တစ်နေ့ကို ကြက်ဥ ဘယ်နှလုံး စားသင့်သလဲ

ကြက်ဥ၊ နှလုံးသွေးကြောရောဂါ ဓာတ်ပုံ မူပိုင် Getty Images
Image caption ကြက်ဥ ကြိုက်သူဆိုရင်တော့ အကာများပြီး အနှစ်နည်းတဲ့ ကြက်ဥမျိုး ရွေးစားပါ။

ကြက်ဥဟာ ကျန်းမာရေးအတွက် ကောင်းသလား၊ ဆိုးသလား ဆိုတာကို ပညာရှင်တွေ ငြင်းနေကြတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။

JAMA ဆေးပညာ ဂျာနယ်ထဲမှာ ဖေါ်ပြထားတဲ့ လေ့လာချက်သစ် တစ်ခုအရဆိုရင်တော့ ဒီအဖြေဟာ သီတင်းပတ်တိုင်း ကြက်ဥ ဘယ်နှစ်လုံး စားသလဲ ဆိုတာအပေါ် မူတည်မယ့်ပုံ ရှိပါတယ်။

တစ်နေ့ကို ကြက်ဥ နှစ်လုံးပဲ စားရင်တောင် နှလုံးကို ထိခိုက်နိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးနိုင်တယ်လို့ အဲဒီ လေ့လာချက်မှာ တွေ့ရှိရပါတယ်။

ဒါဟာ ကြက်ဥအနှစ်မှာ ကိုလက်စထရော ပမာဏ အများကြီး ပါနေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အမေရိကန် စိုက်ပျိုးမွေးမြူရေးဌာနရဲ့ အဆိုအရ ကြက်ဥအကြီး တစ်လုံးမှာ ကိုလက်စထရော ၁၈၅ မီလီဂရမ်လောက် ပါတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ လူတစ်ယောက် တစ်နေ့ကို ကိုလက်စထရော မီလီဂရမ် ၃၀၀ ထက် ပိုမစားသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြံပြုထားတဲ့ ပမာဏရဲ့ တစ်ဝက်တောင် ကျော်နေပါတယ်။

အချိုးအစားဆိုင်ရာ အန္တရာယ်

ဒီလေ့လာချက်ဟာ လူပေါင်း သုံးသောင်းကျော်ကို ၁၇ နှစ်ကျော်ကြာ စမ်းသပ်မှု ၆ ခု လုပ်ခဲ့ရာကနေ ရခဲ့တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

တစ်နေ့ကို ကိုလက်စထရော ၃၀၀ မီလီဂရမ် စားတာဟာ နှလုံးရောဂါ ဖြစ်ဖို့ ၁၇ ရာခိုင်နှုန်း ပိုများပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးဖို့ ၁၈ ရာခိုင်နှုန်း ပိုများတယ်လို့ သုတေသီတွေက ကောက်ချက်ချခဲ့ပါတယ်။

ကြက်ဥစားတာနဲ့ ပတ်သက်လို့ သီးသန့် ပြောရရင် တပတ်ကို ကြက်ဥ ၃ လုံးကနေ ၄ လုံးအကြား စားတာဟာ နှလုံးရောဂါ ဖြစ်ဖို့ ၆ ရာခိုင်နှုန်း ပိုများပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးဖို့ ၈ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

တနေ့ကို ကြက်ဥ နှစ်လုံး မှန်မှန် စားရင်တော့ အဲဒီနှုန်းတွေဟာ ၂၇ ရာခိုင်နှုန်းနဲ့ ၃၄ ရာခိုင်နှုန်းတွေအထိ တိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တစ်နေ့ကို ကြက်ဥ နှစ်လုံးစားတဲ့အတွက် အမေရိကန်နိုင်ငံမှာ နှလုံးရောဂါ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသူတွေ တိုးလာနေ

