ဘင်လာဒင်ရဲ့ သားကို ဖမ်းမိဖို့ သတင်းပေးတဲ့သူကို အမေရိကန်အစိုးရက ဒေါ်လာ တစ်သန်း ဆုချမယ်

ဘင်လာဒင်၊ အမေရိကန်၊ အယ်လ်ကိုင်ဒါ ဓာတ်ပုံ မူပိုင် Rewards for Justice/State department
Image caption ဟမ်ဇာ ဘင်လာဒင် ဘယ်မှာ ရှိနေသလဲ ဆိုတာ မသိရပါဘူး။

ကွယ်လွန်သူ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုဆမာ ဘင်လာဒင်ရဲ့ သားတွေထဲက တဦး ဖြစ်သူ ဟမ်ဇာ ဘင်လာဒင် အကြောင်း သတင်းအချက်အလက်တွေ ပေးနိုင်ရင် ဒေါ်လာ တစ်သန်း ပေးမယ်လို့ အမေရိကန် အစိုးရက ဆုငွေ ထုတ်ထားပါတယ်။

ဟမ်ဇာ ဘင်လာဒင်ဟာ အယ်လ်ကိုင်ဒါ အုပ်စု ခေါင်းဆောင်တစ်ဦး ဖြစ်လာနေပြီလို့ အမေရိကန် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောနေပါတယ်။

သူဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နယ်စပ်နားမှာ အခြေစိုက် လှုပ်ရှားနေတယ်လို့ ယူဆရပါတယ်။

သူ့ဖခင် အသတ်ခံခဲ့ရတာကို ကလဲ့စားချေတဲ့ အနေနဲ့ အမေရိကန်နဲ့ မဟာမိတ် အနောက်အုပ်စုနိုင်ငံတွေကို တိုက်ခိုက်ကြဖို့ သူ့နောက်လိုက်တွေကို ညွှန်ကြား တိုက်တွန်းနေတဲ့ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်တွေကို လတ်တလောနှစ်တွေ အတွင်းမှာ ဟမ်ဇာ ဘင်လာဒင်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၁ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံ အဘော့တဘာ့ဒ်မြို့က ခြံဝင်းတခုထဲမှာ အိုဆမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့က အသေ ဖမ်းဆီးမိခဲ့ပါတယ်။ လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အမေရိကန်နိုင်ငံ တိုက်ခိုက်ခံခဲ့ရမှုကို အိုဆမာ ဘင်လာဒင်က နောက်ကွယ်ကနေ စီစဉ်ခဲ့ပါတယ်။

ဟမ်ဇာ ဘင်လာဒင် အကြောင်း ဘာတွေ သိထားလဲ

အသက် ၃၀ အရွယ်လို့ ယူဆရတဲ့ ဟမ်ဇာ ဘင်လာဒင်ကို ကမ္ဘာတဝန်း အကြမ်းဖက်သူအဖြစ် အမေရိကန် အစိုးရက လွန်ခဲ့တဲ့ နှစ်နှစ်က တရားဝင် သတ်မှတ်ထားခဲ့ပါတယ်။

သူဟာ ၂၀၀၁ ခုနှစ် တိုက်ခိုက်မှုတုန်းက ခရီးသည်တင် လေယာဉ် ၄ စင်းထဲက တစင်းကို ပြန်ပေးဆွဲပြီး နယူးယောက်မြို့ ကမ္ဘာ့ ကုန်သွယ်ရေး မျှော်စင်ကို ဝင်တိုက်ခဲ့သူ မိုဟာမက် အက်တာ ရဲ့ သမီးနဲ့ လက်ထပ်ထားတာ ဖြစ်ပါတယ်။

အိုဆမာ ဘင်လာဒင်ရဲ့ ခြံဝင်းထဲမှာ သိမ်းဆည်းရမိတဲ့ စာတွေအရ အိုဆမာဟာ သူ့ရဲ့ အချစ်ဆုံးသားလို့ ယူဆရသူ ဟမ်ဇာကို အယ်လ် ကိုင်ဒါ ခေါင်းဆောင် အဖြစ် အစားထိုးဖို့ လေ့ကျင့် ပျိုးထောင် ပေးနေခဲ့တယ်လို့ သိရပါတယ်။

ဟမ်ဇာ ဘင်လာဒင်ဟာ သူ့မိခင်နဲ့ အီရန်မှာ နှစ်အတန်ကြာ နေခဲ့ပြီး အဲဒီမှာပဲ သူ အိမ်ထောင်ကျခဲ့တယ်လို့ ယူဆရပါတယ်။ သတင်းတချို့မှာတော့ သူဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန် ဒါမှမဟုတ် ဆီးရီးယားမှာ နေထိုင်ခဲ့ပုံ ရတယ်လို့ ဖေါ်ပြကြပါတယ်။

