ပါကစ္စတန် ထဲက စစ်သွေးကြွေ အခြေစိုက် စခန်းတွေ ဆိုပြီး အိန္ဒိယ လေကြောင်းတိုက်ခိုက်

ပါကစ္စတန် ဆန့်ကျင်ရေး ဆန္ဒပြမှု တွေ လုပ်ဆောင်မှုတွေလည်း ရှိ ဓာတ်ပုံ မူပိုင် Reuters
Image caption ပါကစ္စတန် ဆန့်ကျင်ရေး ဆန္ဒပြမှု တွေ လုပ်ဆောင်မှုတွေလည်း ရှိ

ကက်ရှ်မီးယား ဒေသ က ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ တွေရဲ့ စခန်း ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အိန္ဒိယ ဘက်က ပြောဆို ခဲ့ တာကြောင့် ပါကစ္စတန် နဲ့ တင်းမာ မှု တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ဘာလာကော့ဒ် ဒေသက ဂျိတ်ရှ် မိုဟာမက် စစ်သွေးကြွတွေ ရဲ့ လေ့ကျင့်ရေး စခန်း ကို ဦးတည်ပြီး လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင် ခဲ့ကြောင်း အိန္ဒိယ အစိုးရ ထိပ်တန်း ဝန်းကြီး တစ်ဦး က ပြောဆိုပါတယ်။

ဒီလို လေကြောင်း တိုက်ခိုက်မှု ကို တုန့်ပြန်တဲ့ အနေနဲ့ ပါကစ္စတန် ဘက်က တိုက်ခိုက်ရေး စစ်လေ ယာဉ် တွေကို အဲဒီဒေသ ကို စေလွှတ်ခဲ့တာကြောင့် တင်းမာမှုတွေက ပိုမို ဆိုးရွား နေတာ ဖြစ်ပါတယ်။

နျူကလီးယား ကိုယ်စီ ပိုင်ဆိုင် ထားတဲ့ နှစ်နိုင်ငံ ကြားမှာ ဖေဖော်ဝါရီ လ အစောပိုင်း တုန်း က အိန္ဒိယ ပိုင် ကက်ရှ်မီးယား ဒေသမှာ ပါကစ္စတန် အခြေစိုက် စစ်သွေး ကြွ တွေက ကားဗုံး ခွဲ တိုက်ခိုက်မှု တွေ လုပ်ခဲ့တာ ကြောင့် တင်းမာ မှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။

အဲဒီ တိုက်ခိုက်မှု အတွင်းမှာ စစ်ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး ခဲ့ရပြီး နောက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အိန္ဒိယ ဘက် က ပြောဆို ထားပါတယ်။

ကားဗုံးခွဲ တိုက်ခိုက်မှု ကို ပါကစ္စတန်မှာ အခြေချ လှုပ်ရှားနေတဲ့ စစ်သွေးကြွ အဖွဲ့ ဂျိတ်ရှ် မိုဟာမက် အဖွဲ့ က သူတို့ လုပ်ဆောင် ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ထာပါတယ်။

ဒါပေမယ့် ပါကစ္စတန် အနေနဲ့ အကြမ်းဖက် သမားတွေကို နိုင်ငံ အတွင်းမှာ လက်ခံ ထားပြီး တိုက်ခိုက်မှု ကို ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့ က စီစဉ် ခဲ့တာ ဖြစ်ကြောင်း အိန္ဒိယ စွပ်စွဲ ပြောကြားပါတယ်။ ဒါကိုတော့ ပါကစ္စတန် ဘက် က ငြင်းဆို ထားပါတယ်။

အိန္ဒိယ နိုင်ငံ ဘက် က လေကြောင်း တိုက်ခိုက်မှု တွေကို သူ့ ပိုင်နက် ကက်ရှ်မီးယားဒေသ ကနေ ပြီးတော့ ပါကစ္စတန် ထိန်းချုပ်ရာ နယ်မြေ ထဲ ကို ပစ်ခတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာလာကော့ဒ် ဒေသ ကို အိန္ဒိယ က လုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု ဟာ ၂ နိုင်ငံ စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၉၇၂ ခုနှစ် နောက်ပိုင်း ပထမဆုံး လေကြောင်း တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ဘာလာကော့ဒ် ဒေသ ဟာ ပါကစ္စတန် အနောက်မြောက်ပိုင်း က ခါဗျာ ပက်သွန်ခွာ ခရိုင်မှာ တည်ရှိပါတယ်။

လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ စစ်သွေးကြွ အတော်များများ သေဆုံး ခဲ့ပေမယ့် အရပ်သား တွေ ထိခိုက်မှု မရှိအောင် ရှောင်ရှား တိုက်ခိုက် နိုင်ခဲ့ တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဗီဂျေး ဂိုခဲလ် က သတင်းဌာနတွေ ကို ပြောဆို ပါတယ်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှု တွင်းမှာ ဂျိတ်ရှ် မိုဟာမက် စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင်လည်း သေဆုံး သွားခဲ့ ကြောင်း အိန္ဒိယ ဘက် က ထုတ်ဖော် ထားပါတယ်။

