တရုတ်ကျောင်းမီးဖိုချောင်မှာ 'ရွံစရာ' အစားအသောက်တွေ တွေ့လို့ ဒေါသထွက်

Rotten bread ဓာတ်ပုံ မူပိုင် Supplied
Image caption မီးဖိုထဲမှာ တွေ့တဲ့ ပေါင်မုန့်မှိုတက်

တရုတ်ပြည်က နာမည်ကြီး အထက်တန်းကျောင်း တကျောင်းက မီးဖိုမှာ ရက်လွန်ပြီး မှိုတက်နေတဲ့ အစားအသောက်ပုံတွေ တွေ့ရပြီးနောက် လူတွေက စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

မှိုတက်နေတဲ့ ပေါင်မုန့်၊ အသားပုပ်နဲ့ ပင်လယ်စာတွေကို ချန်ဒူးမြို့က အမှတ် ၇ အထက်တန်းကျောင်းမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

အစားအသောက်တွေ ပုပ်စော်နံပြီး ရွံစရာ ကောင်းလှကြောင်း၊ ဝက်စာနဲ့ တူကြောင်းလည်း မိဘတယောက်က ဘီဘီစီကို ပြောပါတယ်။

ကျောင်းဘက်က တောင်းပန်ခဲ့ရပြီး အင်မတန် အရှက်ရကြောင်းလည်း ပြောပါတယ်။

တရုတ်ပြည်မှာ ဒီလို အစားအသောက် ဘေးကင်းလုံခြုံမှု မရှိတာက မထူးဆန်းလှပါဘူး။ ဒီလိုပြဿနာတွေ တက်တိုင်း အာဏာပိုင်တွေက ဒိုင်ခံ ဖြေရှင်းနေကြရပါတယ်။

ဘယ်လိုရှာတွေ့

တရုတ်ပြည် ဇီချွမ်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူးက ပုဂ္ဂလိက အထက်တန်းကျောင်းမှာ မိဘတစုကို သစ်ပင်စိုက်ပွဲ တက်ဖို့ ဖိတ်တာကနေ ဒီပြဿနာ စပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းမှာ ရောက်နေတဲ့ မိဘတွေက ပေါင်မုန့်မှိုတက်တွေ၊ အသားပုပ်နဲ့ ပင်လယ်စာပုပ်တွေကို ကျောင်းမီးဖိုထဲမှာ သွားတွေ့ခဲ့တာ ဖြစ်ပါတယ်။

မီးဖိုထဲ သူတို့ဘယ်လိုရောက်သွားတယ် ဆိုတာ သေချာမသိရပါဘူး။ ဒါပေမဲ့ မနှစ် နိုဝင်ဘာလကစပြီး ကျောင်းသား ကလေးတွေမှာ ဗိုက်နာတာ၊ ဝမ်းချုပ်တာ စတဲ့ ရောဂါတွေ တွေ့လာတာ သတိထားမိတယ်လို့ မိဘတယောက် ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Supplied
Image caption ပုံးတွေထဲက ပင်လယ်စာနဲ့ အသားတွေ

" ဒီအစားအသောက်တွေကို ရေခဲခန်းထဲမှာ နှစ်ချီ ထားခဲ့ပုံ ရပါတယ်၊ သွေးစုပ်ဖုတ်ကောင် အသားတွေ လိုပါပဲ " လို့ ဒီကျောင်းမှာ သားသမီးနှစ်ယောက်ကို အပ်ထားတဲ့ ဖခင်တယောက်က ဆိုပါတယ်။

"ဝက်သားက နမ်းကြည့်တော့ ပုပ်စော်နံတယ်၊ ချင်းတက်တွေကလည်း ရွံစရာကြီး။"

ဓာတ်ပုံ မူပိုင် Supplied
Image caption ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ သစ်အယ်သီးတွေ
ဓာတ်ပုံ မူပိုင် Supplied
Image caption ဝမ်းတွင်းသားပုပ်တွေလည်းတွေ့

ဒီကျောင်းတက်ဖို့ တနှစ်ကို ဒေါ်လာ ခြောက်ထောင် လောက် ကုန်ပြီး အစိုးရကျောင်းထက် အဆ ၂ဝ လောက် ပိုကုန်တယ်လို့ သိရပါတယ်။