စဉ်းစားဖို့ သတိပေးချက်တွေ

လေ့လာချက်အရ အသက်အရွယ်၊ ကြံ့ခိုင်မှု အတိုင်းအတာ၊ ဆေးလိပ်သောက်မှု၊ သွေးတိုးရောဂါလိုမျိုး နဂိုကတည်းက ရောဂါအခံ ရှိမှု စတာတွေနဲ့ ဆိုင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ လေ့လာချက်အရ တကယ်လို့ လူနှစ်ဦးက အစားအသောက်ကို တစ်ပုံစံတည်းပဲ စားတယ်။ ဒါပေမယ့် ကြက်ဥ စားတဲ့ အရေအတွက်က ကွာတယ် ဆိုရင် ကြက်ဥ ပိုစားသူမှာ နှလုံးရောဂါ ဖြစ်ဖို့ ပိုများတယ် ဆိုတာကို တွေ့ရပါတယ်" လို့ ဒီလေ့လာချက်ကို ပြုစုခဲ့သူ တဦးဖြစ်တဲ့ Northwestern University ရဲ့ ဆေးပညာဌာနက ပါမောက္ခ နော်ရင်နာ အယ်လန် က ပြောပါတယ်။

အရင်တွေ့ရှိချက်နဲ့ ကွာဟနေမှု

အခု လေ့လာချက်သစ်ဟာ ကြက်ဥစားတာနဲ့ နှလုံးရောဂါ ဖြစ်တာဟာ ဆက်နွှယ်မှု မရှိဘူးလို့ ဖော်ပြခဲ့တဲ့ အရင် လေ့လာချက်တွေနဲ့ ဖီလာဆန့်ကျင် ဖြစ်နေပါတယ်။

ဒါပေမဲ့ အဲဒီ လေ့လာချက်တွေဟာ ကွဲပြားတဲ့ နမူနာတွေ ယူတာ နည်းပြီး ဒီကိစ္စရပ်ကို စောင့်ကြည့်လေ့လာတဲ့ အချိန်ကာလ တိုတောင်းတယ်လို့ ပါမောက္ခ နော်ရင်နာ အယ်လန် က ပြောပါတယ်။

ဒါပေမယ့် သုတေသီတွေက သူတို့ရဲ့ လေ့လာချက်မှာ အမှားအယွင်း ရှိနိုင်တယ်လို့ ဝန်ခံထားပါတယ်။

ကြက်ဥစားသုံးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မေးခွန်းပုံစံတွေနဲ့ ကောက်ယူ စုဆောင်းခဲ့တာ ဖြစ်ပြီး ဖြေတဲ့သူတွေက အရင်နှစ်ပေါင်း လပေါင်းများစွာက သူတို့ ဘာတွေ စားခဲ့သလဲ ဆိုတာကို ပြန်စဉ်းစား ပြောခဲ့ရပါတယ်။

ကြက်ဥစားတာနဲ့ နှလုံးရောဂါ ဖြစ်ဖို့ ပိုများတာ၊ ငယ်ငယ်နဲ့ သေဆုံးမယ့်လမ်း ပိုများတာတွေက ဆက်နွှယ်နေတယ်လို့ ပြောပေမယ့် အကြောင်းရင်းကို သက်သေမပြနိုင်သေးတဲ့အတွက် ဒီလေ့လာချက် ရလဒ်တွေကို ဆက်စူးစမ်းဖို့ လိုနေသေးတယ်လို့ တခြား ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစားအသောက်ကို ချင့်ချင့်ချိန်ချိန် စားခြင်းဟာ ကျန်းမာရေး ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အဓိက အချက် ဖြစ်ပါတယ်။

