အီသီယိုးပီးယား လေကြောင်းလိုင်းက ပျက်ကျတဲ့ဘိုးရင်း ၇၃၇ မက်စ် ၈ ဆိုတာ ဘယ်လို လေယာဉ်မျိုးလဲ

ဘိုးရင်း ၇၃၇ မက်စ် ၈ ဓာတ်ပုံ မူပိုင် BOEING
Image caption နိုင်ငံ ၁၀၀ ကျော်ကနေ ဝယ်ယူဖို့ အမှာစာ ၄၅၀၀ ကျော် ရထားတဲ့ ဘိုးရင်း ၇၃၇ မက်စ် ၈

အီသီယိုးပီးယား လေယာဉ်ပျက်ကျမှုဟာ ငါးလအတွင်း ဘိုးရင်းလေယာဉ် အမျိုးအစားသစ် ဒုတိယအကြိမ် ပျက်ကျမှုဖြစ်ပါတယ်။

ဘိုးရင်း ၇၃၇ မက်စ် ၈ ကို ခရီးသည်ပို့ဆောင်ရေးအတွက် ၂၀၁၇ ခုနှစ်ကမှ စသုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အင်ဒိုနီးရှား လိုင်းယွန်း လေကြောင်းလိုင်းရဲ့ ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ်ဟာ ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကနေ ပျံတက်စဉ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး အဲဒီ ပျက်ကျမှုမှာ လူ ၁၈၉ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီအချိန်မှာ လေယာဉ် သက်တမ်းဟာ သုံးလပဲ ရှိပါသေးတယ်။

အခု ပျက်ကျတဲ့ အီသီယိုးပီးယား လေကြောင်းရဲ့ လေယာဉ်ဟာလည်း ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ ပြန်ပါတယ်။ အဲဒီလေယာဉ်ဟာ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက ပထမဆုံး စတင်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

မက်စ် ၈ ဟာ အရင် ဘိုးရင်းမော်ဒယ်တွေနဲ့ ဘာကွာလဲ

"တခြား လေယာဉ်တွေနဲ့ ယှဉ်ရင် ဘိုးရင်း ၇၃၇ မက်စ် ၈ ရဲ့ အင်ဂျင်ရဲ့ အတောင်ပံနဲ့ ချိတ်ဆက်ထားပုံဟာ အင်ဂျင်ဟာ အရှေ့ကို ပိုရောက်ပြီး နည်းနည်းပိုမြင့်တယ်။ အဲဒါက လေယာဉ်ရဲ့ ဟန်ချက်ထိန်းပုံကို အကျိုးသက်ရောက်တယ်" လို့ ဂျာကာတာ အခြေစိုက် လေကြောင်းဆိုင်ရာ လေ့လာသုံးသပ်သူ ဂျယ်ရီး ဆိုးဂျတ်မန်းက ပြောပါတယ်။

အင်ဒိုနီးရှား အမျိုးသား ပို့ဆောင်ရေး လုံခြုံရေး ကော်မတီက လိုင်းယွန်း လေယာဉ် ခရီးစဉ် အမှတ် ၆၁၀ ရဲ့ အာရုံခံအချက်ပြစနစ်(ဆင်ဆာ)တွေထဲက တစ်ခုကနေ အချက်ပြအမှား ပေးပို့မှုကို တွေ့ကြုံခဲ့ရတယ်လို့ သက်သေပြ ထားပါတယ်။ အကယ်၍ လေတိုက်နှုန်း လျော့ကျလို့ အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေ ရောက်တဲ့အခါ လေယာဉ်မှူးတွေကို ပေးပို့ရမယ့် အချက်ပြ သတင်းပို့မှုကို အဲဒီ အချက်ပြစနစ် ကနေ ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းက ဘာလဲ ဆိုတာတော့ စုံစမ်းစစ်ဆေးမှု အပြီးမသတ်သေးပါဘူး။

Image caption ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ်အရွယ်အစားနဲ့ တည်ဆောက်မှုပုံစံ

ဘိုးရင်း ၇၃၇ မက်စ် ၈ ရဲ့ ဆင်ဆာနဲ့ ဆော့ဖ်ဝဲတွေဟာ အရင် ဘိုးရင်း ၇၃၇ မော်ဒယ်တွေနဲ့ အလုပ်လုပ်ပုံ မတူပါဘူး။ ဒါပေမဲ့ အဲဒါကို လေယာဉ်မှူးတွေကို မပြောထားရသေးဘူးလို့ ဆိုပါတယ်။

လိုင်းယွန်း လေယာဉ်ပျက်ကျပြီး ရက်ပိုင်းအတွင်းမှာ လေယာဉ် ထုတ်လုပ်တဲ့ ဘိုးရင်းကနေ လေကြောင်းလိုင်းတွေဆီကို ထုတ်ပြန်ချက် တစ်စောင် ပေးပို့ခဲ့ပါတယ်။

အမေရိကန် လေကြောင်း ထိန်းသိမ်းရေးကတော့ အရေးပေါ် ညွှန်ကြားချက် တစ်ရပ် ထုတ်ပြီး အမေရိကန် လေကြောင်းလိုင်းတွေဆီကို ပို့ခဲ့ပါတယ်။ အဲဒီ ညွှန်ကြားချက်က Angle of Attack (AOA) sensor လို့ ခေါ်တဲ့ ဆင်ဆာ အကြောင်း ညွှန်ကြားချက်ပါ။