ဒါ့အပြင် ဂျိတ်ရှ် မိုဟာမက် အဖွဲ့ ဟာ အကြမ်း ဖက် တိုက်ခိုက်မှုတွေ ထပ်မံ လုပ်ဆောင် လာမယ် ဆိုတာ ကို အိန္ဒိယ အနေနဲ့ တိကျ ခိုင်မာ တဲ့ ထောက်လှမ်း ရေး သတင်းတွေ ရရှိထား တာကြောင့် လေကြောင်း တိုက်ခိုက်မှု ကို လုပ်ဆောင် ခဲ့တာ လို့လည်း နိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။

Image caption ကတ်ရှ်မီးယား မြေပုံ

ပါကစ္စတန် ဘက်ကတော့ အိန္ဒိယရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ ထိခိုက် သေဆုံးမှု တခုမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။ ပါကစ္စတန် စစ်တပ် ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ချုပ် အာဆစ် ဂါဖော က အိန္ဒိယ ရဲ့ စစ်လေ ယာဉ် တွေဟာ ကတိုက်ကရိုက် ပြန်မဆုတ် ခွာ သွားခင် လူသူ ကင်းမဲ့ တဲ့ နေရာ တွေမှာ တိုက်ခိုက်မှုတွေ လုပ်သွား ခဲ့တာလို့ ပြောဆို ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ကလည်း မဲဆွယ် စည်းရုံးမှု တွေ လုပ်ဆောင် ဖို့ ရာဂျက်စတန် ဒေသ ကို ရောက်ရှိနေပြီး အဲဒီ မှာ အကြမ်းဖက် တိုက်ခိုက် ခံရမှု ကြောင့် သေဆုံး သွားခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို ချီးကျူး ဂုဏ်ပြု ခဲ့ပေမယ့် လေကြောင်း တိုက်ခိုက်မှု အကြောင်း ကို တော့ ထုတ်ဖော် ပြောဆို ခဲ့ခြင်း မရှိပါဘူး။

ကက်ရှ်မီးယား ဒေသခံတွေ ကတော့ လေကြောင်း တိုက်ခိုက်မှု ကြောင့် ကြီးမား ပြင်းထန် တဲ့ ပေါက်ကွဲ သံတွေကို ကြားခဲ့ရကြောင်း ဘီဘီစီ ကို ပြောကြား ကြပါတယ်။

အစ္စလာမ် ဘာသာဝင် အများစု နေထိုင်တဲ့ ကက်ရှ်မီးယား ဒေသ ကို သူပိုင် ကိုယ် ပိုင် အဖြစ် အိန္ဒယ နဲ့ ပါကစ္စတန် ၂ နိုင်ငံလုံး က ပြောဆို နေကြတာပါ။ နောက်ပြီး အဲဒီက နယ်မြေ တွေကို ခွဲခြား ပြီး ထိန်းချုပ်မှုတွေ ကိုလည်း လုပ်ဆောင် နေပါတယ်။

၁၉၄၇ ခုနှစ်မှာ ဗြိတိသျှ ဆီကနေ လွတ်လပ်ရေး ရယူ ခဲ့ပြီးနောက် အိန္ဒိယ နဲ့ ပါကစ္စတန် နိုင်ငံကြား မှာ စစ်ပွဲ သုံးကြိမ် ဖြစ်ပွား ခဲ့ဖူးပြီး အဲဒီထဲမှာ တစ်ကြိမ်ကလွဲပြီး ကျန်တဲ့ စစ်ပွဲတွေက ကက်ရှ်မီးယား နယ်မြေ အငြင်းပွားမှုကြောင့် ဖြစ်ပွားခဲ့တာပါ။

အိန္ဒိယ အနေနဲ့ ပါကစ္စတန် အပေါ်မှာ ငြိမ်းချမ်းရေး အခွင့်အရေး ပေးသင့် ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် အီမရန် ခန်း က ပြောဆို ထားသလို အိန္ဒိယ ဝန်ကြီး ချုပ် နာရန်ဒရာ မိုဒီ ကလည်း အဲဒီဒေသမှာ အိန္ဒိယ လုပ်ဆောင် နေတဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး နဲ့ စာတတ် မြောက်ရေး လှုပ်ရှားမှုမှာ ပါကစ္စတန် ပူးပေါင်း ပါဝင်ဖို့ ဖိတ်ခေါ် ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒါကာလူနေအဆောက်အအုံ မီးလောင်လို့ ၇၈ ဦးသေဆုံး