"ကလေးတွေကို အိမ်မှာ အစားအသောက်ကျန်တာဆို မစားခိုင်းဘူး၊ ခုတော့ ကလေးတွေကို ဒီမှာ ဝက်စာ ကျွေးဖို့ ဒေါ်လာသောင်းချီ ကုန်ခဲ့တာပေါ့" လို့လည်း အဲဒီကျောင်းသား ဖခင်က ပြောပါတယ်။

"ကျွန်တော်သားလေးကို မပြောရဲဘူး၊ ကလေးက ကျောင်းက အစားအသောက်တွေ မစားရဲတော့မှာ စိုးတယ်၊ သမီးက သူဗိုက်နာတယ်လို့ ပြောနေတာ ကြာပြီ၊ ကျွန်တော်က သူ လေ့ကျင့်ခန်း လုပ်တာ များသွားလို့ ဖြစ်နိုင်တယ် လို့ပဲ ပြောခဲ့မိတာ။

"ကျွန်တော် ရင်နာပါတယ်။"

မိဘတွေ တုံ့ပြန်

ဒေါသထွက်နေတဲ့ မိဘအုပ်စုက ဒီဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်တဲ့အခါ တခြား ကျောင်းသားမိဘတွေလည်း တွေ့သွားကြပါတယ်။

ကျောင်းက ဒီအစားအသောက်ပုပ်တွေကို ထရပ်ကား နှစ်စီးနဲ့ ချက်ချင်း ဖယ်ပစ်တယ်လို့လည်း စောစောက ကျောင်းသားဖခင်က ပြောပါတယ်။

ဒီထရပ်ကားတစီးကို ကျောင်းရှေ့မှာ ဆန္ဒပြနေတဲ့ ဒေါသထွက်နေတဲ့ မိဘအုပ်စုက တွေ့သွားတယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Supplied
Image caption ကျောင်းရှေ့ ဆန္ဒလာပြတဲ့ မိဘတွေ ရာနဲ့ချီရှိ

မတ်လ ၁၃ ရက်မှာတော့ ရာနဲ့ချီတဲ့ မိဘတွေ ကျောင်းတံခါးဝတွေမှာ ဆန္ဒပြနေတဲ့ ဗီဒီယိုတွေ အင်တာနက်မှာ တက်လာပါတယ်။

ရဲက သူတို့ကို အင်အားသုံးပြီး လူစုခွဲပါတယ်။ လူတယောက်ကို ရဲတအုပ်က မြေပေါ် တွန်းလှဲပစ်တာကို ဗီဒီယို တခုမှာ တွေ့ရပါတယ်။

နောက် ဗီဒီယိုမှာတော့ မိဘတွေ မျက်စိတွေ နီရဲပြီး ပွတ်နေကြတာကို တွေ့ရပါတယ်။ ရဲက ငရုတ်ရည်နဲ့ ပက်တယ်လို့လည်း ဒေသတွင်း မီဒီယာတွေမှာ ရေးပါတယ်။

ဒီဆန္ဒပြပွဲမှာ လူ ၁၂ ယောက်ကို ဖမ်းကြောင်းလည်း ချန်ဒူးရဲက ဝေဘို ကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မိဘတွေက လမ်းပိတ်ဆို့ပြီး ရဲတွေကို ထိပါးနှောင့်ယှက်တယ်လို့လည်း ဆိုပါတယ်။ ဒီဖမ်းထားသူတွေကို နေ့ချင်းပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

'သူတို့ကို ဘာကြောင့် ယုံရမှာလဲ'

စတီဖန် မက်ဒိုနဲ၊ ဘီဘီစီ တရုတ်ပြည် သတင်းထောက်

တရုတ်ပြည်မှာ ဆန္ဒပြတာ သိပ်မရှိဘူးလို့ နိုင်ငံခြားကလူတွေက ထင်တတ်ကြပါတယ်။ တကယ်တော့ ဆန္ဒပြတာတွေ မကြာခဏ ဖြစ်တတ်ပြီး ချက်ချင်းကောက်ဖြစ်တတ်ပါတယ်။

