ကိုယ်ထူးကိုယ်ချွန်ပြီး အသက်အငယ်ဆုံး ဘီလီယံနာဖြစ်လာသူ ခိုင်လီ ဂျန်နာ

ခိုင်လီ ဂျန်နာ ဓာတ်ပုံ မူပိုင် Getty Images
Image caption အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလီယံနာ ဖြစ်လာသူ ခိုင်လီ ဂျန်နာ

နာမည်ကျော် ဆယ်လီတစ်ယောက် ဖြစ်တဲ့ ခိုင်လီ ဂျန်နာဟာ ကမ္ဘာ့ အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလီယံနာ ဖြစ်လာတယ်လို့ ဖော့ဘ်မဂ္ဂဇင်းရဲ့ ဘီလီယံနာ စာရင်းကနေ ဖော်ပြလိုက်ပါတယ်။

သူရဲ့ ရောင်းအား အကောင်းဆုံး အလှကုန်လုပ်ငန်းကနေ သူဟာ ဝင်ငွေတွေ ရခဲ့တာဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ဆယ်လီမိသားစု ကာဒက်ရှ်ရှီယန်တွေထဲက အငယ်ဆုံးသမီးပါ။

ခိုင်လီ အမှတ်တံဆိပ် အလှကုန်လုပ်ငန်းကို ပိုင်ဆိုင်တဲ့ ခိုင်လီ ဟာ အသက် ၂၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ သက်တမ်း သုံးနှစ် ရှိပြီဖြစ်တဲ့ သူ့ရဲ့လုပ်ငန်းကနေ ပြီးခဲ့တဲ့နှစ်က အမေရိကန် ဒေါ်လာ သန်း၃၆၀လောက် ရရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

ဖေ့ဘွတ်ခ် တည်ထောင်သူ မာခ့် ဇက်ကာဘာ့ခ်ဟာ အသက် ၂၃နှစ်မှာ ဘီလီယံနာ ဖြစ်လာခဲ့ပြီး ခိုင်လီကတော့ သူ့ထက် ငယ်တဲ့ အရွယ်မှာပဲ ဘီလီယံနာ ဖြစ်ခဲ့တာပါ။

ကျွန်မ ဘာမှ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်မ အနာဂတ်ကိုလည်း ကြိုမမြင်ခဲ့ပါဘူး။

ဒါပေမယ့် အခုလို အသိအမှတ် ပြုခံရတာ အင်မတန် ကောင်းပါတယ်။ အဲဒါက ခွန်အား ဖြစ်စေပါတယ်လို့ ခိုင်လီက ဖော့ဘ်စ်ကို ပြောပါတယ်။

အခု စာရင်းအရတော့ အမေဇုန် တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ်က ကမ္ဘာ့ အချမ်းသာဆုံးသူ ဖြစ်နေဆဲပါ။

သူ့ပိုင်ဆိုင်မှု စုစုပေါင်းက အမေရိကန် ဒေါ်လာ ၁၃၁ ဘီလီယံရှိပါတယ်။ အဲဒါက ၂၀၁၈ခုနှစ်ကထက် ၁၉ဘီလီယံ တိုးလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘီလီယံနာတွေ အားလုံးရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုကတော့ ၉ ဒသမ ၁ ထရီလီယံကနေ ၈ ဒသမ ၇ ထရီလီယံကို လျော့ကျခဲ့ပါတယ်။

အဲဒီလို ပိုင်ဆိုင်မှု တန်ဖိုး ကျဆင်းသွားခဲ့တဲ့သူတွေထဲမှာ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ် ဇက်ဂါဘာ့ခ်လည်း ပါပါတယ်။

ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံ မနှစ်က လျော့ကျခဲ့လို့ သူ့ပိုင်ဆိုင်မှုက ၆၂ ဒသမ ၃ ဘီလီယံပဲ ရှိတော့တယ်လို့ ဖော့ဘ်စ် စာရင်းမှာ ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်ခ် သုံးသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ လုံခြုံမှုကို သူ့ကုမ္ပဏီက ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ဖေ့စ်ဘွတ်ခ်က သူ့ရှယ်ယာတွေရဲ့ တန်ဖိုးက သုံးပုံတစ်ပုံ ကျသွားခဲ့ဖူးပါတယ်။

