ဂျော့ချ်ပဲလ် - သြစတြေးလျက ကာဒီနယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, EPA
လိင်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဆိုခံရတဲ့ ကတ်သလစ် ဘာသာရေး ခေါင်းဆောင်တွေထဲမှာ အဆင့်မြင့်ဆုံး ရာထူးရှိသူ ဖြစ်
သြစတြေးလျနိုင်ငံက ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ် ဂျော့ချ်ပဲလ်ကို လိင်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ လိင်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဆိုခံရတဲ့ ကတ်သလစ် ဘာသာရေး ခေါင်းဆောင်တွေထဲမှာ အဆင့်မြင့်ဆုံး ရာထူးရှိသူ ဖြစ်သွားခဲ့ပါတယ်။
၁၉၉၆ ခုနှစ်တုန်းက မဲလ်ဘုန်းမြို့ ကတ်သလစ် ကက်သီဒြယ်ကျောင်းတော်ရဲ့ အခန်းတွေထဲမှာ ကာဒီနယ်ပဲလ်က ဘုရားသီချင်း သံပြိုင်သီဆိုသူ ယောကျ်ားလေး နှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာကို ခုံသမာဓိ ဂျူရီအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကာဒီနယ်ပဲလ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။
အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ချမှတ်ခဲ့တာ ဖြစ်ပေမယ့် ဥပဒေကြောင်းများအရ အခု အချိန်ကျမှ အများပြည်သူကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခု အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ အမှုတွေ အတွက် ပြစ်ဒဏ်ဘယ်လောက် ချခံရမလဲ ဆိုတာကို ဗုဒ္ဓဟူးနေ့မှာ ကာဒီနယ်ဟာ ကြားနာရဖို့ ရှိပါတယ်။ ကာဒီနယ်အနေနဲ့ အခု ဆုံးဖြတ်ချက်အတွက် အယူခံလွှာ တင်ပြီးလည်း ဖြစ်ပါတယ်။
လိင်အမြတ်ထုတ်စော်ကားမှု ဆိုတာဘာလဲ
ဓာတ်ပုံ ရင်းမြစ်, EPA
တရားရုံးက အထွက်မှာ ကာဒီနယ်ပဲလ်ကို မီဒီယာတွေ ဝိုင်းအုံခဲ့
ကက်သလစ် ဂိုဏ်းချုပ် ဗာတီကန်ရဲ့ ဘဏ္ဍာရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အသက် ၇၇ နှစ်အရွယ် ကာဒီနယ်ဟာ ဘုရားကျောင်းရဲ့ သြဇာအာဏာအရှိဆုံးသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ အမှုကို ၂၀၁၈ ခုနှစ်တုန်းက ၂ ကြိမ် ၂ ခါ စစ်ဆေးခဲ့ရပါတယ်။ ပထမအကြိမ်မှာတုန်းက ဂျူရီအဖွဲ့က အပြီးသတ် တရားစီရင်ချက် မချမှတ်နိုင်ခဲ့ပါဘူး။
ဒုတိယ ဂျူရီအဖွဲ့က ကြားနာစစ်ဆေးရာမှာတော့ အသက် ၁၆ နှစ်အောက် ကလေးငယ် တစ်ဦး အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ ကြောင်း ပြစ်မှု ထင်ရှားတယ် ဆိုပြီး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အသက် ၁၆ နှစ်အောက် ကလေးတစ်ဦး အပေါ် မလျော်မကန် ပြုမူကျင့်ကြံခဲ့တဲ့ အမှု ၄ မှုနဲ့ပါ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ပဲလ်ရဲ့အမှုကို မီဒီယာတွေက စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ အင်္ဂါနေ့ တရားရုံးက ပဲလ် ထွက်လာချိန်မှာလည်း သူ့ကို စောင့်ကြည့်ခဲ့ကြတဲ့ လူအများအပြား ရှိခဲ့ပါတယ်။
အိန္ဒိယက ကက်သလိတ် အသင်းတော် လိင်စော်ကားမှုတွေနဲ့ စွပ်စွဲ ခံရ
ဒီနှစ်ပိုင်းတွေထဲ ကမ္ဘာတဝန်းက ကတ်သလစ်ဘာသာဘုရားကျောင်းတွေမှာ ဘုန်းတော်ကြီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခဲ့တယ်ဆိုပြီး စွပ်စွဲ ပြောဆိုခံရတာတွေ ဆက်တိုက် ဖြစ်ပေါ် လာခဲ့ပြီး ဘုရားကျောင်းတော်က ဒါတွေကို ဖုံးကွယ်ပေးနေတယ်လို့လည်း စွပ်စွဲခံနေရပါတယ်။
ကက်သလစ် ခရစ်ယာန် သာသနာ ပိုင် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ကလည်း ဒီလို လိင်မှု အရှုပ်တော်ပုံတွေကို ဖြေရှင်းဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ၄ ရက်ကြာ ကတ်သလစ် ညီလာခံ ကျင်းပခဲ့ပါတယ်။ ဒီလို အချိန်မှာ ကာဒီနယ်ပဲလ်ရဲ့ အမှုက လူအများရဲ့ အာရုံစိုက်မှု အမြင့်မားဆုံး ဖြစ်စေခဲ့ပါတယ်။
လိင်စော်ကားမှုတွေကို မြန်မြန် ကိုင်တွယ်ခဲ့သင့်ကြောင်း မွန်ဘိုင်းက ကာဒီနယ် ပြော