အင်ဒိုနီးရှား မိုင်းတွင်းပြိုကျမှု လူဒါဇင်နဲ့ချီ ပိတ်မိနေ

ပိတ်မိနေသူတွေဆီရောက်ဖို့ အင်္ဂါနေ့ည တစ်ညလုံး ကြိုးစားခဲ့ရ ဓာတ်ပုံ မူပိုင် BNPB
Image caption ပိတ်မိနေသူတွေဆီရောက်ဖို့ အင်္ဂါနေ့ည တစ်ညလုံး ကြိုးစားခဲ့ရ

အင်ဒိုနီးရှားနိုင်ငံက တရားမဝင် ရွှေတွင်းမိုင်း တစ်ခုမှာ မြေပြိုကျမှု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၆၀ လောက်ဟာ မြေကြီးထဲမှာ ပိတ်မိနေပါတယ်။

အခင်းဖြစ်ပွားရာ ဆူလာဝေစီကျွန်းပေါ်က ဘိုလန်မန်ဂွန်ဒေါ ဒေသတဝိုက် အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးလုပ်သားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက်စောစောပိုင်းအထိ အနည်းဆုံး လူပေါင်း ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ သေဆုံးသူ ၁ ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို အင်ဒိုနီးရှား ဘေးဒုက္ခကယ်ဆယ်ရေး အေဂျင်စီက ပြောပါတယ်။

မိုင်းတွင်းထဲမှာ မြေသား မတည်ငြိမ်မှုနဲ့ ဥမင် တွေ အများအပြား ဖောက်ထားတာကြောင့် မိုင်းတွင်းကို ထောက်ပံ့ပေးထားတဲ့ ယက်မ ပြိုကျခဲ့တာလို့ အေဂျင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

"လူပေါင်း ၆၀ လောက်ဟာ ပြိုကျခဲ့တဲ့ မြေကြီးနဲ့ ကျောက်တုံးတွေအောက်ရောက်နေနိုင်တယ်" လို့ ကယ်ဆယ်ရေး အေဂျင်စီက ပြောပါတယ်။

Image caption အင်ဒိုနီးရှားက တရားမဝင် မိုင်းတွင်းတွေမှာ ကြံ့ခိုင်မှု အားနည်းလို့ မတော်တဆ ဖြစ်မှုတွေ ဖြစ်လေ့ရှိ

ကယ်ဆယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဟာ ရွှံ့မြေဖုံးလွှမ်းသွားတဲ့ တောင်စောင်းတလျောက် အသက်ရှင်ကျန်နေသူတွေကို တစ်ညလုံး ရှာဖွေကယ်ဆယ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ရွှေတွင်းလုပ်ကွက်ငယ်တွေကို တားမြစ်ထားပေမဲ့ ကျေးလက်ဒေသတွေမှာတော့ အဲဒီလို လုပ်ကွက်တွေ ကျယ်ကျန်ပြန့်ပြန့် ကျန်ရှိနေပါသေးတယ်။ လုပ်ထုံးလုပ်နည်း ဥပဒေတွေ အားနည်းတာနဲ့ မိုင်းတွင်းတွေ ဆောက်လုပ်ရမှာ ကြံ့ခိုင်မှု အားနည်းလို့ မကြာခဏဆိုသလို မတော်တဆဖြစ်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဒေသခံတွေအတွက် အလုပ်အကိုင်ရှားပါးမှုကလည်း တရားမဝင် မိုင်းတွင်း လုပ်ကိုင်ဖို့ တွန်းအား တစ်ခုဖြစ်စေတယ်လို့ တက်ကြွလှုပ်ရှားတွေက အရင်ကတည်းက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