အမေဇုန် ရှယ်ယာတွေရဲ့ တန်ဖိုးက မစ္စတာ ဘီဇော့စ် ပိုင်ဆိုင်မှုကို ကောင်းကောင်း အထောက်အကူ ပြုခဲ့ပါတယ်။ အဲဒါက ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ဘီလ် ဂိတ်စ်နဲ့ ဘီဇော့်စ့် အကြား ပိုင်ဆိုင်မှု ကွာခြားမှုကို ပိုသိသာ သွားစေခဲ့ပါတယ်။ မစ္စတာဂိတ်စ်ရဲ့ ပိုင်ဆိုင်မှုက မနှစ်က ၉၀ ဘီလီယံကနေ ၉၅ ဘီလီယံအထိ တိုးလာခဲ့တာတောင်မှ အခုလို ကွာခြားချက် များနေသေးတာ ဖြစ်ပါတယ်။

ဘီလီယံနာတွေ စာရင်းထဲမှာ အမျိုးသမီး၂၅၂ ယောက်ပဲ ပါပါတယ်။ အဲဒီထဲက အချမ်းသာဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလီယံနာ အမျိုးသမီးကတော့ တရုတ်နိုင်ငံက အိမ်ခြံမြေလုပ်ငန်း သူဌေးမကြီး ဝူယကျင်းဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာသူ အမျိုးသမီး အရေအတွက်ကတော့ ပြီးခဲ့တဲ့ ၅၆ နှစ်ကထက် စာရင် ပထမဆုံးအနေနဲ့ ၇၂ ယောက်အထိ တိုးလာပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ့ အချမ်းသာဆုံးအဖြစ် ဆက်ရှိနေဆဲနဲ့ ပိုင်ဆိုင်မှုတွေ တိုးပွားလာနေတဲ့ ဂျက်ဖ် ဘီဇော့စ်

အခု ဖော့ဘ်စ်က ထုတ်လိုက်တဲ့ စာရင်းက အခုနှစ် ဖေဖော်ဝါရီလ ၈ ရက်မှာ သူတို့တွေရဲ့ ပိုင်ဆိုင်မှုကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ဘီလီယံနာ အရေအတွက် လျော့သွားခဲ့ပါတယ်။ ဒီနှစ်မှာ စုစုပေါင်း ၂၁၅၃ ယောက် ရှိတယ်လို့ ဖော့ဘ်စ်က ဆိုပါတယ်။ အဲဒါက ၂၀၁၈ ခုနှစ်မှာ ၂၂၀၈ ယောက် ရှိခဲ့ရာကနေ လျော့ကျခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် သူတို့တွေရဲ့ ပိုင်ဆိုင်မှုဟာ ပျမ်းမျှအားဖြင့် ၄ ဒသမ ၁ ဘီလီယံကနေ ၄ ဘီလီယံကို လျော့ကျခဲ့တာပါ။ အဲဒီထဲက ၉၉၄ ယောက်ဟာ မနှစ်ကထက် စာရင် ပိုင်ဆိုင်မှု တန်ဖိုး လျော့ကျခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေး နှေးကွေး ကျပ်တည်းမှုတွေ ပြင်းထန်တာတောင်မှ ပါးနပ်ပြီး ဇွဲနပဲနဲ့ လုပ်တဲ့ စွန့်ဦး တီထွင်သမားတွေကတော့ ချမ်းသာဖို့ လမ်းသစ်တွေ ရှာတွေ့ကြပါတယ်လို့ ဖော့ဘ်စ်ရဲ့ ငွေကြေး ဓနဆိုင်ရာ အယ်ဒီတာ လွီဇာ ခရော်လ်က ပြောပါတယ်။

ဘီလီယံနာတွေထဲမှာ ယူကေ နိုင်ငံသား ၅၂ ယောက်ပါဝင်ပါတယ်။ ထိပ်ဆုံးမှာတော့ ဟင်ဒူဂျာ ညီအစ်ကိုတွေဖြစ်တဲ့ ဆရီချန် ဟင်ဒူဂျာနဲ့ ဂိုပီးချန် ဟင်ဒူဂျာတို့ဖြစ်ပါတယ်။ သူတို့ဟာ ဟင်ဒူဂျာ လုပ်ငန်းစုကြီးကို ထိန်းချုပ်ထားသူတွေ ဖြစ်ပြီး သူတို့ပိုင်ဆိုင်မှု စုစုပေါင်းက ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံရှိပါတယ်။