ဒီလေ့လာချက်ရဲ့ အားကောင်းမှုက အမေရိကန်နိုင်ငံ လူဦးရေရဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေနဲ့ သာမန် အမေရိကန်လူမျိုးတွေ စားတဲ့ အစားအသောက်တွေကို ပိုကိုယ်စားပြု လေ့လာခဲ့တဲ့ အချက်ဖြစ်တယ်လို့ လန်ဒန်မြို့ King's College တက္ကသိုလ်က အာဟာရနဲ့ အစားအသောက်ဌာနက ပါမောက္ခ တွန်မ် ဆဲန်ဒါ က ပြောပါတယ်။

စားသုံးသင့်တဲ့ ကြက်ဥ အရေအတွက်

ကြက်ဥ ဘယ်နှစ်လုံး စားသင့်သလဲ

လေ့လာချက်ကို ပူးတွဲ ပြုစုခဲ့သူ ပါမောက္ခ အယ်လန်ကတော့ သီတင်းတပတ်ကို ကြက်ဥ ၃ လုံးထက် ပိုမစားသင့်ဘူးလို့ အကြံပြုပါတယ်။

ကြက်ဥ ကြိုက်သူတွေအနေနဲ့ အကာကိုပဲ အဓိက စားဖို့ကိုလည်း သူက အကြံပေးပါတယ်။

"ကြက်ဥ လုံးဝ မစားနဲ့တော့လို့ လူတွေကို မပြောချင်ပါဘူး။ ချင့််ချင့်ချိန်ချိန် စားကြဖို့ ကိုပဲ အကြံပြုချင်ပါတယ်"လို့ ပါမောက္ခ နော်ရင်နာ အယ်လန် က ပြောပါတယ်။

(Source: International Egg Commission, 2015)ကမ္ဘာပေါ်မှာ ကြက်ဥ ကြိုက်သူတွေ တစ်နှစ်မှာ ကြက်ဥ စားနှုန်း (နိုင်ငံတကာ ကြက်ဥ ကော်မရှင် ၂၀၁၅)
နိုင်ငံ လူတစ်ယောက်ရဲ့ ကြက်ဥစားနှုန်း
မက္ကဆီကန် ၃၅၂
မလေးရှား ၃၄၂
ဂျပန် ၃၂၉
ရုရှား ၂၈၅
အာဂျင်တီးနား ၂၅၆
တရုတ် ၂၅၄.၈
အမေရိကန် ၂၅၂
ဒိန်းမတ် ၂၄၅

အမေရိကန်နိုင်ငံမှာ ကိုလက်စထရော ပျှမ်းမျှ စားသုံးမှုဟာ တစ်နေ့ကို ၆၀၀ မီလီဂရမ်လောက် အထိ ရှိပြီး ယူကေနိုင်ငံမှာ စားသုံးတဲ့ ပမာဏ ၂၂၅ မီလီဂရမ်ထက် အများကြီး ပိုများတယ်လို့ ပါမောက္ခ တွန်မ် ဆဲန်ဒါ က ပြောပါတယ်။

တကယ်တမ်းမှာတော့ နိုင်ငံတကာ ကြက်ဥ ကော်မရှင်က လတ်တလော ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြက်ဥအများဆုံး စားတဲ့ နိုင်ငံတွေ စာရင်းမှာ နံပါတ် ၇ နေရာမှာသာ ရှိနေပါတယ်။ ဒါပေမယ့် နှလုံးရောဂါကြောင့် သေတဲ့ အရေအတွက်က ၂၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

ဂျပန်နိုင်ငံမှာ ကြက်ဥ စားသုံးမှုနှုန်းဟာ ပျမ်းမျှ တစ်နှစ်ကို ၃၂၉ လုံး ဖြစ်ပြီး နှလုံးရောဂါကြောင့် သေဆုံးသူ ၁၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ကြက်ဥကို တစ်ပတ်မှာ ၃ လုံးကနေ ၄ လုံးလောက်ပဲ ချင့်ချင့်ချိန်ချိန် စားရင် ဘာမှမဖြစ်ပါဘူးလို့ ပါမောက္ခ တွန်မ် ဆဲန်ဒါ က ဖြည့်စွက် ပြောသွားပါတယ်။