ဖိနပ်မစီး ခြေဗလာနဲ့သွားရတဲ့ ရွာကလေး

အန်ဒမန်ရွာ ဓာတ်ပုံ မူပိုင် Kamala Thiagarajan
Image caption လယ်စိုက်သူတွေ အများစု နေကြတဲ့ အန်ဒမန်ရွာ

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီနာဒူး ပြည်နယ်က အန်ဒမန်ရွာကလေးဟာ ပြည်နယ်မြို့တော် ချန်နိုင်းနဲ့ ကီလိုမီတာ ၄၅၀ အကွာ၊ ကားနဲ့ ဆိုရင် ၇ နာရီခွဲလောက် မောင်းရတဲ့ နေရာမှာ ရှိပါတယ်။ မိသားစု ၁၃၀ လောက် အဲဒီရွာမှာ နေပါတယ်။ ရွာသားအများစုက ရွာအနီးတဝိုက်မှာပဲ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးတဲ့ လယ်သမားတွေပါ။

ရွာထိပ်က တမာပင်အောက်မှာ ရှပ်အင်္ကျီ အဖြူနဲ့ လုံချည်အကွက် ဝတ်ထားတဲ့ အသက် ၇၀ အရွယ် အမျိုးသားကြီး မူခန် အရူမူဂမ်က ကောင်းကင်ကို မော့ကြည့် ဆုတောင်းနေပါတယ်။ ဇန်နဝါရီလ အကုန်လောက်ပဲ ရှိသေးပေမယ့် နေ့လယ်နေက ကျဲကျဲတောက် ပူနေပါတယ်။

ရွာသားတွေ ရွာထဲဝင်တဲ့အခါ ဖိနပ်တွေ စချွတ်၊ လက်ကကိုင်ပြီးမှ ရွာထဲ စဝင်ရတဲ့ နေရာ တစ်ခု ရှိပါတယ်။

ရွာထဲမှာ အသက်ကြီးသူတွေနဲ့ မကျန်းမာသူတွေကလွဲရင် ဘယ်သူမှ ဖိနပ်မစီးကြပါဘူး။ မူခန် အရူမူဂမ်လည်း ခြေဗလာနဲ့ပါ။ အသက်ကြီးရင့်လာပြီ ဖြစ်တဲ့ သူလည်း နောက်ဆိုရင် ဖိနပ်စီး စစီးတော့မယ်လို့ ပြောပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီလတွေမှာ စီးရလိမ့်မယ်လို့ ဆိုပါတယ်။

ရွာထဲမှာ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ အလုပ် သွားလုပ်ကြမယ့် လူတွေ အကုန်လုံး ဖိနပ်တွေကို လက်က ကိုင်ပြီး သွားလာနေကြပါတယ်။ သူတို့တွေ ဖိနပ်ကို လက်က ကိုင်ပြီး သွားလာနေကြပုံက ပိုက်ဆံအိတ်ကိုင် သွားလာနေကြသလို ပုံမျိုးပါ။

ဓာတ်ပုံ မူပိုင် Kamala Thiagarajan
Image caption ရွာထိပ်က တမာပင်ကနေစပြီး ဖိနပ်တွေချွတ်ပြီး ရွာထဲဝင်ကြတယ်

၁၀နှစ်သား အန်ဘူ နစ်သီက ရွာထဲမှာ စက်ဘီးစီးနေပါတယ်။ သူလည်း ဖိနပ်မပါပါဘူး။ သူက ရွာနဲ့ ငါးကီလိုမီတာ ဝေးတဲ့ မြို့မှာ ကျောင်းတက်နေတဲ့ ငါးတန်း ကျောင်းသားပါ။

မူသီယာလမ်မာ လို့ခေါ်တဲ့ တန်ခိုးကြီးတဲ့ နတ်ဘုရားမက ရွာကို စောင့်ရှောက်နေတယ်လို့ သူ့အမေက သူ့ကို ပြောထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီနတ်ကို လေးစားတာကို ပြချင်လို့ သူတို့တွေ ဖိနပ်မစီးကြတာလို့ သူက ဆက်ပြောပါတယ်။ ဒါဟာ မလုပ်မနေရ မဟုတ်ပေမယ့် ဖိနပ်စီးတာဟာ တရွာလုံးရဲ့ အင်မတန် တန်ဖိုးထားတဲ့ မိတ်ဆွေကို မလေးမစား လုပ်သလို ဖြစ်မယ်လို့ သူကပြောပါတယ်။

ရွာသားတွေ ခြေဗလာနဲ့ သွားလာကြတာဟာ အတင်းအကြပ် လုပ်ခိုင်းလို့ လုပ်နေရတာထက် သူတို့ကိုယ်တိုင် အဲဒီ့အကျင့်ကို လိုလိုလားလား လုပ်နေကြတာ ဖြစ်ပါတယ်။

