ခါလီဖိတ် ပျက်သုဉ်းပြီ၊ IS ဆုံးခန်းတိုင်ပြီလို့ ကြေညာ

IS ဓာတ်ပုံ မူပိုင် AFP
Image caption အောင်လံလွှင့်နေတဲ့ SDF တပ်သားတွေ

အစ္စလာမ်မစ်နိုင်ငံ IS အဖွဲ့ဟာ ဆီးရီးယားထဲက သူတို့ရဲ့ နောက်ဆုံး လက်ကျန် ထိန်းချုပ်မြေ ဆုံးရှုံး သွားပြီ ဖြစ်တယ်လို့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစု SDF အဖွဲ့က ကြေညာပါတယ်။

ဒါ့ကြောင့် ခါလီဖိတ်- အစ္စလာမ်မစ်နိုင်ငံလို့ ရည်ညွန်းခေါ်တဲ့ IS အဖွဲ့ ပေါ်ပေါက်လာပြီး ၅ နှစ် အကြာမှာပဲ အဲဒီ အဖွဲ့ အဆုံးသတ် သွားတာ ဖြစ်တယ်လို့ SDF အဖွဲ့က ပြောပါတယ်။

ဒီ ၅ နှစ်တာ အတွင်းမှာ IS အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွေမှာ စုစုပေါင်း စတုရန်းမိုင် သုံးသောင်းလေးထောင် အကျယ်အဝန်းထိအောင် သိမ်းပိုက် ထိန်းချုပ် ထားနိုင်ခဲ့ရာက အခုလို အခြေအနေမျိုး ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။

IS အဖွဲ့ရဲ့ ဆီးရီးယားထဲက နောက်ဆုံးလက်ကျန် ခြေကုပ်မြေ ဖြစ်တဲ့ ဘာဂုဇ်မှာ SDF ရဲ့ အောင်ပွဲအလံတွေ လွင့်ထူထားပါတယ်။

IS အဖွဲ့ရဲ့ ထိန်းချုပ်မြေတွေကို ပြန်လည် ရရှိနိုင်ခဲ့ပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အပေးနိုင်ဆုံး အဖွဲ့အဖြစ် ဆက်လက် ရှုမြင် နေကြဆဲ ဖြစ်ပါတယ်။

IS လက်နက်ကိုင်တွေဟာ အဲဒီ ဒေသမှာ ဆက်လက် ရှိနေဆဲ ဖြစ်သလို သူတို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေလည်း နိုင်ဂျီးရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အရပ်သားတွေ ကြားညပ်နေလို့ ဘာဂုဇ် တိုက်ပွဲ ကြန့်ကြာခဲ့

ဘာဂုဇ် အဆုံးသတ် တိုက်ပွဲ

ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင်တွေ ဦးဆောင်တဲ့ SDF ညွန့်ပေါင်းအဖွဲ့ဟာ မတ်လဆန်းက စလို့ IS အပေါ် အဆုံးသတ် စစ်ပွဲ စတိုက်လာခဲ့တာ ဖြစ်ပါတယ်။

IS အဖွဲ့ရဲ့ နောက်ဆုံး လက်ကျန် ခြေကုပ် နေရာ ဖြစ်တဲ့ ဘာဂုဇ်ရွာဟာ ဆီးရီးယား အရှေ့ဘက်ပိုင်းမှာ ရှိပါတယ်။

အဲဒီ အရပ်မှာ အရပ်သား အများအပြားလည်း ရှိနေတဲ့ အတွက် SDF အဖွဲ့အနေနဲ့ ထိုးစစ်ကို အပြင်းအထန် ပြုလုပ်လို့ မရပဲ အချိန်ယူ ခဲ့ရပါတယ်။

ဘာဂုဇ်မှာ IS တွေ ဝိုင်းမိနေပြီး SDF က တိုက်ခိုက်လာချိန်မှာ အဲဒီ အရပ်ကနေ အမျိုးသမီးတွေ၊ ကလေးငယ်တွေ ထောင်နဲ့ချီ ထွက်ပြေး လာခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာဂုဇ်က ပြေးခဲ့ကြရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ

အဲဒီ ထွက်ပြေးလာကြ သူတွေထဲ IS အဖွဲ့ထဲ နိုင်ငံရပ်ခြားကနေ လာရောက် ပူးပေါင်းခဲ့သူတွေပါ ပါဝင်ခဲ့ပါတယ်။

