နယူးဇီလန် ဗလီကျောင်း တိုက်ခိုက်မှုက သေနတ်သမားကို ချက်ချင်း ရုံးထုတ်

အဓိက သံသယ တရားခံကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး နောက်ထပ် ပုဒ်မတွေ တိုးဖွယ်ရှိ ဓာတ်ပုံ မူပိုင် Reuters
Image caption အဓိက သံသယ တရားခံကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး နောက်ထပ် ပုဒ်မတွေ တိုးဖွယ်ရှိ

နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ချ်မြို့မှာ မတ်လ ၁၅ ရက် သောကြာနေ့ တုန်းက ဖြစ်ပွားခဲ့တဲ့ ဗလီကျောင်း နှစ်ခု တိုက်ခိုက်ခံရမှုက အဓိက သေနတ်သမား သံသယ တရားခံကို ဒီနေ့ စနေနေ့မှာ ချက်ချင်းပဲ လူသတ်မှုနဲ့ တရားရုံးထုတ်ခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် သြစတြေးလျနိုင်ငံဖွား အမျိုးသား ဘရန်တန်တာရန့် ကို တရားရုံး ဝက်ခြံထဲမှာ လက်ထိပ်ခတ်လျက် တွေ့မြင်ခဲ့ရပါတယ်။ လူ ၄၉ ဦး သေဆုံးခဲ့ရတဲ့ ဒီအမှုကို လောလောဆယ် လူသတ်မှု တစ်ခုတည်းနဲ့ တရား စွဲ ဆိုထားပြီး နောက်ပိုင်းမှာတော့ ထပ်တိုး ပုဒ်မတွေနဲ့ အမှုဆက်ဖွင့်ဖို့ မျှော်လင့်ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၄၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့ နယူးဇီလန်က ဗလီနှစ်ခု ပစ်ခတ်ခံရမှု

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှု လုပ်ရပ် ဖြစ်တယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ကြေညာထားပြီး ကျကျနန ကြိုတင် ပြင်ဆင် ပြီး ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ တာရန့်မှာ သေနတ် ၅ လက် ပိုင်ဆိုင်ထားပြီးနဲ့ တရားဝင် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင် ရှိထားသူ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

"ကျွန်မတို့ နိုင်ငံရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပြောင်းလဲရမယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒီဖြစ်ရပ်ကို အကြောင်းကြားတဲ့ ဖုန်းလက်ခံ ရရှိပြီး ၃၆ မိနစ် အကြာမှာ အဓိက သံသယ တရားခံကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ခရိုက်စ်ချာ့ချ်မြို့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်မှု ရုပ်သံကို အွန်လိုင်းမှာ ဘရန်တန်တာရန့် အမည်နဲ့ တင်ခဲ့

သေနတ်ပစ်ခတ်မှုကြောင့် လူ ၄၈ ဦးထက်မနည်းလည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြပြီး လောလောဆယ် လူ ၃၉ ဦးကို ဆေးရုံတင်ထားရပါတယ်။ အဲဒီထဲက ၁၁ ဦးက အရေးပေါ် အခြေအနေ ဖြစ်ပြီး အထူးကြပ်မတ် ကုသမှု ခံယူနေရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၂ နှစ် အရွယ် က စပြီး ကလေး၊ လူကြီး အရွယ်စုံ ပါဝင်တယ်လို့ ဆိုပါတယ်။

အခု အချိန်အထိတော့ သေဆုံးခဲ့ရသူတွေနဲ့ ထိခိုက် ဒဏ်ရာ ရခဲ့သူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို တာဝန်ရှိသူတွေ မထုတ်ပြန်သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက သေဆုံးသူတွေထဲမှာ သူတို့ နိုင်ငံသားတွေ ပါဝင်ကြောင်း ကြေညာထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အခြား လူ ၂ ဦးကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။ သူတို့မှာ အရင်က ပြစ်မှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းဟောင်း မရှိသလို ရဲက စောင့်ကြည့်နေတဲ့ စာရင်းမှာလည်း မပါဘူးလို့ ရဲက ပြောပါတယ်။

မစ္စတာ တာရန့်ဟာ ထုချေ လျှောက်လဲချက် မလုပ်ရသေးဘဲ အချုပ်မှာ ဆက်နေရမှာ ဖြစ်ပြီး လာမယ့် ဧပြီ ၅ ရက်နေ့မှာ နောက်ရုံးချိန်း တစ်ခု ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက်ခံရသူတွေ အတွက် ဝမ်းနည်းကြောင်း ပြသကြ

