"ကင်ဂျုံအွန်းနဲ့သဘောတူညီမှုရဖို့ မြန်ဆန်ဖို့ထက် မှန်ကန်ဖို့လို" - ဒေါ်နယ်ထရမ့်

ထရမ့်နဲ့ကင် ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲ ဗီယက်နမ် မှာ စတင်နေ ဓာတ်ပုံ မူပိုင် SAUL LOEB/AFP/Getty Images
Image caption ထရမ့်နဲ့ကင် ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲ ဗီယက်နမ် မှာ စတင်နေ

မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မြန်ဆန်တာထက် မှန်ကန်တဲ့ သဘောတူညီချက် ရဖို့က အရေးကြီးတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဟနွိုင်းမြို့မှာ ဒုတိယနေ့ ဆွေးနွေးပွဲ မစတင်မီ သမ္မတထရမ့်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

နျူကလီးယား ဖျက်သိမ်းရေး အတွက် ကင်ဂျုံအွန်းနဲ့ သဘောတူညီမှုရဖို့ အရှိန်အဟုန်နဲ့ လုပ်ဆောင်တာက အရေးမကြီးဘူးလို့ မစ္စတာ ထရမ့်က ပြောပါတယ်။ မြန်ဆန်တဲ့သဘောတူညီမှုထက် မှန်ကန်တဲ့ သဘောတူညီမှုကို ကင်ဂျုံအွန်းကလည်း လိုချင် တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား အစီအစဉ်ဖျက်သိမ်းလိုက်ရင် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ကြောင်း သမ္မတထရမ့်က ဆိုပါတယ်။

မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ခိုင်မာပြတ်သားတဲ့ ခြေလှမ်းတစ်ခုရဖို့ သမ္မတထရမ့်အပေါ်မှာ ဖိအားရှိနေပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ သဘောတူညီမှုက ပိုအရေးကြီးတယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

"တွေ့ဆုံပွဲကထွက်ပေါ်လာမယ့်ရလဒ်ကို ပြောဖို့သိပ်စောလွန်းတယ်၊ ဒါပေမယ့် ကောင်းတဲ့ရလဒ်ဖြစ်မယ်လို့ ခံစားမိတယ်" အကြောင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သတင်းထောက် တစ်ယောက်ရဲ့မေးခွန်းကို ဘာသာပြန်ကတဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါဟာ ခေါင်းဆောင် ကင် အနေနဲ့ အနောက်တိုင်း နိုင်ငံ သတင်းထောက် တစ်ယောက်ရဲ့မေးခွန်းကို ပထမဦးဆုံးအကြိမ် ဖြေကြားခဲ့တာလို့ ယူဆကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗီယက်နမ်လို မြောက်ကိုရီးယား လုပ်နိုင်မလား

ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် အရေးပါတဲ့ ဗီယက်နမ် ဆွေးနွေးပွဲ နောက်ဆုံးနေ့ကို မစ္စတာ ထရမ့်နဲ့ မစ္စတာ ကင်တို့ဟာ ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့ ကြာသပတေးနေ့မှာ စတင်နေကြတာပါ။ ခေါင်းဆောင် နှစ်ဦးဟာ ဗုဒ္ဓဟူးနေ့တုန်းကတော့ နှစ်ယောက်ချင်း သီးသန့် ခေတ္တ ခဏ စကားပြောဆိုခဲ့ကြပြီးနောက် ညစာ အတူ စားခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လက စင်္ကာပူမှာ သမိုင်းဝင် တွေ့ဆုံခဲ့ကြပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ပြီး သိသာတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့် အခု ဒုတိယ အကြိမ် တွေ့ဆုံမှုမှာ စင်္ကာပူ သဘောတူညီချက် တချို့ကို အခြေခံကျကျ အကောင်အထည် ဖော်နိုင်ရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိက အကြောင်းအရာကတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားလက်နက် စွန့်လွှတ်ဖို့ သဘောတူ၊ မတူ ဆိုတာပါပဲ။ တရားဝင် အဆုံးမသတ်ရသေးတဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်နိုင်ရေးနဲ့ မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူနေတာတွေကို လျှော့ချနိုင်ဖို့ အရေးလည်း ဆွေးနွေးနိုင်ဖွယ် ရှိပါတယ်။

ဟနွိုင်းမြို့က ၂ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ အပြီးမှာ အရေးပါတဲ့ လက်မှတ်ရေးထိုးမှု တစ်ခုခု၊ ဒါမှမဟုတ် ခေါင်းဆောင် နှစ်ဦးရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ မျှော်လင့်ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်နယ် ထရမ့် နဲ့ ကင် ဂျုံအွန်း။ ရန်သူမှသည် မိတ်ဆွေ ဆီသို့

ဒီသတင်းနဲ့ပတ်သက်သမျှ