မြောက်ကိုရီးယား ဘက်က ရပ်တည်ချက် ပြောင်းလဲဖို့မရှိ

ဟနွိုင်းမှာ ခေါင်းဆောင်နှစ်ဦး သဘောတူညီမှု ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဆွေးနွေးပွဲ ပျက်ခဲ့ရ ဓာတ်ပုံ မူပိုင် SAUL LOEB/AFP/Getty Images
Image caption ဟနွိုင်းမှာ ခေါင်းဆောင်နှစ်ဦး သဘောတူညီမှု ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဆွေးနွေးပွဲ ပျက်ခဲ့ရ

အမေရိကန်ဘက်က အနာဂတ်မှာ နောက်ထပ် ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားရင်လည်း ပြုံယမ်းဘက်က ရပ်တည်ချက် ပြောင်းဖို့ မရှိဘူးလို့ မြောက်ကိုရီးယား နိုင်ငံငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။

သဘောတူညီချက် မရဘဲ အဆုံးသတ်ခဲ့ရတဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ အပြီး ဗီယက်နမ်က သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယုံဟိုက ပြောခဲ့တာပါ။

အမေရိကန်ဘက်က မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူမှုတွေ အားလုံး ရုပ်သိမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုထားပါတယ်။

ဒါပေမယ့် ကြာသပတေးည ဒေသစံတော်ချိန် သန်းခေါင်ယံ အချိန်မှာ စီစဉ်မထားဘဲ ရုတ်တရက် ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားဘက်က သတင်းစာရှင်းလင်းပွဲမှာတော့ မြောက်ကိုရီးယား အနေနဲ့ ပိတ်ဆို့ အရေးယူမှု တချို့ကိုသာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ရီ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က လက်တွေ့ကျတဲ့ အဆိုပြုချက်တွေ တင်ပြခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီထဲမှာ အမေရိကန် လေ့လာသူတွေရဲ့ မျက်မှောက်မှာပဲ ယုံဗြောင်း နျူကလီးယား သုတေသန စခန်းကို အလုံးစုံ ဖျက်သိမ်းပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။

"မြောက်ကိုရီးယားနဲ့ အမေရိကန်ကြားက လက်ရှိ ယုံကြည်မှု အတိုင်းအတာ အရ အခု အဆင့်မှာ ဒီ အဆိုပြုချက်ဟာ နျူကလီးယား ဖျက်သိမ်းရေး အတွင်း အကြီးမားဆုံး အရေးယူ ဆောက်ရွက်မှု ဖြစ်တယ်" လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီ က ဆိုပါတယ်။

ဒီ အတွက် အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယား ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုဘဝ အသက်မွေးဝမ်းကျောင်းအမှုတွေကို ဟန့်တားနေတဲ့ အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှု တချို့ကို ပြန်လည် ရုပ်သိမ်းပေးဖို့ အလိုရှိတယ်လို့ မစ္စတာရီက ပြောပါတယ်။

ပြုံယမ်းဘက်က နျူကလီးယားနဲ့ တာဝေးပစ် ဒုံးပျံ စမ်းသပ်တာတွေကို ရာသက်ပန် ရပ်တန့် ပေးမယ် ဆိုပြီးလည်း အဆိုပြုခဲ့ကြောင်း သူက ပြောပါတယ်။ ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲလိုမျိုး အခွင့်အရေးကောင်း တစ်ခုကို နောက်ထပ် ကြုံတွေရဖို့က ရှေ့မှာ ခက်ကောင်း ခက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

"အမေရိကန်ဘက် အနာဂတ်မှာ ဆွေးနွေးညှိနှိုင်းဖို့ ထပ်မံ တောင်းဆိုလာရင်လည်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ ကမ်းလှမ်းချက်တွေကတော့ ပြောင်းသွားမှာ မဟုတ်ဘူး၊ " လို့ မစ္စတာရီက သတင်းထောက်တွေကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပိတ်ဆို့အရေးယူမှု ဖြေလျှော့ပေးရေး ကိစ္စမှာ တစ်ဆို့ခဲ့

ဒီသတင်းနဲ့ပတ်သက်သမျှ