မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ထိပ်သီးပွဲ အတွက် ဗီယက်နမ်ရောက်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်-ဗီယက်နမ် နယ်စပ်က ဘူတာရုံကို ဆိုက်ရောက်လာတဲ့ ခေါင်းဆောင်ကင်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်မယ့် ဗီယက်နမ်နိုင်ငံကို တရုတ်နိုင်ငံကတဆင့် ရထားနဲ့ ရောက်ရှိလာပါပြီ။

သမိုင်းဝင် အဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတဲ့ ၂၀၁၈ ခုနှစ် ဇွန်လ စင်္ကာပူ ထိပ်သီးပွဲအပြီးမှာ အခု ဒုတိယအကြိမ်မြောက် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ဒီအပတ်ထဲမှာ ကျင်းပနိုင်တော့မှာပါ။

မစ္စတာကင်ရဲ့ စိမ်းဝါရောင် ရထားဟာ တရုတ်-ဗီယက်နမ် နယ်စပ်မြို့ ဒွန်ဒန်း (Dong Dang) ဘူတာရုံကို ဖေဖော်ဝါရီလ ၂၆ ရက် အင်္ဂါနေ့ အစောပိုင်းမှာ ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒီကတဆင့် မစ္စတာကင်နဲ့အဖွဲ့ဟာ ကားနဲ့ ခရီးဆက်ခဲ့ပြီး အင်္ဂါ နေ့လယ်ပိုင်းမှာတော့ ဟနွိုင်းမြို့တော်ကို ရောက်ရှိခဲ့ပါတယ်။

ဒွန်ဒန်း ဘူတာရုံမှာတော့ သူ့ကို အခမ်းအနား အစောင့်အရှောက်တွေနဲ့ ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့သလို လူအုပ်ကလည်း အလံတွေ ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား အလံတပ်ဆင်ထားတဲ့ မာစီးဒီးကားဟာ အင်္ဂါနေ့ခင်းပိုင်းမှာ ဟနွိုင်းကိုဝင်လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်ဂျုံအွန်းနဲ့ ထပ်တွေ့မယ်လို့ သမ္မတ ထရမ့် ပြော

မစ္စတာကင်နဲ့ အဖွဲ့ ရထားပေါ်က ဆင်းပြီး အသင့် စောင့်ဆိုင်းနေတဲ့ ကားဆီ လမ်းလျှောက် သွားနေချိန်မှာ လုံခြုံရေး အစောင့်တွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ ဓာတ်ပုံဆရာတွေနဲ့ ရှုပ်ယှက်ခတ် သွားခဲ့ပါတယ်။

မစ္စတာကင်ဟာ သူ့ကို နှုတ်ဆက်နေတဲ့ လူအုပ်ရှေ့မှာ ခေတ္တ ကားရပ်နားစေပြီး ကားပြတင်းပေါက် အပြင်ကို လက်ထုတ်ကာ လူအုပ်ကို နှုတ်ဆက်ခဲ့ပါသေးတယ်။

ခေါင်းဆောင်ကင်နဲ့ အတူ တွဲလျက် အမြဲ မြင်တွေ့ရလေ့ရှိတဲ့ အနက်ရောင် ကုတ်အင်္ကျီ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ သူ့ရဲ့ လုံခြုံရေး အစောင့်တွေဟာ ဘူတာရုံ မှာ အသင့်စောင့်နေပြီး မစ္စတာကင် ကားနဲ့ ခရီးဆက်ချိန်မှာ ကားဘေးကနေ ပြေးလျက် ဝန်းရံ လိုက်ပါသွားခဲ့ကြပါတယ်။

ဒီခရီးစဉ်မှာ ကင်ဂျုံအွန်းနဲ့ အတူ နှမဖြစ်သူ ကင်ယိုဂျုံ (Kim Yo-jong) နဲ့ အဓိက ဆွေးနွေးညှိနှိုင်းသူ တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ကင်ယောင်ချို (Kim Yong-chol) တို့လည်း လိုက်ပါလာတယ်လို့ ယူဆရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အလံဝှေ့ယမ်း၊ အနီရောင် ကော်ဇောခင်း ကြိုဆိုခဲ့ကြ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမိုင်းတလျှောက် အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး

ဗီယက်နမ်ကို လာဖို့ ရထားလမ်းခရီးကို ဘာကြောင့် ရွေးခဲ့လဲ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဟာ ဗီယက်နမ်ခရီးကို ရထားနဲ့ လာဖို့ ဆုံးဖြတ်ခဲ့တာ အတွက် အများက အံ့အားတသင့်တော့ မဖြစ်ခဲ့ကြပါဘူး။ ကင်ဂျုံအွန်းရဲ့ ဖခင်ဖြစ်သူ အရင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် လက်ထက်တုန်းကလည်း ဗီယက်နမ် အပြင် အရှေ့ ဥရောပ နိုင်ငံတွေ အထိကို ရထားနဲ့ ခရီးထွက်ခဲ့ဖူးပါတယ်။ ဒါဟာ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အထိမ်းအမှတ် သင်္ကေတ ပြုမှု လုပ်ရပ် တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အစိမ်းနဲ့အဝါရောင်ဆေးခြယ်ထားတဲ့ သီးသန့်ရထားနဲ့ မစ္စတာကင်ဟာ ခရီးထွက်လေ့ရှိ