သူတို့နောက်မှာတော့ ဂျိမ်းစ် ရတ်ကလစ်ဖ် ဖြစ်ပါတယ်။ သူကတော့ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းစု အင်နီးရော့စ် လုပ်ငန်းကို တည်ထောင်သူ ဖြစ်ပြီး သူ့ပိုင်ဆိုင်မှုကတော့ ၁၂.၁ ဘီလီယံဒေါ်လာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျိမ်းစ်ရတ်ကလစ်ဖ်က သူ့လုပ်ငန်းစုရဲ့ ၆၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ပါတယ်

အော်ရကဲလ် ဆော့ဖ်ဝဲလ်လုပ်ငန်းရဲ့ ပူးတွဲ အမှုဆောင် အရာရှိချုပ် ဆာဖရာ ခက်စ်ကတော့ ဘီလီယံနာ စာရင်းထဲကို ပထမဆုံး ဝင်လာသူ ဖြစ်ပါတယ်။ သူက သူ့ရဲ့လစာဝင်ငွေ ကနေ ၄၁ မီလီယံ တိုးလာခဲ့လို့ ကမ္ဘာ့လစာဝင်ငွေ အများဆုံး ရတဲ့ အမျိုးသမီး အရာရှိချုပ်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖေ့စ်ဘွတ်ခ် ရှယ်ယာတန်ဖိုးတွေ ကျလာတာက မာ့ခ်ဇက်ကာဘာ့ခ်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုး လျော့ကျစေခဲ့ပါတယ်

အမေရိကန်နိုင်ငံမှာ ဘီလီယံနာ ၆၀၇ ယောက်ရှိပြီး အဲဒါဟာ တခြားနိုင်ငံတွေထက် ပိုများပါတယ်။ တရုတ်နိုင်ငံက ဘီလီယံနာ အများဆုံး ဒုတိယ အဆင့်မှာ ရှိပြီး စုစုပေါင်း ၃၂၄ ယောက်ရှိပါတယ်။ ဒါပေမဲ့ တရုတ် ဘီလီယံနာ စာရင်းကတော့ အပြောင်းအလဲ များခဲ့ပါတယ်။ အသစ် ဝင်လာသူ ၄၄ ယောက် ရှိပြီး စာရင်းထဲကနေ ၁၀၂ ယောက် ပြန်ပြုတ်သွားခဲ့ပါတယ်။

ဥရောပက ဘီလီယံနာ စာရင်းဝင်သူ နှစ်ယောက်ပဲ ရှိခဲ့ပြီး အဲဒါက ဥရောပ ငွေကြေးတန်ဖိုး အားနည်းတာနဲ့တော့ သိပ်မသက်ဆိုင်လှပါဘူး။ နာမည်ကျော် ပြင်သစ် ဇိမ်ခံတန်ဖိုးကြီး ပစ္စည်းတွေ ထုတ်တဲ့ LV ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘယ်နား အာနိုးက အဆင့် ၄ ဝင်ခဲ့ပါတယ်။ အန်မန်သီယို အော်ထေဂါကတော့ အဆင့် ၆ နေရာ ဝင်ရောက်ခဲ့ပါတယ်။ သူကတော့ နာမည်ကျော် ဇာရာ အမှတ်တံဆိပ်ကိုပိုင်ဆိုင်တဲ့ အင်ဒစ်တက်စ် လက်လီ လုပ်ငန်းစုကို တည်ထောင်သူ ဖြစ်ပါတယ်။

မနှစ်က ဘီလီယံနာ စာရင်းထဲကနေ သူဌေးကြီး ၂၄၇ ယောက် ပြန်ပြုတ်သွားတယ်လို့ ဖော့ဘ်စ်က ဆိုပါတယ်။ ဒေါ်မန့်နီခို ဒေါ်လ်ချေ နဲ့ စတဖ်ဖန်နို ဂူဘားနား တို့လည်း ပြန်ပြုတ်သွားတဲ့ စာရင်းမှာ ပါပါတယ်။ သူတို့ကတော့ ဒေါ်လ်ချေနဲ့ ဂူဘားနားကို ပူးတွဲ တည်ထောင်သူနဲ့ ဖက်ရှင် ဒီဇိုင်နာတွေ ဖြစ်ပါတယ်။

လီနဲ့ဖန်း ကုမ္ပဏီ ဥက္ကဌ ဗစ်တာဖန်းလည်း ဘီလီယံနာ စာရင်းထဲမှာ ၁၈ နှစ် ဆက်တိုက် ပါခဲ့ပြီးနောက်ပိုင်းမှာ အခုတော့ ပါမလာတော့ပါဘူး။

ဆက်စပ် အကြောင်းအရာများ