အဝလွန်တိုက်ပွဲ ဆင်နွှဲနေတဲ့ ကမ္ဘာတစ်လွှားက စစ်တပ်တွေ

အမေရိကန် တပ်စခန်း တစ်ခုမှာ လေ့ကျင့်နေတဲ့ တပ်သားတွေ ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် တပ်စခန်း တစ်ခုမှာ လေ့ကျင့်နေတဲ့ တပ်သားတွေ

အမေရိကန် စစ်တပ်ရဲ့ တပ်ဖွဲ့တွေဟာ မနိုင်တဲ့ စစ်ပွဲကို ဆင်နွှဲနေပါတယ်။ ကိုယ်အလေးချိန် တိုက်ပွဲကို တိုက်နေကြတာ ဖြစ်ပါတယ်။

အမေရိကန်တပ်သား ၆၆ ရာခိုင်နှုန်းနီးပါးဟာ ကိုယ်အလေးချိန် များနေတာ ဒါမှမဟုတ် အဝလွန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ၂၀၁၈ စစ်တမ်းအရ သိရပါတယ်။

အ၀လွန်မှုကြောင့် တပ်သားသစ် စုတဲ့နေရာမှာလည်း အခက်တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ တပ်သားသစ် စုဖို့ အကောင်းဆုံးအရွယ် အသက် ၁၆ နှစ်က ၂၄ နှစ်ကြား လူငယ်တွေရဲ့ ၁၁ ရာခိုင်နှုန်းကပဲ တပ်ထဲဝင်ဖို့ စိတ်ဝင်စားကြတာကို တွေ့ရတယ်။ လူနည်းတာကို ပိုဆိုးစေတာက လာလျှောက်သူ သုံးယောက်ထဲက တစ်ယောက်က ဝနေကြလို့ ပယ်လိုက်ရတာ ဖြစ်ပါတယ်။

မနှစ်တုန်းက အမေရိကန် စစ်တပ်ဟာ တပ်ဖွဲ့ဝင်တွေ အဝလွန်တာနဲ့ ဆိုင်တဲ့ ကျန်းမာရေး ကုသမှုတွေ လုပ်ရတာနဲ့ အဲဒါကြောင့် မကျန်းမာသူတွေရဲ့ လစ်လပ် နေရာတွေကို ပြန်ဖြည့်ရတာတွေ အတွက် အမေရိကန် ဒေါ်လာ ၁.၅ ဘီလျံလောက် သုံးခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်စစ်တပ်ထဲ ဝင်ဖို့ လာလျှောက်သူ ၂၀ ရာခိုင်နှုန်းလောက်က ကိုယ်အလေးချိန် စစ်ဆေးမှုမှာ ကျရှုံးကြတယ်။

ဇိမ်ကျနေတဲ့ တရုတ်တပ်

အသင့်စား အစားအစာတွေ စားလွန်းတာနဲ့ ကာမဂုဏ် စည်းစိမ် ခံစားတာ များလွန်းနေလို့ တရုတ်တပ်သားတွေ အဝလွန်တာပါလို့ တရုတ်တပ်ရဲ့ မီဒီယာ တစ်ခုက ပြောပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားတာနဲ့ ကိုယ်လက်လှုပ်ရှား နည်းတဲ့ လူနေမှုပုံစံတွေကြောင့် တပ်အတွက် လူသစ် ၀င်အရွေးခံတဲ့ လူငယ်တွေဟာ ကျန်းမာရေး စစ်လိုက်ရင် ကျကုန်ကြတယ်လို့ ဆိုပါတယ်။

တပ်ထဲဝင်ဖို့ တခြား လိုအပ်ချက်တွေလျှော့ပေးထားတောင်မှ၂၀၁၇ ခုနှစ်က လာလျှောက်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းက ကိုယ်အလေးချိန် စစ်ဆေးမှုမှာ ကျကုန်ကြတာ ဖြစ်တယ်။

တချို့တွေက နိုင်ငံဖြတ်ကျော် ၅ ကီလိုမီတာ အပြေးခရီးစဉ်ကို ပြီးအောင် မပြေးနိုင်ကြပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီရန် တပ်သား ၁၀ ယောက်မှာ တစ်ယောက်မက အဝလွန်နေတယ်လို့ စစ်တမ်းကဆိုတယ်

အီရန် အခက်အခဲ

အီရန်မှာက လက်ရှိ တပ်ဖွဲ့ဝင် ငါးသိန်းကျော်ရှိပါတယ်။

သူတို့တွေရဲ့ ၄၁ ရာခိုင်နှုန်းက ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများနေကြပါတယ်။ ၁၃ ရာခိုင်နှုန်းကတော့ အဝလွန်နေကြတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်တမ်းတွေအရ တပ်သားတွေဟာ အဝလွန်တာအတွက် ကုသမှုတွေလုပ်ခဲ့ရပါတယ်။

မုန့်မစားရတော့တဲ့ ဗြိတိန်တပ်သားတွေ

ဗြိတိန်ရဲ့ အကြီးဆုံးတပ်စခန်း ကတ်ထရစ် ဂါရစ်ဆန်က တပ်သားတွေဟာ ဒေသခံ နာမည်ကျော် ကိတ်ဆိုင်ကနေ မုန့်တွေ ဝယ်မစားရအောင် တားမြစ်ခံ ထားရပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဗြိတိန် စစ်သား ၁၀ ရာခိုင်နှုန်းနီးပါးဟာ အဝလွန်မှု ကုသဖို့ ခံယူရမယ့် အခြေအနေမှာ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အဝလွန်သူတွေကို စစ်ရေးပြဖို့ မခေါ်တဲ့ အိန္ဒိယ စစ်တပ်