မစ္စတာကင်ရဲ့ အခုခရီးစဉ်မှာတော့ ပြုံယမ်းမြို့တော်ကနေ ဗီယက်နမ်ကို ရောက်ဖို့ ၂ ရက် ကျော် ကြာခဲ့ပြီး ၂၄၈၅ မိုင် (၄၀၀၀ ကီလိုမီတာ) ခရီး နှင်ခဲ့ရပါတယ်။ တကယ်လို့များ မစ္စတာကင်သာ လေယာဉ်ခရီးစဉ်ရွေးချယ်ခဲ့ရင် ဗီယက်နမ်ကို ရောက်ဖို့က နာရီပိုင်းပဲ ကြာမှာပါ။

မစ္စတာကင်ရဲ့ ရထား တရုတ်ပြည်ကို ဖြတ်ချိန် လမ်းခရီး တလျှောက်က ကားလမ်းနဲ့ ရထားဘူတာရုံတွေကို ပိတ်ခဲ့ရပါတယ်။ လမ်းတွေပိတ်လို့ ယာဉ်ကြောပိတ်ဆို့တာနဲ့ ရထားခရီးစဉ်တွေ နှောင့်နှေးခဲ့ရတာကို တရုတ် လူမှုကွန်ရက်ပေါ်မှာလည်း လူအများက ရေးသားခဲ့ကြပါတယ်။

ဗီယက်နမ်ဘက်ခြမ်းက ဒွန်ဒန်းဘူတာရုံကိုလည်းအင်္ဂါနေ့ နံနက်ပိုင်း ခေါင်းဆောင်ကင်ရဲ့ ရထားမဆိုက်ခင်မှာ အများပြည်သူ အသုံးပြုခွင့် ပိတ်ထားခဲ့ပါတယ်။ ခေါင်းဆောင်ကင်ဟာ နယ်စပ်မြို့ ဘူတာရုံကနေ ၁၀၅ မိုင် (၁၇၀ ကီလိုမီတာ) လောက် ဝေးတဲ့ ဟနွိုင်းမြို့တော်ကို ကားနဲ့ ခရီးဆက်ခဲ့တာပါ။

မစ္စတာကင်ရဲ့ ကိုယ်ပိုင်သီးသန့် စိမ်းဝါရောင် ရထားဟာ ကျည်ဆန်ကာ ရထားတွဲ ၂၁ တွဲ ပါပြီး အဆင့်မြင့် ပြင်ဆင်ထားတဲ့ ဇိမ်ခံ ရထားကြီး ဖြစ်ပါတယ်။ ရထားပေါ်မှာ တန်ဖိုးကြီး ပန်းနုရောင် ဆိုဖာသရေထိုင်ခုံတွေနဲ့ အစည်းအဝေးခန်းတွေလည်း ထည့်သွင်းထားလို့ ခေါင်းဆောင်ကင်အတွက် ခရီးစဉ် တလျှောက် သက်သောင့်သက်သာ ရှိမယ့် အနေအထား ဖြစ်ပါတယ်။

Image caption ဖြစ်နိုင်ဖွယ် ရှိတဲ့ ကင်ဂျုံအွန်းရဲ့ ရထားခရီး လမ်းကြောင်း

ထရမ့်နဲ့ကင် ဗီယက်နမ်မှာ ဘာလုပ်ကြမလဲ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဗီယက်နမ်ကို အင်္ဂါနေ့ နှောင်းပိုင်း မှာ ရောက်ရှိပါမယ်။ သူတို့ နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်တွေက နောက်ဆုံး အချိန်ရောက်မှ သတ်သတ်မှတ်မှတ် ရှင်းရှင်းလင်းလင်း ရှိလာပါတယ်။

မစ္စတာထရမ့်နဲ့ မစ္စတာကင်ဟာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) ညနေပိုင်းမှာ နှစ်ယောက်ချင်း သီးသန့် ခေတ္တ ခဏ တွေ့ဆုံမှာ ဖြစ်ပြီး အဲဒီနောက် ညစာ အတူ စားကြမယ်လို့ အမေရိကန်သမ္မတ ရုံး အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ ဆာရာဆန်းဒါးစ်က ပြောပါတယ်။ ညစာစားပွဲမှာတော့ ခေါင်းဆောင် နှစ်ဦးရဲ့ အကြံပေးတွေလည်း ပါဝင်မယ် ဆိုပါတယ်။ ကြာသပတေးနေ့မှာတော့ ခေါင်းဆောင် နှစ်ဦးဟာ နှစ်ဖက် အပြန်အလှန် အစည်းအဝေးတွေ ကျင်းပကြပါမယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုလည်း ဟနွိုင်းမြို့ကို ဒီနေ့ အင်္ဂါနေ့မှာ ကြိုတင် ရောက်ရှိပြီး ဖြစ်ပါတယ်။