇွဲလားအတွက် လိုနေတဲ့ ဓာတုပစ္စည်းတွေကို ရုရှား ကုမ္ပဏီ Rosneft က ရောင်းချပေးနေတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

ဗင်နီဇွဲလား ရေနံတွေ ဘယ်ရောက်သွားလဲ။

အခုလောလောဆယ် ဗင်နီဇွဲလား ကမ်းလွန်ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ ရေနံတင်သင်္ဘောတွေပေါ်မှာ ရေနံစိမ်းစည်ပေါင်း ၁၀ သန်းလောက် တင်ထားတယ်လို့ ရေနံလို ကုန်ပစ္စည်းတွေရဲ့ အရောင်းအဝယ် အသွားအလာကို စောင့်ကြည့်နေတဲ့ Kpler အဖွဲ့က ပြောပါတယ်။

ပထမတုန်းကတော့ ဒီ ရေနံတွေဟာ အမေရိကန်ကို တင်ပို့ဖို့ပါ။ ဆန်ရှင် ပိတ်ဆို့မှုတွေ အသက်ဝင်လာတော့ ဆက်မသွားနိုင်တော့ပဲ သင်္ဘောတွေ ရပ်တန့်နေခဲ့ရတာပါ။ ဗင်နီဇွဲလား အစိုးရကတော့ ဒီရေနံတွေကို ဝယ်မယ့် သူ အသစ် လိုက်ရှာနေပြီး အိန္ဒိယကို ပို့နေတဲ့ ပမာဏကို လက်ရှိထက် နှစ်ဆတိုးချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ အိန္ဒိယကို တင်ပို့တဲ့ ရေနံပမာဏဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းတိုးလာတာ တွေ့ရပေမယ့် ပြောပလောက်အောင် အများကြီးတော့ မဟုတ်ဘူးလို့ ရေနံစိမ်းတင်ပို့ရောင်းဝယ်မှုတွေကို လေ့လာသုတေသနပြုတဲ့ အဖွဲ့ Kpler က ဆာမာအာမက်က ပြောပါတယ်။တရုတ်ကို ပို့နေတဲ့ ပမာဏကလည်း သိပ်အားရစရာ မရှိပဲ တကယ်တန်းဆို ဗင်နီဇွဲလားပြည်တွင်းမှာ ရေနံအထွက်ကျနေတာနဲ့ ဆက်စပ်ပြီး တရုတ်က ဝယ်ယူတဲ့ ပမာဏတောင် လိုက်ကျဆင်းနေတာ တွေ့ရပါတယ်။

အာရှ စျေးကွက်ကို ရေနံတွေပိုပြီး တင်ပို့ဖို့ ဆိုတာမှာလည်း ခရီးတာ ဝေးတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်တွေ ပိုကုန်ကျနိုင်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံက ဆိပ်ကမ်းတွေကလည်း သိပ်အဆင့်မြင့်တာ မဟုတ်လို့ ခရီးဝေးသွားနိုင်မယ့် ရေနံတင် သင်္ဘောတွေ ဆိုက်ကပ် တင်ဆောင်နိုင်တဲ့ အခြေအနေမရှိပါဘူး။

အိန္ဒိယကို တင်ပို့နေရတဲ့ ရေနံတွေကိုလည်း လျှော့စျေးနဲ့ ရောင်းနေရတာ ဖြစ်တယ်လို့ Rystad Energy အဖွဲ့က ရေနံစျေးကွက် သုတေသီ ပေါ်လာ ရော်ဒရီဂက် မာဆီယူက ပြောပါတယ်။ အကြောင်းကတော့ ရေနံစိမ်းရဲ့ အရည်အသွေးကြောင့်ရယ်၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ရေနံတွေနဲ့ အပြိုင်ရောင်းနေရလို့ ဖြစ်တယ်လို့ သူက သုံးသပ်ပြပါတယ်။

ဒါပေမယ့် ဗင်နီဇွဲလားမှာ ထွက်တဲ့ ရေနံစိမ်းမျိုးကို အလိုရှိနေတဲ့ စျေးကွက်ကြီးလည်း ရှိနေပါတယ်။

အီရန်က ရေနံတင်ပို့မှုကို ပိတ်ဆို့အရေးယူခံထားရတာရယ်၊ ကနေဒါ၊ မက္ကဆီကိုနဲ့ အိုပက်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရေနံထုတ်လုပ်မှုတွေကလည်း လျော့ကျလာနေတဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရေနံစိမ်းလိုအပ်ချက်တွေကတော့ ရှိနေပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့လည်း ပြည်တွင်းမှာ ဒီဇယ်နဲ့ လေယာဉ်ဆီထုတ်လုပ်ရာမှာ လိုအပ်တဲ့ ရေနံစိမ်းတွေ ဆက်လိုအပ်နေတဲ့အတွက် အဲဒီရေနံစိမ်းရနိုင်မယ့် လမ်းကြောင်း အသစ်တွေကို ဆက်ရှာဖွေနေကြပါတယ်။

ဗင်နီဇွဲလား နိုင်ငံရေး အကျပ်အတည်းဟာ အမေရိကန်အတွက် ရေနံစိမ်းတွေကို ပိုပြီး စျေးကြီးကြီးပေးပြီး ဝယ်သုံးနေရတဲ့ အခြေအနေဖြစ်သွားစေတယ်လို့ မစ္စရော်ဒရီဂက် မာဆီယူက ပြောပါတယ်။အဲဒီအခြေအနေဟာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရပြီး အရေးပေါ်ဝင်ငွေရဖို့ ရေနံဝယ်မယ့် ဖောက်သည်အသစ်တွေ၊ စျေးကွက် အသစ်တွေ အပူတပြင်း ရှာနေရတဲ့ ဗင်နီဇွဲလားအတွက်လည်း ကောင်းမွန်တဲ့ အနေအထား မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။