ခရိုက်စ်ချာ့ချ်မြို့က အစိုးရ ရုံး အဆောက်အအုံတွေမှာ ဒီဖြစ်ရပ် အတွက် ဝမ်းနည်းပူဆွေး ကြောင်း ပြသတဲ့ အနေနနဲ့ အလံတိုင် တစ်ဝက်ချ လွှင့်ထူထားကြပါတယ်။ အားကစားနဲ့ အခြား ဖျော်ဖြေပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီ အကြမ်းဖက် လုပ်ရပ်ကို ရွံရှာ စက်ဆုပ် ဖွယ်ရာ အဖြစ် ခရိုက်စ်ချာ့ချ်မြို့ဝန် လီယန်ဒီရဲလ် က စနေနေ့မှာ ရှုတ်ချခဲ့ပြီး ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ အတူ သွေးစည်းညီညွတ်ကြောင်း ပြသဖို့ တောင်းဆိုခဲ့ပါတယ်။

ခရိုက်စ်ချာ့ချ်မြို့မှာ လုံခြုံရေး အထူး တင်းကျပ် ထားပြီး နယူးဇီလန် နိုင်ငံ တဝန်းက ဗလီကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဝန်ကြီးချုပ်က ရွှေ့ပြောင်းအခြေချသူတွေနဲ့ ချက်ချင်းပဲ သွားတွေ့ခဲ့

ရွှေ့ပြောင်း အခြေချတဲ့ ဒုက္ခသည် စခန်းကို ဝန်ကြီးချုပ် သွား

ဝန်ကြီးချုပ် အာဒန်ဟာ ခရိုက်စ်ချာ့ချ်မြို့က အစိုးရမဟုတ်တဲ့ လူမှု အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ ကဲန်တဘရီ ဒုက္ခသည် စင်တာ ကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီ အဖွဲ့က နယူးဇီလန်မှာ လာရောက် အခြေချတဲ့ ဒုက္ခသည်တွေကို လူမှု အသိုင်းအဝန်းမှာ ဝင်ဆန့်နိုင်ရေး၊ ဘဝသစ်ထူထောင်နိုင်ရေး အတွက် အကူအညီပေးနေတာပါ။

သောကြာနေ့က တိုက်ခိုက်ခံရတဲ့ ဗလီကျောင်း နှစ်ခုမှာ ဝတ်ပြုနေသူတွေထဲ နိုင်ငံပေါင်းစုံက ရွှေ့ပြောင်းလာခဲ့တဲ့ ဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။

အမျိုးသားရေး ဝက်ဘ်ဆိုက် လုပ်ဆောင်မှုတွေ ရပ်နားထား

ခရိုက်စ်ချာ့ချ်မြို့ တိုက်ခိုက်မှု ဖြစ်ရပ် အပြီးမှာ "နယူးဇီလန် အမျိုးသားရေးဝါဒီ လူငယ်များ သဟာယ အသင်း" လို့ ကိုယ့်ဘာသာ ညွန်းဆိုထားတဲ့ ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး လှုပ်ရှားမှု ဝက်ဘ်ဆိုဒ် စာမျက်နှာ တစ်ခုကလည်း သူတို့ရဲ့ အွန်လိုင်း လှုပ်ရှားမှုတွေကို ရပ်နားထားပါတယ်။

ခရိုက်စ်ချာ့ချ် ဖြစ်ရပ်ကို ခြွင်းချက်မရှိ ပြတ်ပြတ်သားသား ရှုတ်ချ ကြောင်း "ဒိုမီနီယံ လှုပ်ရှားမှု" ဝက်ဘ်ဆိုဒ်ရဲ့ ပင်မ စာမျက်နှာမှာ ရေးသားထားတာကို တွေ့မြင်ရပါတယ်။

"ကျွန်တော်တို့ရဲ့ ကမ္ဘာ့အမြင် နဲ့ လှုပ်ရှားမှုက အကြမ်းဖက်ခြင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေတယ်လို့" ဆိုပါတယ်။ "လှုပ်ရှားမှုတွေကို ယာယီ ရပ်နားထားမယ်" လို့ ရေးသား ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