ဗီယက်နမ်မှာ ဒုတိယ အကြိမ်တွေ့တဲ့ ထရမ့် နဲ့ ကင် ဆွေးနွေးပွဲ အောင်မြင်နိုင်မလား

စင်္ကာပူမှာ တွေ့ဆုံခဲ့ကြစဉ် ဓာတ်ပုံ မူပိုင် Getty Images
Image caption စင်္ကာပူမှာ တွေ့ဆုံခဲ့ကြစဉ်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ဟာ ဗီယက်နမ်မှာ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေး မှု ကို လုပ်ဆောင် ကြတော့မှာပါ။

တဖက်နဲ့ တဖက် ရန်ပြုစကား တွေ ပြောဆို ခဲ့ကြဖူးတဲ့ သူ နှစ်ဦး ဟာ မြောက်ကိုရီးယား ရဲ့ အငြင်းပွားဖွယ် နျူကလီးယား လက်နက် ဖျက်သိမ်းရေး အတွက် သဘောတူညီမှု ရဖို့ ကို ဆွေးနွေး ကြမှာလည်း ဖြစ်ပါတယ်။

ဘာတွေ ဆွေးနွေးကြမလဲ ဆိုတာကို ကြည့်ရအောင်ပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်နယ် ထရမ့် နဲ့ ကင် ဂျုံအွန်း။ ရန်သူမှသည် မိတ်ဆွေ ဆီသို့

ဘာတွေဆွေးနွေးကြမလဲ။

၂၀၁၈ ခုနှစ် ဇွန်လတုန်း က လုပ်ခဲ့တဲ့ သူတို့ နှစ်ဦး ရဲ့ သမိုင်းဝင် စင်္ကာပူ တွေ့ဆုံ ပွဲတုန်း ကလိုပဲ မြောက်ကိုရီးယား ရဲ့ နျူကလီးယား ဖျက်သိမ်းရေး ကိစ္စ ကိုပဲ ဆွေးနွေး ကြဦးမှာပါ။

အလုံးစုံ နျူကလီးယား ဖျက်သိမ်းရေး ဆိုတာ ကို တကမ္ဘာလုံး က အလို ရှိနေပေမယ့် အမေရိကန် နဲ့ အပေါင်းအပါ တွေရဲ့ ခြိမ်းခြောက်မှုတွေ မရှိ တော့မှသာ ဒါကို လုပ်ဆောင် မယ်လို့ ကင်ဂျုံအွန်း က ဆိုထားပါတယ်။

ဒါကလည်း ပိတ်ဆို့အရေးယူတွေကြောင့် မြောက်ကိုရီးယား အနေနဲ့ တကမ္ဘာလုံး နဲ့ ကုန်သွယ်ရေး ဆောင်ရွက်လို့ မရသေးပါဘူး။ ဒီ ပိတ်ဆို့ အရေးယူမှုတွေကို အရင်ဆုံး ဖယ်ရှားပေးဖို့ သူတို့က အလိုရှိနေတာပါ။

သူတို့နှစ်ယောက် ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့စဉ် က စင်္ကာပူ ကြေညာချက် ဆိုပြီး ထုတ်ပြန်ခဲ့ပြီး နျူကလီးယား ဖျက်သိမ်းရေး ဆိုတာ ကို သဘောတူညီ ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက် တွေတော့ ပါဝင်ခြင်း မရှိပါဘူး။

ကိုရီးယား ကျွန်းဆွယ် မှာ နျူကလီးယား ကင်းစင်ရေး နဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဖော်ဆောင်မယ်ဆိုပြီးတော့ နှစ်ဦးစလုံး က ထုတ်ဖော် ပြောကြားကြပါတယ်။ ဒါတွေကို ဘယ်လို နည်းလမ်း နဲ့ လုပ်ဆောင် ကြမလဲ ဆိုတာ ကိုတော့ နှစ်ဘက်စလုံး က မပြောကြပါဘူး။

အဲဒီ ဆွေးနွေးပွဲ ပြီးတဲ့ နောက်ပိုင်းမှာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား စမ်းသပ်ရာ နေရာတွေကို ဖောက်ခွဲ ဖျက်ဆီး မှုတွေကို လုပ်ဆောင် ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗီယက်နမ် ကို ရောက်ရှိလာတဲ့ ဒေါ်နယ် ထရမ့်

