ထရမ့်နဲ့ ကင် ဘာကြောင့် ထပ်တွေ့ဖို့လိုသလဲ

ခေါင်းဆောင် နှစ်ဦးဟာ မနှစ်တုန်းက သမိုင်းဝင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ ဓာတ်ပုံ မူပိုင် Getty Images
Image caption ခေါင်းဆောင် နှစ်ဦးဟာ မနှစ်တုန်းက သမိုင်းဝင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ ဗီယက်နမ်က အဆင့်မြင့် ထိပ်သီးဆွေးနွေးပွဲဟာ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) ဒေသစံတော်ချိန် ညနေပိုင်းမှာ ညစာစားပွဲ မတိုင်မီ ခေတ္တ ခဏ သီးသန့် တွေ့ဆုံစကားပြောမှုနဲ့ အတူ စတင်ပါတော့မယ်။

ဟနွိုင်းမြို့တော်က ၂ ရက် ကြာ ထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင် ၂ ဦးဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး လမ်းပြမြေပုံ တစ်ခု သဘောတူနိုင်ဖို့ ညှိနှိုင်းကြဖွယ် ရှိပါတယ်။

မစ္စတာ ထရမ့်ဟာ မစ္စတာ ကင်မ်နဲ့ မတွေ့မီ ဗီယက်နမ် သမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဟနွိုင်းက ကြယ်ငါးပွင့် အဆင့်ရှိ မက်ထရိုပိုလ် ဟိုတယ်မှာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးဟာ ညစာ အတူစားဖို့လည်း စီစဉ်ထားပါတယ်။

မစ္စတာ ထရမ့်ဟာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ ထိပ်သီးဆွေးနွေးပွဲ လက်ခံ ကျင်းပပေးတဲ့ ဗီယက်နမ် နိုင်ငံကို ချီးကျူး စကား ဆိုထားပါတယ်။

"ဗီယက်နမ်ဟာ မြေကမ္ဘာပေါ်က ဒေသတချို့နည်းတူ ရှင်သန်တိုးတက်နေပြီး မြောက်ကိုရီးယားဟာလည်း နျူကလီးယား စီမံကိန်းတွေ စွန့်လွှတ်ခဲ့ရင် အလားတူ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမယ်" လို့ သမ္မတ ထရမ့်က ရေးသားထားပါတယ်။ "အလားအလာကောင်းတွေ ရှိနေတယ်" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိပ်သီး ၂ ဦး ညစာ သုံးဆောင်ကြမယ့် ကြယ်ငါးပွင့် ဟိုတယ်

ထရမ့်-ကင် ထိပ်သီးပွဲ ဘယ်လို စီစဉ်ထားလဲ

ခေါင်းဆောင် ၂ ဦးရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုကို ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ် မှာ မိနစ် ၂၀ ကြာ သီးသန့် တွေ့ဆုံမှုနဲ့ စတင်ဖို့ ရှိပါတယ်။ အဲဒီနောက် ထိပ်သီး ၂ ဦးဟာ သူတို့ရဲ့ လက်ထောက် အသီးသီးနဲ့ အတူ ညစာ အတူ စားကြဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်က ကြေညာထားပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့မှာ ခေါင်းဆောင် ၂ ဦးဟာ အစည်းအဝေးပွဲတွေ ဆက်တိုက် တက်ရောက်ဖို့ ရှိတယ် ဆိုပေမယ့် သူတို့ ၂ ဦးရဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒါပေမယ့် ဆွေးနွေးပွဲရဲ့ အဓိကကျတဲ့ နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးမှု ဒါမှမဟုတ် သတင်းစာ ရှင်းလင်းပွဲတွေကတော့ ကြာသပတေးနေ့ကျမှ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ခေါင်းဆောင်ကြီး ကင်ကို လွမ်းနေရပြီ - မြောက်ကိုရီးယား ပြည်သူ တစ်ဦး

ထိပ်သီးပွဲ အကြောင်း မြောက်ကိုရီးယား မီဒီယာရဲ့ ဖော်ပြချက်

ဆွေးနွေးပွဲ ကျင်းပရာ ဗီယက်နမ် မြို့တော် ဆီ အရောက် ၂,၄၈၅ မိုင် ခရီးကို ရထားနဲ့ ကားလမ်းက တဆင့် ခရီးနှင်ခဲ့တဲ့ ခေါင်းဆောင် ကင်ဂျုံအွန်း ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ချီးကျူး ထားပါတယ်။ စာမျက်နှာ ၆ မျက်နှာ နဲ့ ထုတ်ဝေနေတဲ့ အစိုးရသတင်းစာ ရိုဒုံရှင်မွန်း (Rodong Sinmu) က ဒီခရီးစဉ် အကြောင်းကို စာမျက်နှာ ၄ မျက်နှာ ပြည့် ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

ခေါင်းဆောင် ကင်ရဲ့ ခရီးစဉ်ကို မြောက်ကိုရီးယား ပြည်သူတွေက အတိုင်းအဆမဲ့ စိတ်လှုပ်ရှားမှု ခံစားချက်တွေနဲ့ တုံ့ပြန်နေကြတယ်လို့ ဆိုထားပြီး အောင်မြင်မှုတွေ နဲ့ အတူ မစ္စတာ ကင် ပြန်လာနိုင်ဖို့ နိုင်ငံသားတွေ အနေနဲ့ အားကုန် ကြိုးစားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ခေါင်းဆောင်ကင်ရဲ့ နိုင်ငံခြားခရီးစဉ်ကြောင့် မြောက်ကိုရီးယား ပြည်သူ တချို့ ဟာ အိပ်ရေးပျက်ရတဲ့ ညတွေကိုလည်း ဖြတ်သန်းနေရတယ်လို့ ရေးသားထားပါတယ်။ မြောက်ကိုရီးယား ပြည်သူ အမျိုးသမီး တစ်ဦးက "ခေါင်းဆောင်ကင်ကို လွမ်းနေရပြီ" လို့ ဖြေကြားထားတဲ့ ရုပ်သံကိုလည်း အစိုးရ မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား အမျိုးသမီးတွေ လူကုန်ကူး ခံရ