ကျောင်း၊ သူငယ်တန်းနဲ့ ဆေးရုံလိုနေရာတွေမှာ မိသားစုဝင်တွေ ဒဏ်ရာရရင် ပုံမှန်အားဖြင့် ငြိမ်သက်နေတဲ့ လူထုက ဒေါသနဲ့ လမ်းပေါ်ထွက်လာတတ်ပါတယ်။

ဆေးမှားပေးတာ၊ နို့မှုန့်အတုပြဿနာ ၊ စီးပွားရေး မြှုပ်နှံမှု အရှုပ်တော်ပုံနဲ့ ကျောင်းသားတွေ မတရားလုပ်ခံရတယ် ထင်တဲ့ ကိစ္စတွေမှာ လူအုပ်ဒေါသက အာဏာပိုင်တွေဆီ လှည့်လာတတ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက ဒီလို ကိစ္စတွေကို သိပ်ပြီး ပူပန်ကြောင့်ကြတာ မရှိရင် လူထုယုံကြည်မှု ပျက်ပြား လာနိုင်ပါတယ်။

ဒေသန္တရ အာဏာပိုင်တွေက ကျောင်းမှာကျွေးတဲ့ ပေါင်မုန့်ကို မှိုမတက်အောင် ကာကွယ်မပေးနိုင်ရင် သူတို့ကို ဘာကြောင့် ယုံရမှာလဲ။

ကျောင်းဘက်က ပြန်ပြော

ကျောင်းကို လက်ရှိ အစားအသောက်သွင်းနေတဲ့သူဆီက ထပ်မယူတော့ပါဘူးလို့ ချန်ဒူး ကျောင်းက နောက်တော့ တောင်းပန်စာ ထုတ်ခဲ့ပါတယ်။

ဒီကျောင်းဟာ တရုတ်ပြည်မှာ နာမည်အကြီးဆုံး ကျောင်းတကျောင်းဖြစ်ပြီး တရုတ်ပြည်ရဲ့ "ထိပ်ဆုံး ပုဂ္ဂလိကကျောင်း ၁ဝ ကျောင်း" ထဲ ဝင်ခဲ့ဖူးပါတယ်။

တာဝန်ရှိသူတွေကို အရေးယူမယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စအတွက် အင်မတန် ရှက်ရကြောင်းနဲ့ ဒါမျိုး ထပ်မဖြစ်စေရပါဘူး လို့လည်း ဆိုပါတယ်။

ဒါမျိုးက ဒီတနေရာတည်း ဖြစ်ဖူးတာ မဟုတ်ဘူးလို့လည်း ဘီဘီစီနဲ့ တွေ့ဆုံခဲ့တဲ့ မိဘတယောက်က ပြောပါတယ်။ ဒီအစားအသောက် ကန်ထရိုက်ဟာ ကျောင်း ၂ဝ က ကျောင်းသား တသိန်းကျော်အတွက် အစားအသောက်သွင်းနေတာ လို့ ပြောပါတယ်။

ဒီကျောင်း အစားအသောက်ကိစ္စမှာ တာဝန်ရှိသူ ရှစ်ယောက်ကို စုံစမ်းစစ်ဆေးနေတယ် ဆိုပြီး ဒီကျောင်းဝန်းကျင်က ခရိုင်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီကျောင်းက ကျောင်းသား ၃၆ ယောက်ကို ဆေးရုံတင် စစ်ဆေးပြီး ပြန်ဆင်းပေးလိုက်တယ်လို့လည်း ဆိုပါတယ်။

အသားစိမ်းတွေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးသွားမယ်၊ သေချာ စစ်ဆေးသွားမယ်လို့ ခရိုင် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ သည်းမခံတဲ့ မူထားပြီး လေးလေးနက်နက်ကိုင်တွယ်သွားပါမယ် ဆိုပြီး ခရိုင် ပြန်ကြားရေးက ဝေဘို လူမှုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။

မနှစ်က ရှန်ဟိုင်းက နိုင်ငံတကာကျောင်းတကျောင်းမှာ ကျောင်းသားတွေကို ရက်လွန်နေတဲ့ အစားအစာတွေ ကျွေးတယ်ဆိုပြီး တွေ့ရှိခဲ့ပါတယ်။