ကက်ရှ်မီးယား ပဋိပက္ခ - ဖမ်းဆီးခံ အိန္ဒိယ လေယာဉ်မှူးကို ပါကစ္စတန် ပြန်လွှတ်ပေး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
"ငြိမ်းချမ်းရေး အရိပ်အယောင် တွေ့မြင်ရ" လို့ ပြန်လွတ်လာတဲ့ အိန္ဒိယ လေယာဉ်မှူး ပြော

ကက်ရှ်မီးယားဒေသ ပါကစ္စတန် ထိန်းချုပ်နယ်မြေထဲမှာ ပစ်ချခံခဲ့ရတဲ့ အိန္ဒိယ တိုက်လေယာဉ်မှူးကို မတ်လ ၁ ရက်နေ့ ညနေပိုင်းမှာ ပါကစ္စတန်က ပြန်လွှတ်ပေးခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အိန္ဒိယကြားက တစ်ခုတည်းသော တရားဝင် နယ်စပ်ဖြတ်ကျော် စခန်းမှာ လေယာဉ်မှူး အဘင်နဒန် ဗာသာမန် ကို အိန္ဒိယ တာဝန်ရှိသူတွေဆီ မတ်လ ၁ ရက် သောကြာနေ့ ညနေပိုင်းက ပြန်လည် လွှဲပြောင်းပေးခဲ့တာပါ။

လွှဲပြောင်းမပေးခင် မိနစ်ပိုင်းအလိုမှာ ပါကစ္စတန် ရုပ်သံက တဆင့် ပါကစ္စတန် တပ်မတော်ကို လေးစားတဲ့ အကြောင်း လေယာဉ်မှူးက ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အနေနဲ့ ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို ပြန်လွှတ်ပေးမယ်ဆိုပြီး ကြာသပတေးနေ့တုန်းက ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်း က ကြေညာခဲ့ပါတယ်။

နျူကလီးယား လက်နက် ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက မွတ်စလင်အများစု ရှိတဲ့ ကက်ရှ်မီးယား ဒေသ ကို ပိုင်ဆိုင်ကြောင်း တောင်းဆိုနေကြပြီး အဲဒီဒေသကို ခွဲခြမ်း ထိန်းချုပ်ထားကြပါတယ်။

အိန္ဒိယမှာတော့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ လေယာဉ်မှူးကို သူရဲကောင်း အဖြစ် ချီးကျူး နေကြပြီး မြို့တော် ဒေလီမှာ မီးရှုးမီးပန်းတွေ ပစ်ဖောက် ဂုဏ်ပြုခဲ့ကြပါတယ်။

"စံနမူနာ ယူထိုက်တဲ့ သတ္တိ" အတွက် တစ်တိုင်းပြည်လုံးက ဂုဏ်ယူ နေကြောင်းလည်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ မူပိုင် ARUN SANKARAFPGetty Images
Image caption မတ်လ ၁ ရက်နေ့က ချနိုင်းမှာ ကျင်းပခဲ့တဲ့ လေယာဉ်မှူးကို ဂုဏ်ပြုတဲ့ ပွဲ တစ်ခု မြင်ကွင်း
ဓာတ်ပုံ မူပိုင် AFP/Getty
Image caption နယ်စပ်ကို မဖြတ်ကျော်မီ အိန္ဒိယ လေယာဉ်မှူးရဲ့ ဗီဒီယိုကို ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့

လေယာဉ်မှူးက ဘာပြောလဲ

တည်းဖြတ်ထားတယ်လို့ ယူဆရတဲ့ ပါကစ္စတန် ရုပ်သံက ထုတ်လွှင့်ချက်မှာ လေယာဉ်မှူးက သူဘယ်လို ပစ်ချခံရကြောင်း ရှင်းပြထားပြီး မြေပြင်ပေါ် ရောက်တဲ့ အချိန်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီး လက်ထဲကနေ ပါကစ္စတန် စစ်တပ်က သူ့ကို ဘယ်လို ကယ်တင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ပါကစ္စတန် တပ်မတော်က ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့ပါတယ်၊ သူတို့ဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ပီသတဲ့ စစ်သားကောင်းတွေပါ " လို့ စစ်တိုက်လေယာဉ်မှူး ဝတ်စုံ ဝတ်ဆင်ထားတဲ့ အိန္ဒိယလေယာဉ်မှူးက ပြောခဲ့ပါတယ်။ အနာဂတ်မှာ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ့် အရိပ်အယောင်တွေကိုလည်း တွေ့မြင်နေရတယ်လို့ သူက ဆိုခဲ့ပါတယ်။

သောကြာညနေပိုင်းမှာတော့ မြို့တော် ဒေလီမှာ လေယာဉ်မှူးဟာ ကျန်းမာရေး ဆေးစစ်တာတွေ ခံယူခဲ့ပြီး သူ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို အိန္ဒိယ တပ်မတော်ဆီမှာ ပြန်လည် အစီရင်ခံခဲ့ပါတယ်။

အခု သီတင်းပတ် အကုန်မှာတော့ လေယာဉ်မှူးဟာ သူ့ မိသားစုဆီ ပြန်နိုင်မှာ ဖြစ်တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် HINDUSTAN TIMES/GETTY
Image caption လေယာဉ်မှူး ပြန်လွတ်လာလို့ ပျော်ရွှင်နေကြတဲ့ ဒေလီက အိန္ဒိယ ပြည်သူတချို့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပစ်ချခံခဲ့ရတဲ့ အိန္ဒိယ ဂျက်လေယာဉ်ပျံရဲ့ အပျက်အစီးတွေ မြင်တွေ့ရတဲ့ ရုပ်သံ