"ဟမ်ဇာ ဘင်လာဒင် ဟာ အာဖဂန် ပါကစ္စတန် နယ်စပ်မှာ နေထိုင်နေဖွယ် ရှိတယ်လို့ ယူဆထားပါတယ်။ အဲဒီကနေ အီရန်နိုင်ငံထဲ ဝင်သွားရင်လည်း ဝင်သွားနိုင်ပါတယ်။ အာရှ အလယ်ရဲ့ တောင်ပိုင်းမှာ ရှိချင်လည်း ရှိနိုင်ပါတယ်" လို့ အမေရိကန် သံတမန်ရေးဆိုင်ရာ လုံခြုံရေး လက်ထောက်ဝန်ကြီး မိုက်ကယ် အဲဗန်နော့ဖ် က ပြောပါတယ်။

အယ်လ်ကိုင်ဒါ အန္တရာယ်က ရှိနေဆဲ

ဘီဘီစီ လုံခြုံရေး သတင်းထောက် ဖရန့်ခ် ဂါဒနာ ရဲ့ သုံးသပ်ချက်

တကျော့ပြန် အယ်လ်ကိုင်ဒါ အဖွဲ့ရဲ့ သြဇာ တိက္ကမ ကြီးမားတဲ့ ခေါင်းဆောင် တဦးအဖြစ် ဟမ်ဇာ ဘင်လာဒင် ပေါ်လာမှာကို အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေက တနေ့တခြား အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ဟမ်ဇာရဲ့ ဖခင် အိုဆမာ ကို အမေရိကန် ရေတပ် ကွန်မန်ဒို တပ်ဖွဲ့က ၂၀၁၁ ခုနှစ်တုန်းက သုတ်သင် သတ်ဖြတ်ခဲ့အပြီးမှာ အယ်လ်ကိုင်ဒါ အဖွဲ့ဟာ သူ့ထက် ပို ရက်စက်ကြမ်းတမ်းတဲ့ ပြိုင်ဖက် IS အစ္စလာမစ်နိုင်ငံ အဖွဲ့လောက် နာမည် မထွက်တော့ဘဲ တိမ်မြုပ်သွားခဲ့ပါတယ်။

အိုဆမာ နောက်ပိုင်း အယ်လ်ကိုင်ဒါ အမည်ခံ ခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟီရီ ဟာ စိတ်ဝင်စားစရာ မကောင်းတဲ့ အီဂျစ်လူမျိုး နည်းဗျူဟာရေးဆွဲသူ တဦး ဖြစ်ပြီး အဖွဲ့ကို လှုံ့ဆော်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း MI6 အကြီးအကဲ အဲလက်စ် ယန်းဂါး အပါအဝင် အနောက်အုပ်စု ထောက်လှမ်းရေး အကြီးအကဲတွေကတော့ အယ်လ်ကိုင်ဒါ အဖွဲ့ကြီး ပျောက်ကွယ် မှေးမှိန် မသွားသေးဘူး ဆိုတာကို သတိပေးထားပါတယ်။

အယ်လ်ကိုင်ဒါ ဟာ အနောက်အုပ်စု နိုင်ငံတွေနဲ့ အရှေ့ အလယ်ပိုင်းဒေသ၊ အာဖရိက ဒေသတွေမှာ ရှိတဲ့ မဟာမိတ်နိုင်ငံတွေအပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်ရင်း အယ်လ်ကိုင်ဒါ အဖွဲ့ကို အစီအစဉ်တကျ ပြန်တည်ဆောက်ဖို့ အတွက် လတ်တလောမှာ ထင်ထင်ပေါ်ပေါ် သိပ်မနေခဲ့ပါဘူး။

IS အစ္စလာမစ်နိုင်ငံအဖွဲ့ဟာ ပိုင်နက်နယ်မြေ တခု သတ်မှတ်ထုတ်ဖော် ကြေညာခဲ့တာဟာ အမှားကြီး မှားတယ်။ ဒါ့ကြောင့် အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရဖွယ် ရှိတယ် ဆိုပြီး အယ်လ်ကိုင်ဒါ အဖွဲ့က ပြောလေ့ရှိပါတယ်။