တိုက်ပွဲဒဏ်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး အပါအဝင် အစစအရာရာ ပြတ်လတ်တဲ့ ဒဏ်ကြောင့် ဘာဂုဇ်ကနေ လူတွေဟာ SDF အဖွဲ့က ဖွင့်ပေးထားတဲ့ ယာယီ ဒုက္ခသည် စခန်းတွေ ရှိရာ ထွက်ပြေး လာခဲ့ကြတာ ဖြစ်ပါတယ်။

IS လက်နက်ကိုင် တချို့လည်း ဘာဂုဇ်ကို စွန့်ခွာ သွားခဲ့ကြပေမယ့်၊ ကျန်ခဲ့သူတွေကတော့ SDF ရဲ့ ထိုးစစ်ကို အပြင်းအထန် ခုခံ ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ယမ်းခိုးဝေနေခဲ့တဲ့ ဘာဂုဇ်

ကားဗုံးတွေ အပါအဝင် လူတွေ အသေခံ ဗုံးခွဲပြီး SDF အဖွဲ့ ထိုးစစ်ရှိန်ကို ဟန့်တားဖို့ ကြိုးစား ခဲ့ကြပါတယ်။

အဆုံးမှာတော့ ခါလီဖိတ်လို့ ခေါ်တဲ့ အဲဒီ IS အဖွဲ့ကို အလုံးစုံ ခြေမှုန်းလိုက်နိုင်ပြီး IS အဖွဲ့ဟာ ထိန်းချုပ်မြေတွေ ၁ဝဝ ရာခိုင်နှုန်း လက်လွှတ် ခဲ့ရပြီလို့ SDF အဖွဲ့က ကြေညာ လာပါတယ်။

SDF အဖွဲ့ရဲ့ ပြန်ကြားရေးရုံး အကြီးအကဲ မူစတာဖာ ဘာလီက တွစ်တာ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ထုတ်ပြန် ခဲ့တာမှာ "ဒီနေ့ဟာ အင်မတန် ထူးကဲလှတဲ့ နေ့ထူး ဖြစ်တယ်၊ ထောင်နဲ့ချီတဲ့ အာဇာနည်တွေရဲ့ အသက်နဲ့ရင်းပြီး အခုလို အောင်ပွဲကို အရယူ နိုင်ခဲ့တာ ဖြစ်လို့ ကျဆုံးခဲ့သူတွေကို အမှတ်တရ ဂုဏ်ပြုတယ်" ဆိုပြီး ရေးသား ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်တပ်တွေ ပြန်ရုပ်မယ် ပြောလို့ ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင် ထွက်သွားတာ ကြုံခဲ့ရတဲ့ ထရမ့်

ထရမ့်မူဝါဒနဲ့ IS အဖွဲ့

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ IS အဖွဲ့အပေါ် အောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်ကတည်းက ကြေညာထားပြီး အမေရိကန် တပ်တွေ ပြန်ရုပ်သိမ်းမယ့် အစီအစဉ်ကိုပါ တပါတည်း အသိပေးခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ အဲဒီကြေညာချက်ကြောင့် IS အဖွဲ့ကို အမေရိကန် အကူအညီ ရယူပြီး တိုက်နေကြတဲ့ မဟာမိတ် အဖွဲ့တွေကြား စိုးရိမ်မှုတွေ ပေါ်ပေါက် လာစေပြီး အမေရိကန် နိုင်ငံတွင်းမှာလည်း ထရမ့်ရဲ့ မူဝါဒကို သဘောမတူတဲ့ ထိပ်တန်း တာဝန်ရှိသူတချို့ နုတ်ထွက်တာတွေ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အမေရိကန် တပ်ဖွဲ့တချို့ ဒေသတွင်း ဆက်လက် ထားပေမယ် ဆိုပြီး အိမ်ဖြူတော်က ပြောလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ် အစိုးရတပ်ဖွဲ့ဝင်တွေကို IS က သုတ်သင် သတ်ဖြတ်နေတဲ့ ပုံဆိုပြီး ၂ဝ၁၄ တုန်းက ဂျီဟာ့ဒ် ဝက်ဘ်ဆိုက်တစ်ခုမှာ တင်ထားခဲ့တဲ့ပုံ

IS ရဲ့ နောက်ကြောင်း

၂ဝဝ၃ ခုနှစ်၊ အီရတ်ကို အမေရိကန် ဦးဆောင်တဲ့ တပ်တွေ ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း အီရတ်မှာရှိတဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ကနေ အဆင့် IS အဖွဲ့ အနေနဲ့ တဖြည်းဖြည်း စတင် စုစည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ် ဆီးရီးယားမှာ သမ္မတ ဘရှား အယ်လ် အာဆတ် အပေါ် လက်နက်ကိုင် ပုန်ကန်မှုတွေ ပေါ်ပေါက်လာတဲ့ အခါ IS လက်နက်ကိုင်တွေလည်း သမ္မတ အာဆတ်ရဲ့ အစိုးရတပ်ကို တိုက်ခိုက်လာပါတယ်။