မြောက်ကိုရီးယားက ဘာကြောင့် ကမ္ဘာနဲ့ အဆက်ပြတ်နေခဲ့ရတာလဲ

၁၉၄၈ ခုနှစ် နိုင်ငံ စတင် တည်ဆောက်ချိန်က စပြီး မြောက်ကိုရီးယား ကင် မိသားစုရဲ့ မျိုးဆက် ၃ ခုက ဆက်တိုက် အုပ်ချုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဒုက္ခ သုက္ခ တွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ် ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ "လူအခွင့်အရေး ချိုးဖောက်မှုတွေ အခြေခံကျကျ ကျယ်ကျယ်ပြန့်ပြန်နဲ့ စနစ်တကျ ဖြစ်ပေါ်နေတဲ့ အခြေအနေအောက်မှာ မြောက်ကိုရီးယား လူထု နေထိုင်နေရတယ်" လို့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ ကြီးက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအွန်း အာဏာရလာပြီးနောက်ပိုင်းမှာလည်း အာဏာကို ဆုပ်ကိုင်နိုင်ဖို့ အတွက် ဦးလေးအရင်း ဖြစ်သူကို သတ်ဖြတ်ဖို့ အမိန့်ပေးမှု အပါအဝင် လူမဆန်တဲ့ ရက်စက် သုတ်သင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၂ ကနေ ၂၀၁၆ ခုနှစ် တွေအတွင်း မြောက်ကိုရီးယား စစ်တပ်နဲ့ အစိုးရ အဆင့်မြင့် အရာရှိ ၁၄၀ လောက်ကို အသတ်ခံခဲ့ရတယ်လို့ တောင်ကိုရီးယားက နိုင်ငံတော် လုံခြုံရေး မဟာဗျူဟာ အဖွဲ့က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြောက်ကိုရီးယားမှာ ကလေးအများစု အခြေခံပညာရေး ရရှိပေမယ့် တချို့ကတော့ အခြေအနေ အမျိုးမျိုးနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရတာတွေလည်း ရှိ

မြောက်ကိုရီးယားမှာ တိုင်းပြည်ရဲ့ စီးပွားရေးကို အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပါတယ်။ အစိုးရက စစ်တပ် အင်အား ကြီးထွားဖို့နဲ့ နျူကလီးယား လက်နက် စီမံကိန်းတွေ အောင်မြင်ရေး အတွက် ငွေကြေး အမြောက်အမြား သုံးစွဲနေတာကြောင့် နိုင်ငံမှာ အစားအစာ၊ လောင်စာဆီနဲ့ အခြေခံ လိုအပ်ချက် အသုံးအဆောင် ပစ္စည်းတွေ ရှားပါး ပြတ်လပ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံထဲမှာ သတင်းအချက်အလက်အားလုံးကို အစိုးရကသာ ထိန်းချုပ် ဖြန့်ချိ နေပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွန်းကိန်းမှာ မြောက်ကိုရီးယားကို အဆင့်အနိမ့်ဆုံး အဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သတ်မှတ်ထားပါတယ်။

ထိပ်သီး ၂ ဦး ဘာကြောင့် ထပ်တွေ့ဖို့လိုလဲ

၂၀၁၈ ခုနှစ် ဇွန်လတုန်းက စင်ကာပူမှာ ပြုလုပ်နိုင်ခဲ့တဲ့ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲက သဘောတူညီမှုတချို့ကို အခြေခံကျကျ တည်ဆောက်နိုင်ဖို့ အတွက် အခု ဒုတိယအကြိမ် တွေ့ဆုံမှုက ရည်ရွယ်ပါတယ်။

တကယ်တော့ စင်္ကာပူပွဲမှာတုန်းက တိကျရေရာမှု မရှိတဲ့ သဘောတူညီချက်ကိုသာ ရရှိခဲ့တာပါ။ "နျူကလီးယား လက်နက် အစီအစဉ် ဖျက်သိမ်းနိုင်ရေး" ခေါင်းဆောင် ၂ ဦး သဘောတူညီခဲ့တယ်လို့သာ ဆိုခဲ့ပြီး ဒါက ဘယ်လို အဓိပ္ပာယ် ဖော်ဆောင်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။

၂၀၁၈ ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်းမှာလည်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တိုးတက်မှုက အနည်းငယ်သာ ရှိခဲ့ပါတယ်။

အခု တစ်ကြိမ် တွေ့ဆုံမှုမှာတော့ ခေါင်းဆောင် နှစ်ဦးစလုံးဟာ သူတို့ အပေါ် ဝေဖန်နေကြသူတွေကို ပြန်လည် တုံ့ပြန်နိုင်ဖို့ အတွက် ခိုင်ခိုင်မာမာ ချပြနိုင်တဲ့ တိုးတက်ဖြစ်ထွန်းမှု တစ်ခုကို အရေးတကြီး လိုအပ်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်နယ် ထရမ့် နဲ့ ကင် ဂျုံအွန်း။ ရန်သူမှသည် မိတ်ဆွေ ဆီသို့