လေယာဉ်မှူး ဘာဖြစ်ခဲ့သလဲ

ပါကစ္စတန် စစ်တပ် ပြောခွင့်ရသူရဲ့ အဆိုအရတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကက်ရှ်မီးယားဒေသ အိန္ဒိယ ထိန်းချုပ်နယ်မြေထဲမှာ ပါကစ္စတန် တိုက်လေယာဉ်တွက "တိုက်ခိုက်မှုတွေ" လုပ်ဆောင်ခဲ့တယ် ဆိုပါတယ်။ ဒါပေမယ့် ဘယ်လို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အဲဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ချိန်မှာ အိန္ဒိယ ဂျက်တိုက်လေယာဉ် ၂ စီးက ပြန်လည် တုံ့ပြန် တိုက်ခိုက်ရင်းနဲ့ တရားဝင် သတ်မှတ်ထားတဲ့ မဟုတ်ပေမယ့် နှစ်နိုင်ငံ နယ်နိမိတ် အဖြစ် ကက်ရှ်မီးယား ဒေသထဲမှာ ပိုင်းခြားထားတဲ့ နယ်စပ်မျဉ်းကို ဖြတ်ကျော်လာခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ ဂျက်လေယာဉ်တွေက အဆင့်သင့်ပဲ၊ အိန္ဒိယ လေယာဉ် ၂ စီးလုံးကို ပစ်ချခဲ့တယ်" လို့ ပါကစ္စတန် တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ်ကြီး အဇိဖ်ဂါဖောက ဆိုပါတယ်။

အဲဒီမှာ အိန္ဒိယ လေယာဉ်မှူးကို မြေပြင်ပေါ်မှာ လက်ရဖမ်းဆီးရမိခဲ့တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PAKISTAN INFORMATION MINISTRY
Image caption မျက်စိကို အဝတ်နဲ့ ပိတ်စည်းခံထားရတဲ့ လေယာဉ်မှူးရဲ့ ရုပ်ပုံတွေ ထွက်လာခဲ့လို့ ဝေဖန်မှုတွေ ဖြစ်ခဲ့

နောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ လေယာဉ်မှူး အဘင်နဒန် ဗာသာမန်ရဲ့ ရုပ်ပုံတွေ ထွက်ရှိလာပါတယ်။

အဲဒီမှာ ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယား ဘက်ခြမ်းက ဒေသခံ တချို့က ဖမ်းဆီးခံ လေယာဉ်မှူး အပေါ် ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကို ပေါ်ထွက်လာတဲ့ ရုပ်ပုံတွေမှာ တွေ့မြင်ခဲ့ရလို့ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလို တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ အတွက် ပါကစ္စတန် စစ်တပ်က ကြားဝင်ပြီး အတားအဆီး တစ်ခု လုပ်ဆောင်ခဲ့တာကိုလည်း ရုပ်ပုံတွေမှာ တွေ့မြင်ရလို့ ဒီ့အတွက် ချီးကျူးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

လေယာဉ်မှူး ဖမ်းဆီးခံရပြီး ပြီးချင်း ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီးဌာနက ကနဦး ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်မှာ မျက်စိကို အဝတ်နဲ့ ပိတ်စည်းခံထားရတဲ့ အိန္ဒိယ လေယာဉ်မှူးက ရေသောက်ချင်ကြောင်း ပြောနေတာကို ကြားခဲ့ရပါတယ်။ အဲဒီ ရုပ်သံကို နောက်ပိုင်းမှာ ပါကစ္စတန်ဘက်က ပြန် ဖျက်ပစ်ခဲ့ပါတယ်။

နောက်ပိုင်း ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ အိန္ဒိယ လေယာဉ်မှူးဟာ မျက်လုံးကို အဝတ်စည်းထားတာ မခံရတော့ဘဲ လက်ဖက်ရည် သောက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ထွက်ပေါ်ခဲ့တဲ့ ရုပ်ပုံတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ "ဒဏ်ရာရနေသူ အမှုထမ်း တစ်ဦးကို အောက်တန်းကျကျ ပုံဖော်မှု" အဖြစ် ပြစ်တင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အိန္ဒိယ လေယာဉ်မှူးရဲ့ မိသားစုဘက်ကတော့ အခုအချိန်အထိ သဘောထား မှတ်ချက် မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံ တစ်ခုမှာတော့ ချင်နိုင်း ကနေ မြို့တော် ဒေလီ ကို ပျံသန်းမယ့် လေယာဉ်ပေါ်ကို တက်လာတဲ့ လေယာဉ်မှူးရဲ့ မိဘ နှစ်ဦးကို ကျန်တဲ့ ခရီးသည်တွေက လက်ခုပ်တီးပြီး ဂုဏ်ပြု ကြိုဆို နှုတ်ဆက်ခဲ့ကြတာကို တွေ့မြင် ခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပြန်လွတ်လာတဲ့ လေယာဉ်မှူးကို သူရဲ့ကောင်း အဖြစ် အိန္ဒိယမှာ ဂုဏ်ပြုနေကြ

ဒီသတင်းနဲ့ပတ်သက်သမျှ