အဲဒီ ဖောက်ခွဲ မှုတွေ လုပ်ခဲ့တဲ့ စမ်းသပ်တဲ့ နေရာ တွေဟာ အရေးပါတဲ့ နေရာတွေ မဟုတ်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ နောက်ပြီး မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ထုတ်လုပ်မှု တွေကို ရပ်တန့်ဖို့ လုပ်ဆောင်တာမျိုး မရှိဘူး လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံ့ ခေါင်းဆောင် အာဏာရှင်တွေ ဆက်လက် တည်မြဲ ရေး အတွက် နျူကလီးယား လက်နက်တွေ ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး လို့လည်း အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တွေက ပြောဆို ထားကြပါတယ်။

အဲဒီ နောက်ပိုင်းမှာ သမ္မတ ဒေါ်နယ် ထရမ့်ကလည်း မြောက်ကိုရီးယား အရေး နဲ့ ပတ်သက်လို့ သူ့ရဲ့ မျှော်မှန်းချက်တွေကို လျှော့ချ ပြောဆို လာပါတယ်။ မြောက်ကိုရီးယား က နျူကလီးယား လက်နက် တွေ ဖြစ်တဲ့ ဒုံးကျည်နဲ့ ဗုံးတွေ ကို မစမ်းသပ်ရင် တော်ပြီ လို့ ထရမ့် က ဆိုထားပါတယ်။

လက်ရှိ အချိန် အထိတော့ မြောက်ကိုရီးယား က နျူလက်နက်တွေကို စမ်းသပ် တာ မလုပ်ဘဲ ပိုနေမြဲ ကျားနေမြဲ အခြေအနေမှာပဲ ရှိနေတာပါ။ အခု ဆွေးနွေးပွဲမှာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား နည်းပညာ မှတ်တမ်း အားလုံး ကို အမေရိကန် တို့က တောင်းဆို လာနိုင်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား တို့ ဘက်ကတော့ အဲဒီလောက် အလျှော့ပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption ထရမ့်နဲ့ ကင်ကို ကြိုဆိုနေကြတဲ့ ဗီယက်နမ် လှပျိုဖြူတွေ

ဘာကြောင့် နျူကလီးယား လက်နက်ကို မြောက်ကိုရီးယား က မစွန့် နိုင်တာလဲ။

နျူကလီးယား ဗုံး ဆိုတာက ကမ္ဘာမှာ ဖျက်အား အပြင်းဆုံး လူသတ် လက် နက်ကြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း ထုတ်လုပ် ခဲ့ပြီးသမျှ လက်နက် တွေ ထဲမှာ အင်အား အကြီးဆုံးပါ။

ဆိုတော့ တကမ္ဘာလုံး က နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံသစ် တွေ မရှိ လာစေဖို့ သဘောတူညီထားခဲ့ကြတာပါ။ ဒီ နိုင်ငံတကာ သဘောတူညီချက် ကို မြောက်ကိုရီးယား တို့က ချိုးဖောက်ခဲ့ပြီး ကိုယ်တိုင်ထုတ် နျူကလီးယား လက်နက် တွေ ပိုင်ဆိုင် ဖို့ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်တွေ အမျက် ဒေါသ ထွက်ပြီး နျူကလီးယား လက်နက် ကို အသုံးပြုလာမှာ၊ ဒါမှမဟုတ် နျူကလီးယား နည်းပညာ တွေ ကို တခြား နိုင်ငံတွေဆီကို ရောင်းလိုက်မှာနဲ့ တနေ့နေ့ တချိန်ချိန်မှာ ဖျက်အားပြင်း တဲ့ နျူကလီးယား လက်နက်ကြီး ကို အသုံးပြု လိုက်မှာ ကို တကမ္ဘာလုံး က စိုးရိမ် ကြပါတယ်။

နောက်ပြီး မြောက်ကိုရီးယား အစိုးရတွေ အကြောင်းကြောင်း ကြောင့် ပြိုလဲ သွားခဲ့ရင် မသမာသူ တွေရဲ့ လက်ထဲ ကို နျူလက်နက် တွေ ကျ ရောက် သွား မှာ ကိုလည်း စိုးရိမ် ကြပါတယ်။