၂ဝ၁၄ မှာတော့ IS အနေနဲ့ အီရတ်နဲ့ ဆီးရီးယား တလွှား ထိန်းချုပ်မြေတွေ တော်တော်များများ ရှိလာပြီး သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေကို အစ္စလာမစ်နိုင်ငံ ခါလီဖိတ် ရယ်လို့ သတ်မှတ်ကြောင်း ကြေညာပါတယ်။

IS လက်ထဲ ကျရောက်ခဲ့တဲ့ ထိန်းချုပ်မြေတွေမှာ အရပ်သား ၈ သန်း နီးပါး လောက် IS တို့ရဲ့ အအုပ်ချုပ်ခံ ဖြစ်ခဲ့ကြရပါတယ်။

IS အဖွဲ့ဟာ သူတို့ လွှမ်းမိုးထားတဲ့ နယ်မြေတွေကနေ ရေနံကဆင့် ဒေါ်လာ သန်းထောင်ချီပြီး ဝင်ငွေရှိခဲ့သလို လူတွေကို ခြိမ်းခြောက် ငွေကောက်တာ၊ လုယက်တာ၊ ပြန်ပေး ဆွဲတာတွေ ကနေလည်း ငွေတွေ စုဆောင်းခဲ့ပါတယ်။

IS အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားက သူတို့ ထိန်းချုပ်ရာ ဒေသတွေကို အခြေပြုရင်း နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာပါ တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့လည်း စီမံ အကွက်ချတာတွေ ပြုလုပ် ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့လုံခြုံရေးကို ဆက်လက် ခြိမ်းခြောက်နိုင်ဆဲ IS အဖွဲ့

စိုးရိမ်မှုတွေ ဆက်ရှိနေ

အခုတော့ ဆီးရီးယားထဲ IS အဖွဲ့ နောက်ဆုံး ခြေကုပ်ယူထားတဲ့ ဘာဂုဇ်ကိုပါ အောင်နိုင်လိုက်ပြီး ဒါဟာ IS ခြေမှုန်းရေး လုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့ အဓိက အောင်ပွဲတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

အီရတ်ထဲမှာလည်း IS အဖွဲ့အပေါ် အောင်နိုင်ခဲ့ကြောင်း ၂ဝ၁၇ ကတည်းက ကြေညာ ထားနိုင်ပါတယ်။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေထဲ IS ထိန်းချုပ်မြေတွေကို ပြန်လည် သိမ်းပိုက် နိုင်ပေမယ့် IS အဖွဲ့ကို အဆုံးတိုင် ခြေမှုန်းလိုက်နိုင်ပြီလို့ မပြောနိုင်ပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
IS ရဲ့ နောက်းဆုံးစခန်းကို ချေမှုန်းတဲ့ တိုက်ပွဲ

IS လက်နက်ကိုင် ဦးရေ တစ်သောင်းခွဲကနေ နှစ်သောင်းလောက်အထိ ဆက်ရှိ နေပြီး စစ်ရေး လှုပ်ရှားမှုတွေ ဒေသတွင်း ဆက်လက် ပြုမူနေဦးမယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ယူဆ ထားပါတယ်။

ဒါ့အပြင် IS အဖွဲ့ထဲကို သိမ်းသွင်းထားပြီး မလှုပ်ရှားခိုင်းသေးပဲ ထားထားတဲ့ အုပ်စုငယ်တွေလည်း အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် IS အဖွဲ့ဟာ အချိန်မရွေး ပြန်လည် ကြီးထွားလာပြီး စစ်ရေး ဆောင်ရွက်မှုတွေ၊ လက်နက်ကိုင် ထကြွမှုတွေ ပြုမူလာနိုင်တယ်လို့ ခန့်မှန်း နေပါတယ်။

SDF အဖွဲ့က ခါလီဖိတ် ဆုံးခန်းတိုင်ပြီလို့ ပြောနေချိန်မှာပဲ IS အဖွဲ့ရဲ့ ပြောခွင့်ရ အဘူ ဟာဆန် အယ်လ် မူဟာဂျီရ်ရဲ့ အသံလို့ ယူဆရတဲ့ အသံဖိုင် ထွက်လာပါတယ်။

အဲဒီ အသံဖိုင်ထဲ ခါလီဖိတ် မပျက်သုဉ်းသေးဘူးဆိုပြီး ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