အာဂျင်တီးနားက သဲကန္တာရမှာ ပျောက်သွားတဲ့ ၅နှစ်သားကလေးကို အပူတပြင်း လိုက်ရှာခဲ့ကြ

အာဂျင်တီးနား၊ သဲကန္တာရ၊ ကလေး ဓာတ်ပုံ မူပိုင် Twitter - Governor Sergio Uñac
Image caption မေမေ့ကို ပြန်တွေ့တော့ အရမ်းပျော်သွားတယ်လို့ ဘန်ဂျမင် ဆန်းချက်ဇ်က ပြော

အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်းက သဲကန္တာရ ထဲမှာ တစ်ရက်နီးပါး ပျောက်သွားတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို ပြန်ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အခုတော့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပြီးလို့ ဆေးရုံကနေ ဆင်းသွားပါပြီ။

ဘင်ဂျမင် ဆန်းချက်ဇ်ဟာ တနင်္ဂနွေနေ့တုန်းက မိသားစု အပန်းဖြေ ခရီးထွက်တုန်း ပျောက်ဆုံးသွားတာပါ။

သူပျောက်သွားတဲ့ နေရာကနေ ၁၃မိုင်အကွာမှာ သူ့ကို လိုက်ရှာနေတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့က ပြန်တွေ့ခဲ့ပါတယ်။

အရမ်း အေးပြီး အိပ်လို့လည်းမရ၊ ကျောက်တုံးကြီးတစ်တုံးကို မှီပြီး နေနေရတယ်လို့ ဘင်ဂျမင်က ပြန်ပြောပြပါတယ်။

ပျောက်သွားတဲ့အချိန်တုန်းက ဘင်ဂျမင်က တီရှပ်နဲ့ ဘောင်းဘီ အပါး လေးပဲ ဝတ်ထားတာပါ။

မြက်တွေစား၊ စမ်းချောင်းက ရေသောက်ပြီး နေခဲ့တယ်လို့ သူက ပြောပြပါတယ်။

တနင်္လာနေ့ နေ့လယ်လောက်မှာ သူ့ကို ပြန်တွေ့ခဲ့ပြီး ရေဓါတ်ချို့တဲ့တဲ့ ဝေဒနာ ခံစားနေရတဲ့ ဘန်ဂျမင်ကို ဆန်ဝှမ်မြို့က ဆေးရုံတရုံဆီ ရဟတ်ယာဉ်နဲ့ ခေါ်သွားခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ ဆေးရုံကနေ ဆင်းလာခဲ့ပါပြီ။

ရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက် ကာကွယ်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ စေတနာ့ ဝန်ထမ်းတွေ စုစုပေါင်း လူ တစ်ထောင်လောက်နဲ့ သူ့ကို လိုက်ရှာခဲ့ကြတာပါ။

သူ့ကို ပြန်တွေ့ချိန်တုန်းက ဘန်ဂျမင်ဟာ သစ်ပင် တစ်ပင်အောက်မှာ ထိုင်နေပါတယ်။ မေမေနဲ့ လိုက်တမ်း ပြေးတမ်း ကစားနေတာ၊ ပထမတော့ မေမေ့ရဲ့ အသံကို ကြားရသေးတယ်။ နောက်တော့ လမ်းပျောက်ပြီး ဘယ်ရောက်သွားမှန်း မသိတော့ဘူးလို့ ဘင်ဂျမင်က ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Facebook - Governor Sergio Uñac
Image caption အာဂျင်တီးနား အနောက်ပိုင်းမှာ မိသားစုနဲ့ ခရီးထွက်နေတုန်း ဘင်ဂျမင် ပျောက်သွားခဲ့တာပါ။

"ကျောက်တုံးတစ်တုံးပေါ် မှီပြီး မေမေ့ကို အော်ခေါ်ပေမယ့် ပြန်ထူးသံ မကြားရဘူး။ အဲဒါနဲ့ ဟိုးအဝေးကြီးက အလင်းရောင် တွေ့တဲ့ နေရာဆီ လျှောက်သွားခဲ့တယ်" လို့ သူက ပြောပါတယ်။

အဲဒီနေရာမှာ နေ့ဘက် ဆိုရင် ပျမ်းမျှ အပူချိန် ၈၆ ဒီဂရီ ဖာရင်ဟိုက် ရှိပြီး ည ဆိုရင် သုည အမှတ်လောက်အထိ အေးပါတယ်။

အရမ်းကို ကြောက်တာပဲလို့ ဘင်ဂျမင် က ပြောပါတယ်။

ဘင်ဂျမင်ဟာ လေယာဉ်ပျံ စီးဖို့ ကြောက်တဲ့အတွက် အစပိုင်းမှာ ရဟတ်ယာဉ်ပေါ် တက်ဖို့ ငြင်းခဲ့ပေမယ့် မိသားစုနဲ့ ပြန်တွေ့ရမှာလို့ ပြောတော့မှ ရဟတ်ယာဉ်ပေါ် တက်ခဲ့တယ်လို့ သူ့အမေက ပြန်ပြောပြပါတယ်။

"မေမေကို တွေ့တော့ အရမ်းပျော်သွားတာပဲ၊ အားလုံးကို အောက်မေ့တယ်" လို့ ဘင်ဂျမင်က ပြောပါတယ်။

ဆန်ဝှမ် အုပ်ချုပ်ရေးမှူး ဆာဂီယို အူညက် က တနင်္လာနေ့မှာ ဘင်ဂျမင်ကို သွားကြည့်ခဲ့အပြီး ဘင်ဂျမင်ရဲ့ ပုံကို တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

ဘင်ဂျမင်ကို ရှာတွေ့ခဲ့သူ အယ်လ်ဘာတို အွန်တီဗာအော့စ် က အဲဒီနေရာမှာ ပူးမား ကျားသစ်ရိုင်းတွေ ကျက်စားလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဘင်ဂျမင်ကို ပြန်တွေ့တုန်းက အရမ်း နွမ်းနယ်နေပြီး ရေပဲ တောင်းသောက်ခဲ့တယ်လို့ ပြောပြပါတယ်။

Image caption အာဂျင်တီးနား မြေပုံ

ဆက်စပ် အကြောင်းအရာများ