ဟိုတယ်မှာတည်းတဲ့ အမျိုးသမီးတွေကို လျှို့ဝှက်ကင်မရာနဲ့ရိုက်ထားတဲ့ ရုပ်သံတွေ ညစ်ညမ်းဝက်ဆိုက်မှာ ရောင်းစားသူတွေကို ဖမ်းဆီး

ဟိုတယ်အခန်းပေါင်း ၁၆၀၀၀ လောက်မှာ လာတည်းတဲ့အမျိုးသမီးတွေကို လျှို့ဝှက်ကင်မရာတွေနဲ့ ရိုက်ကူးခဲ့ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟိုတယ်အခန်းပေါင်း ၁၆၀၀၀ လောက်မှာ လာတည်းတဲ့အမျိုးသမီးတွေကို လျှို့ဝှက်ကင်မရာတွေနဲ့ ရိုက်ကူးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ ဟိုတယ်အခန်းပေါင်း ၁၆၀၀၀ လောက်မှာ လာတည်းတဲ့ အမျိုးသမီးတွေကို လျှို့ဝှက်ကင်မရာတွေနဲ့ ရိုက်ကူးပြီး ရုပ်သံတွေကို အင်တာနက်စာမျက်နှာကတဆင့် အခကြေးငွေယူပြီး ရောင်းစားမှုနဲ့ အမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီအမျိုးသားတွေဟာ တည်းခိုခန်းတွေထဲက တီဗီတွေ၊ ဆံပင်အခြောက်ခံစက်ထားတဲ့ နေရာတွေ၊ မီးခလုတ်တွေထဲမှာ ကင်မရာအသေးလေးတွေကိုထည့်ပြီး လျှို့ဝှက် ရိုက်ကူးခဲ့ကြတာလို့ ရဲက ပြောပါတယ်။

အပြစ်ရှိကြောင်း ထင်ရှားခဲ့မယ်ဆိုရင်တော့ ဒီပြစ်မှုအတွက်ထောင်ဒဏ် ၁၀ နှစ်နဲ့ အမေရိကန်ဒေါ်လာ နှစ်သောင်းခြောက်ထောင်ကျော် ဒဏ်ကြေးပေးဆောင်ရဖွယ် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် PAULA BRONSTEIN
Image caption ညစ်ညမ်းဗီဒီယိုတွေ ထုတ်လုပ်ဖြန့်ချိတာဟာ တောင်ကိုရီးယားမှာ တရားမဝင်

နိုဝင်ဘာလမှာ ဒီဝက်ဆိုက်ကို ဖန်တီးခဲ့ပြီးနောက် စက္ကန့် ၃၀ စာရုပ်သံတွေကို အခမဲ့ကြည့်ရှုခွင့် ပေးပြီး ရုပ်သံအပြည့်အစုံကိုတော့ အခပေးပြီး ကြည့်ရှုရမယ့် စနစ်နဲ့ လုပ်ဆောင်ခဲ့တာပါ။

ပြည်ပမှာ အခြေစိုက်ထားတဲ့ ဝက်ဆိုက် ဆာဗာကတဆင့် ရုပ်သံပေါင်း ၈၀၃ ခုကို ဝဘ်ဆိုဒ်မှာ တင်ထားခဲ့တယ်လို့ လည်း ဆိုပါတယ်။

၀က်ဆိုက်ကို ဖြုတ်မချခင် ဒီလထဲမှာ ကြည့်ရှုဖို့အတွက် စာရင်းပေးထားတဲ့ လူ ၉၇ ယောက် ဆီကနေ အခကြေးငွေရယူ ထားခဲ့တာကို တွေ့ရတယ်လို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ဒီလို ခိုးရိုက် ဗီဒီယိုတွေဟာ အများအားဖြင့် အများသုံးအိမ်သာတွေ အဝတ်လဲခန်းတွေကနေ ရည်းစားဟောင်းတွေကနေ တုန့်ပြန်ဖို့ ဖြန့်ဝေတာကနေ အများဆုံး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ဒီလိုအမှုတွေ ဖြစ်ပွားတာ မြင့်တက်လာနေပြီး၂၀၁၂ မှာ အမှုပေါင်း ၂၄၀၀ ဝန်းကျင်ရှိရာက ၂၀၁၇ မှာတော့ ၆၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူကလည်း ၅၄၀၀ ကျော်အထိ ရှိလာပါတယ်။