နိုင်ငံတကာ ဥပဒေ တွေကို ချိုးဖောက် ခဲ့တဲ့ မြောက်ကိုရီးယား ရဲ့ လမ်းစဉ် ကို အတုယူပြီး နောက်ထပ် နိုင်ငံတွေကလည်း နျူကလီးယား လက်နက် တွေ ထုတ်လုပ်လာမှာ ကိုလည်း စိုးရိမ် ရတာလည်း တကြောင်း ဖြစ်ပါတယ်။

အာဏာရှင် မြောက်ကိုရီးယား ခေါင်းဆောင် တွေကလည်း သူတို့ အာဏာ တည်မြဲဖို့ နျူကလီးယား လက်နက်ကို မစွန့်နိုင်ပါဘူး။ တကမ္ဘာလုံး နဲ့ အပေးအယူ လုပ်ဖို့ ဒီလက်နက်တွေကို သူတို့က အသုံးချနေတာကြောင့် မြောက်ကိုရီးယား ရဲ့ နျူလက်နက် စွန့်လွှတ်ရေးက မသေမချာ ဖြစ်နေတဲ့ အခြေအနေမှာ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် KCNA
Image caption ဒုံကျည် စမ်းသပ် မှု ကို စောင့်ကြည့်ခဲ့တဲ့ ကင်ဂျုံအွန်း

မြောက်ကိုရီးယားက ခြိမ်းခြောက်မှုတွေ လုပ်နိုင်လား။

မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယား လက်နက် တွေကို အသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်မယ်လို့ စဉ်ဆက် မပြတ် ခြိမ်းခြောက်မှုတွေကို လုပ်ဆောင် နေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ခြိမ်းခြောက်မှုတွေကို ကြောက်လန့်နေရတဲ့ နိုင်ငံတွေကတော့ အိမ်နီးခြင်း တောင်ကိုရီးယား နဲ့ ဂျပန် နိုင်ငံတို့ပါပဲ။ အဲဒီ နိုင်ငံတွေမှာ အမေရိကန် က သောင်းနဲ့ ချီ တဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပါတယ်။

အဲဒါကြောင့်လည်း မြောက်ကိုရီးယား အနေနဲ့ အမေရိကန် နိုင်ငံ အထိ ပစ်လွှတ် နိုင်တဲ့ ဒုံးကျည် တွေကို စမ်းသပ် ထုတ်လုပ် ခဲ့ပါတယ်။ အဲဒီ နည်းပညာ ကို ပိုင်ဆိုင် နေပြီလို့လည်း ဒီဘက် နှစ်တွေမှာ ထုတ်ဖော် ပြောကြား ထားပါတယ်။

နောက်ပြီး မြောက်ကိုရီးယား အနေနဲ့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ တွေရဲ့ အင်တာနက် ကွန်ရက်တွေကို ထိုးဖောက် ဝင်ရောက် မှုတွေကိုလည်း ဒီနှစ်ပိုင်း အတွင်းမှာ လုပ်ဆောင် လာပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယား က အမေရိကန် ဆီကို ဒုံးကျည် ပစ်လွှတ် လိုက်တာပဲ ဖြစ်ဖြစ် အင်တာနက် ကနေ ထိုးဖောက် ဝင်ရောက်တာပဲ ဖြစ်ဖြစ် လုပ်ဆောင်လာမယ် ဆိုရင်တော့ ဒါဟာ အာဏာရှင် အတွေ အနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲလို့ သုံးသပ် ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားနဲ့ အမေရိကန် တို့ ရဲ့ပူးတွဲ စစ်ရေး လေ့ကျင့်မှု

အမေရိကန် နဲ့ မြောက်ကိုရီးယား စစ်ဖြစ်နေတာလား။

ယေဘုယျ အားဖြင့် အမေရိကန် နဲ့ မြောက်ကိုရီးယား တို့ဟာ စစ်ပွဲ ဖြစ်နေတာ လို့ ဆိုနိုင်ပါတယ်။ လက်နက်တွေနဲ့ အပြန်အလှန် တိုက်ခိုက်တာ မရှိပေမယ့် ငြိမ်းချမ်းရေး မှာ လက်မှတ်ရေး ထိုးတာမျိုး လည်း မရှိပါဘူး။