အမေရိကန် လေကြောင်း အာဏာပိုင်ကတော့ ဆင်ဆာနဲ့ပတ်သက်ပြီး "ဆင်ဆာက လေယာဉ်ဝန်ထမ်းတွေ လေယာဉ်ကို ထိန်းရ ခက်တာမျိုး ဖြစ်ကောင်း ဖြစ်စေနိုင်ပါတယ်။ အဲဒါကနေ လေယာဉ်ကို ပိုဦးစိုက် ဆင်းသွားစေတာ၊ အမြင့်ပေကို မသိနိုင်တော့တာနဲ့ မြေပြင်နဲ့ ပြင်းပြင်းထန်ထန် သွားဆောင့်မိတာမျိုးတွေ ဖြစ်စေနိုင်တယ်" လို့ ပြောပါတယ်။

အရေးပေါ်တပ်လှန့်တာကို ဘယ်သူတွေဆီပို့တာလဲ

လေယာဉ် ဝန်ထမ်းတွေဆီကို လေယာဉ်ပျံသန်းမှု ညွှန်ကြားချက်သစ်တွေ ပို့ဖို့ အမေရိကန် လေကြောင်းလိုင်းတွေ ညွှန်ကြားခံထားရပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် လေကြောင်းအာဏာပိုင်က အဲဒီ အချက်အလက်ကို တခြားနိုင်ငံတွေက လေကြောင်း ထိန်းသိမ်းရေး တာဝန်ရှိသူတွေ ဆီကိုလည်း ပေးပို့ခဲ့ပါတယ်။

အဲဒါကြောင့် လေယာဉ်မှူးတွေ အနေနဲ့ သူတို့ လေကြောင်းလိုင်းတွေကနေ တဆင့် လေကြောင်း ထိန်းသိမ်းရေး ဌာနတွေက ပေးပို့တဲ့ အချက်အလက်သစ်တွေ ရကြလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။

လေကြောင်း အသိုင်းအဝိုင်းက သတင်းရင်းမြစ်တွေ ကတော့ အီသီယိုးပီးယား လေကြောင်းက လေယာဉ်မှူးတွေ အဲဒီဆင်ဆာ ပြဿနာကို သိထားပြီး ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

Image caption အီသီယိုပီးယား လေယာဉ်ပျက်ကျမှု မြေပုံ

ပြီးတော့ အီသီးယိုးပီးယား လေယာဉ်ပျက်ကျမှုဟာ လိုင်းယွန်း လေကြောင်းလိုင်း လေယာဉ်ပျက်ကျတာနဲ့ တူတဲ့ အခြေအနေမျိုးကြောင့် ဖြစ်တယ် ဆိုတာကို လတ်တလော သက်သေ အထောက်အထား ပြစရာ မတွေ့ရသေးပါဘူး။

အဲဒါကို သိဖို့ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။

ဘိုးရင်းက ဘယ်လို တုံ့ပြန်သလဲ

တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာတော့ ဘိုးရင်းက နည်းပညာအဖွဲ့ တစ်ဖွဲ့ကနေ နည်းပညာဆိုင်ရာ အကူအညီတွေကို အမေရိကန် အမျိုးသား ပို့ဆောင်ရေး လုံခြုံရေး ဘုတ်အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုအပ်သလို ပေးမယ်လို့ ဘိုးရင်းက ဆိုပါတယ်။

လေယာဉ် ပျက်ကျမှုမှာ ပါသွားတဲ့သူတွေ၊ လေယာဉ် ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုတွေကို စာနာ ဝမ်းနည်းကြောင်းနဲ့ အီသီယိုးပီးယား လေကြောင်းကို ကူညီဖို့ အသင့်ရှိတယ်လို့လည်း ဘိုးရင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဘိုးရင်း ၇၃၇ မက်စ်ဟာ ဘိုးရင်းရဲ့ လေယာဉ်ရောင်းချမှု သမိုင်းမှာ အရောင်းအသွက်ဆုံး လေယာဉ်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က လေကြောင်းကုမ္ပဏီတွေကနေ ဝယ်ယူဖို့ အမှာစာ ၄၅၀၀ ကျော် ရထားတဲ့ လေယာဉ်ပါ။

ပျက်ကျမှု ကနဦး စုံစမ်းစစ်ဆေး တွေ့ရှိမှုတွေကို အခြေခံပြီး လေကြောင်း ထိန်းသိမ်းရေး အာဏာပိုင်တွေနဲ့ လေကြောင်းလိုင်းတွေ ဘာဆက်လုပ်မလဲ ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အီသီယိုးပီးယား လေကြောင်းဟာ အာဖရိကရဲ့ ဦးဆောင် လေကြောင်းလိုင်း အဖြစ် သတ်မှတ်ထားခြင်း ခံရတဲ့ လေကြောင်းလိုင်းပါ။

အဲဒီ လေကြောင်းလိုင်းဟာ အရည်အသွေး မြင့်မြင့် တာဝန်ခံမှု ရှိရှိ လည်ပတ်နေတဲ့ လေကြောင်းလိုင်း ဖြစ်တယ်လို့ လေကြောင်းဆိုင်ရာ လေ့လာသုံးသပ်သူ ဂျွန်စထရစ်လန်းက ပြောပါတယ်။