ဝတဲ့စစ်သားကို နိုင်ငံခြားမလွှတ်တဲ့ အိန္ဒိယစစ်တပ်

အဝလွန် ပြဿနာကို ရှင်းဖို့ အိန္ဒိယ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလက တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်လိုက်ပါတယ်။

အဲဒီထဲမှာ ပုံမှန် ကိုယ်အလေးချိန်ထက် ပိုတဲ့ အရာရှိရော တပ်သားတွေရောကို ရာထူးမတိုးပေးတာ၊ နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်ရမှာမျိုးတွေကို မလွှတ်ဘူးဆိုတဲ့ စည်းကမ်းတွေပါ ပါလာတာပါ။

အိန္ဒိယ စစ်သား သုံးယောက်မှာ တစ်ယောက်က ပုံမှန် ကိုယ်လေးချိန်ထက် ပိုနေသူတွေ ဖြစ်တယ်လို့ ၂၀၁၆ စစ်တမ်းအရ သိရပါတယ်။

သူတို့ကို ကြိုမပြောဘဲ ရုတ်တရက် ကိုယ်အလေးချိန် ချိန်ခိုင်းပြီး ရှိရမယ့် အလေးချိန်ထက် ၁၀ ရာခိုင်နှုန်း ကျော်ရင် အပြစ်ပေးတာမျိုး လုပ်ဖို့တွေလည်း စည်းကမ်းသစ်မှာ ပါပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပုံမှန်ထက် ထူးတဲ့ ဝတ်စုံနဲ့ စပိန်တပ်ဖွဲ

စပိန်

စပိန်ရဲ့ နာမည်ကျော် အထူးတပ်ဖွဲ့ဟာ သူတို့ရဲ့ ရင်ဘတ် ကြယ်သီးဖွင့် ဝတ်တဲ့ ပုံစံကြောင့် မဟုတ်ဘဲ တပ်သားတွေ ကိုယ်အလေးချိန် များလာတာကြောင့်လည်း ပြောစရာ ရှိလာပါတယ်။

တပ်သား ၃၀၀၀ ထက်မက BMI ( ကိုယ်ခန္ဓာညွှန်းကိန်း) မဖြစ်မနေ စစ်ဖို့ညွှန်ကြားခံရပါတယ်။

သူတို့ထဲက ၆ ရာခိုင်နှုန်းလောက်က အဝလွန်လို့ ကျန်းမာတဲ့ စားသောက်ပုံ အစီအစဉ်တွေအတိုင်း နေကြရမှာ ဖြစ်တယ်။

ပင်စင်စောစောယူခိုင်းရတဲ့ မက္ကဆီကို

မက္ကဆီကို စစ်တပ်ဟာ ကိုယ်ခန္ဓာညွှန်းကိန်း ၃၅ ထက် ကျော်သူတွေကို ၂၀၁၅ ခုနှစ်မှာ တပ်ဖွဲ့ဝင် ၁၃၀၀ ကို တာဝန်ကနေ စောပြီး အနားပေးခဲ့ရပါတယ်။

နောက်ထပ် တပ်သား ၁၂၀၀၀ လည်း ပုံမှန် ကိုယ်အလေးချိန် ရဖို့ လုပ်ကြရပါအုံးမယ်။

စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအသင်းရဲ့ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်အရ သူ့ရဲ့ အဖွဲ့ဝင် ၃၅ နိုင်ငံမှာ မက္ကဆီကိုဟာ လူဦးရေ ၃၂ ရာခိုင်နှုန်းကျော် အဝလွန်နေပါတယ်။

အဖွဲ့ဝင် နိုင်ငံတွေထဲမှာ သူတို့ထက် များတာက အမေရိကန်ပဲ ရှိပါတော့တယ်။ အမေရိကန်က လူဦးရေ ၃၈ ရာခိုင်နှုန်းကျော် အဝလွန်နေတာ ဖြစ်ပါတယ်။

ဝတာပြဿနာလား

သီအိုရီ အရတော့ စစ်သားတွေဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိမှ သူတို့ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေကို လုပ်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလို မဖြစ်လာတာ ဘာကြောင့်လဲဆိုတာ သုတေသန စစ်တမ်းအချို့က အဖြေထုတ်နိုင်ဖို့ ကြိုးစားကြပါတယ်။

ဖြစ်နိုင်ခြေတွေကတော့ သူတို့တွေဟာ စိတ်ဖိစီးမှု ပိုများတာ၊ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရတာ၊ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ရတာ၊ အိပ်ရေးပျက်တာ စတာတွေကနေ စားသောက်ပုံ မမှန် ဖြစ်လာကြတာပါ။

သေချာတာကတော့ အဆီပိုတွေဟာ ကမ္ဘာတစ်လွှားက စစ်တပ်တွေ နိုင်အောင် တိုက်ဖို့ မလွယ်တဲ့ မဟာရန်သူကြီးဖြစ်တယ်ဆိုတာပါပဲ။