ကိုရီးယား စစ်ပွဲ ပြီးနောက်မှာ အမေရိကန် စစ်သား နှစ်သောင်း ကျော်ဟာ မြောက်ကိုရီးယား နဲ့ နီးကပ်တဲ့ တောင်ကိုရီးယား နဲ့ ဂျပန် တွေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

နောက်ပြီး အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့ ဟာ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကိုလည်း လုပ်ဆောင် နေဆဲပါ။ ဒီကိစ္စ တွေက နိုင်ငံ ကို ခြိမ်းခြောက် တာလို့ မြောက်ကိုရီးယား တို့က ယူဆထားပါတယ်။

အခု ဗီယက်နမ် ဆွေးနွေးပွဲမှာ ဒီလို စစ်ရေး လေ့ကျင့်မှု မလုပ်လာစေဖို့ နဲ့ ငြိမ်းချမ်းရေး ရရှိရေး အတွက် ကင်ဂျုံအွန်း က တောင်းဆို လာနိုင်ပါတယ်။

နိုင်ငံရေး လုပ်ငန်းစဉ်တွေ၊ လက်တွေ့ လိုက်နာ စောင့်ထိန်း ရမယ့် စည်းမျဉ်း ချမှတ် လုပ်ဆောင်မှုတွေကြောင့် ငြိမ်းချမ်းရေး အတွက် လက်မှတ်ရေးထိုးမှု ကို အကောင်အထည် ဖော်နိုင်ဖို့ တော့ ခဲယဉ်း ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေး ပြောစကား အဆိုပြုချက် တွေနဲ့ တင် ကင်ဂျုံအွန်း နဲ့ ဒေါ်နယ် ထရမ့် တို့ဟာ ပြည်တွင်းမှာ ထောက်ခံမှု ပိုမို ရရှိ သွားကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကွန်မြူနစ် နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ ဆွေးနွေးဖို့ သဘောတူ

ဘာကြောင့် ဗီယက်နမ်မှာ တွေ့ဆုံတာလဲ။

ဗီယက်နမ် နိုင်ငံဟာ မြောက်ကိုရီးယားလိုပဲ ကွန်မြူနစ် စနစ် ကို ကျင့်သုံး တဲ့ နိုင်ငံပါ။ နိုင်ငံရေး အရ တူညီတဲ့ အချက်တွေ ရှိသလို၊ အမေရိကန် နဲ့ ပဋိပက္ခ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံပါ။

အကယ်၍များ မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာ့ အထီးကျန် နိုင်ငံ အဖြစ် ကနေ ဖယ်ရှား ခံရပြီး စီးပွားရေး ကောင်းမွန် အောင် တည်ဆောက်ဖို့ ဆိုရင်တော့ ဗီယက်နမ် ကို နမူနာယူရမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ နဲ့ ဆွေးနွေးပွဲ ပြီးရင် ကင်ဂျုံအွန်း အနေနဲ့ ဗီယက်နမ် ကုန်ထုတ်လုပ်မှု နဲ့ စီးပွားရေး ကို လေ့လာဖို့ အတွက် ရက်အနည်းငယ် နေထိုင်မယ်လို့ သိရပါတယ်။

အမေရိကန် နဲ့ သဘောတူညီမှု ရခဲ့မယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာ ကျင့်သုံး ခဲ့တဲ့ အမေရိကန် ဆန့်ကျင်ရေး ဝါဒ ဖြန့်ချိရေး လုပ်ဆောင်နေမှု တွေရပ်တန့် ဖို့ မြောက်ကိုရီးယား ထိပ်တန်း အရာရှိတွေကို စွဲဆောင် စည်းရုံးရမှာပါ။

နောက်ပြီး ဗီယက်နမ် နဲ့ မြောက်ကိုရီးယား တို့ အကြားမှာ တူညီတဲ့ အချက် ကတော့ ဆန္ဒပြမှုတွေ ကို ခွင့်ပြုထားခြင်း မရှိသလို ဆွေးနွေးပွဲ ကို သတင်း လာယူတဲ့ သတင်းထောက်တွေကိုလည်း အနီးကပ် စောင့်ကြည့်မှု တွေ လုပ်ဆောင် ကြတာပဲ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ကနေ ထွက်ပြေးလာတဲ့ ဂျက်ဆီကင်