အခုအခါ သူတို့နှစ်ဖွဲ့စလုံးဟာ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် ပေးနိုင်တဲ့ အဖွဲ့တွေအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အယ်လ်ကိုင်ဒါ အဖွဲ့အကြောင်း အခြေခံ အချက်များ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိုဆမာ ဘင်လာဒင်ကို ၂၀၀၁ ခုနှစ်တုန်းက ကာဘူးလ်မြို့နားမှာ တွေ့ရစဉ်
  • ၁၉၈၀ ပြည့်လွန်နှောင်းပိုင်း နှစ်တွေတုန်းက အာဖဂန်နစ္စတန်နိုင်ငံမှာ ဆိုဗီယက် တပ်ဖွဲ့တွေကို နှင်ထုတ်ဖို့ အာရပ်တွေက အမေရိကန် ထောက်ခံအားပေးတဲ့ အာဖဂန် မူဂျာဟီဒင်း အဖွဲ့ထဲ ကိုယ့်သဘော ဆန္ဒနဲ့ ကိုယ် ပူးပေါင်းခဲ့
  • အဲဒီအာရပ်တွေကို အကူအညီပေးဖို့ အိုဆမာ ဘင်လာဒင်က အခြေစိုက် စခန်းလို့ အဓိပ္ပါယ်ရတဲ့ အယ်လ်ကိုင်ဒါ ဆိုတဲ့ အဖွဲ့တခု ဖွဲ့စည်းခဲ့
  • ၁၉၈၉ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံကနေ အိုဆမာ ဘင်လာဒင် ထွက်ခွာသွားခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ နိုင်ငံခြားသား မွတ်ဆလင် ထောင်ပေါင်းများစွာအတွက် စစ်သင်တန်း စခန်းတွေ ဖွင့်လှစ် ကြီးကြပ်ဖို့ အာဖဂန်ကို ပြန်လာခဲ့
  • အဲဒီနောက် အယ်လ်ကိုင်ဒါက အမေရိကန်၊ ဂျူးနဲ့ တခြား မဟာမိတ်နိုင်ငံတွေကို ဘာသာရေး စစ်ပွဲ ကြေညာ

နည်းဗျူဟာအရ ဆိုင်းငံ့ထားတာ ဖြစ်ပြီး အညံ့ခံ အရှုံးပေးလိုက်တာ မဟုတ်

၂၀၀၁ခုနှစ်မှာ အမေရိကန်နိုင်ငံ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရအပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန် ဦးဆောင်တဲ့ စစ်ပွဲတွေအတွင်း အိုဆမာ ဘင်လာဒင်နဲ့ သူ့ရဲ့အဖွဲ့ကို ခိုလှုံခွင့်ပေးထားတဲ့ တာလီဘန် အစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။

လတ်တလော နှစ်တွေအတွင်း IS အဖွဲ့ အပေါ် ကမ္ဘာတဝန်းက အာရုံစိုက်လာခဲ့ကြသလို လာရောက် ပူးပေါင်းသူတွေ၊ ငွေကြေးထည့်ဝင်သူတွေ များလာခဲ့ပြီး အနောက်အုပ်စု နိုင်ငံတွေနဲ့ မဟာမိတ်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု အတော်များများ လုပ်ခဲ့ချိန်မှာ အယ်လ်ကိုင်ဒါအဖွဲ့က မှေးမှိန်သွားခဲ့ပါတယ်။

"ဒီကာလ အတောအတွင်း အယ်လ်ကိုင်ဒါ အဖွဲ့ဟာ အထိုက်အလျောက် ငြိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းဗျူဟာအရ ဆိုင်းငံ့ထားတာ ဖြစ်ပြီး အညံ့ခံ အရှုံးပေးလိုက်တာ မဟုတ်ဘူး" လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အမေရိကန် ပူးတွဲညှိနှိုင်းရေးမှူး နေသန် ဆေးလ်စ် က ပြောပါတယ်။

"ခုလက်ရှိ အယ်လ်ကိုင်ဒါအဖွဲ့ဟာ ဘာမှမလှုပ်ရှားနိုင်ပဲ ရပ်ဆိုင်းသွားတဲ့ အဖွဲ့ မဟုတ်ပါဘူး။ အဖွဲ့ကို ပြန်တည်ဆောက်နေပြီး အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို ဆက်ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ဖြစ်ပါတယ်။ အယ်လ်ကိုင်ဒါ အဖွဲ့ဟာ တိုက်ခိုက် အန္တရာယ်ပေးဖို့ ရည်ရွယ်ချက် ဆက်ထားထားသလို တိုက်ခိုက်နိုင်စွမ်းလည်း ဆက်ရှိနေတယ် ဆိုတာ အမှန်ပါပဲ" လို့ သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