ရွာနားမှာပဲ လယ်စိုက်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ယောက်ကတော့ သူ့ကလေး လေးယောက်ကို ဖိနပ်မစီးဖို့ အတင်းအကြပ် ခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ သူ့ကလေးတွေက အခု အရွယ်ရောက်လို့ တခြားမြို့တွေ သွားပြီး အလုပ်လုပ်နေကြပါပြီ။ ဒါပေမဲ့ သူ့ဆီ လာတဲ့အခါ ရွာထုံးစံ အတိုင်း နေကြတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kamala Thiagarajan
Image caption ရွာထဲမှာ ဖိနပ်စီးတာကို အတင်းအကြပ် တားမထားပေမဲ့ အများစုက မစီးကြပါဘူး။

ဒါပေမဲ့ တစ်ခါတုန်းကတော့ နတ်ကို ကြောက်တဲ့အခါ ရှိခဲ့ဖူးပါတယ်။

စည်းကမ်းကို မလိုက်နာရင် ဆိုးဆိုးရွားရွား ရောဂါဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့ အရပ်ပုံပြင် တစ်ပုဒ်ကနေ စတာပါ။

အဲဒီပုံပြင်ကို အသက် ၆၂ အရွယ် လက်ရှ်မန်နန် ဗီရာဘရာဒါ က ပြောပြတာပါ။ သူက ရွာရဲ့ ရာဇဝင်အိုးလိုမျိုး လူပေါ့။

လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်က မူသီယာလမ်မာ နတ်ရုပ်ကို ရွာသားတွေဟာ ရွာစပ်က တမာပင်အောက်မှာ စ ထားခဲ့ကြတာပါ။ နတ်ရုပ်ကို ရွှံ့နဲ့ လုပ်ပြီး ထားခဲ့ကြတာပါ။ အဲဒီမှာ ဖိနပ်မချွတ်ဘဲ ဖြတ်လျှောက်သွားတဲ့ လူငယ်တစ်ယောက် ပြင်းပြင်းထန်ထန် ဖျားပါလေရောတဲ့။ အဲဒီလို ဖြစ်ရာကနေ သူနေပြန်ကောင်းဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရသတဲ့။ အဲဒီကနေစပြီး ရွာသားတွေ ဖိနပ်မစီးကြတော့တာလို့ သူက ပြောပြပါတယ်။

အဲဒီနတ်ကို ပူဇော်တဲ့ နတ်ပွဲကို ငါးနှစ်တစ်ခါ ဒါမှမဟုတ် ရှစ်နှစ်တစ်ခါလောက် ဧပြီလမှာ လုပ်ကြပါတယ်။ သုံးရက်ကြာ လုပ်တဲ့ နတ်ပွဲပါ။ ပြီးရင်တော့ နတ်ရုပ်ကို မြေကြီး ပြန်ဖြစ်သွားတဲ့အထိ တစ်စစီ ဖြစ်အောင် ထုရိုက်လိုက်ကြပါတယ်။ နတ်ပွဲရက် အတွင်းမှာတော့ ဆုတောင်းတဲ့သူတွေ၊ ပသတဲ့ သူတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ပြဇာတ်လိုမျိုးတွေ ကျင်းပကြပါတယ်။ အဲလို နတ်ပွဲလုပ်ရင် အကုန်အကျ များတာကြောင့် ခဏခဏ လုပ်လေ့ မရှိကြဘဲ နတ်ပွဲ နောက်ဆုံး လုပ်ခဲ့တာ ၂၀၁၁ နှစ်ကလို့ ဆိုပါတယ်။ နောက်ဘယ်တော့ လုပ်မလဲ ဆိုတာလည်း သူတို့ သေချာ မသိကြသေးပါဘူး။ အလှူငွေ ဘယ်လောက် ရသလဲ ဆိုတာအပေါ် မူတည်ပါတယ်။

ဓာတ်ပုံ မူပိုင် Kamala Thiagarajan
Image caption ရွာထဲ ဖိနပ်မစီးတာ သူတို့ ကိုယ်တိုင်က လေးလေးစားစားနဲ့ လုပ်တဲ့အကျင့်ပါ

တခြား အပြင်ကလူတွေကတော့ သူတို့အကျင့်ကို ထူးထူးဆန်းဆန်းလို့ မြင်ကြပါတယ်။

အသက် ၄၀ အရွယ် ရွာသားတစ်ယောက်ကတော့ နတ်က သူတို့ရွာသားအချင်းချင်း တစ်မိသားစုတည်းလို စည်းလုံးအောင် လုပ်ပေးပါတယ်တဲ့။ တစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ သေဆုံးသူက ဆင်းရဲသူ ဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် တခြားမိသားစုတွေက ရူပီး ၂၀ လောက်စီ ငွေကူ ပေးကြတယ်လို့ ပြောပါတယ်။

ဘယ်နေရာမှာ ဖြစ်ပါစေ၊ ဒီလိုမျိုး ယုံကြည်မှုနဲ့ နေထိုင်နေကြတာပါပဲ။ ဒီရွာမှာလည်း အဲဒီလို ယုံကြည်မှုတွေထဲက တစ်မျိုး ရှိနေရုံပါပဲလို့ သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