ထိုင်းနိုင်ငံမှာအာဏာသိမ်းပြီးနောက် ပထမဆုံးရွေးကောက်ပွဲ

၂၀၁၁ နောက်ပိုင်းမှာ ပထမဆုံးပြုလုပ်ခွင့်ရတဲ့ ဒီရွေးကောက်ပွဲမှာ မဲပေးသူများတာတွေ့ရ။ ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၁ နောက်ပိုင်းမှာ ပထမဆုံးပြုလုပ်ခွင့်ရတဲ့ ဒီရွေးကောက်ပွဲမှာ မဲပေးသူများတာတွေ့ရ။

၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေ မဲပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေ နှစ်ပေါင်းအတန်ကြာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်ထောက်ခံသူတွေနဲ့ အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူတွေအကြား ပဋိပက္ခပြင်းထန်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပိုက်ပြီးနောက်မှာ ဒီမိုကရေစီ ပြန်လည် အကောင်အထည် ဖော်ပေးပါမယ်လို့ ကတိပေးခဲ့ပေမယ့် ရွေးကောက်ပွဲကိုတော့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။

အခုအသစ်ရေးဆွဲထားတဲ့ အခြေခံဥပဒေအရဆိုရင် ရွေးကောက်ပွဲမှာ ဘယ်ရလဒ်ပဲထွက်ထွက် စစ်တပ်က စင်ပေါ်ကနေ သြဇာလွှမ်းနေလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေကတော့ ဆိုနေကြပါတယ်။

အခုရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အရေအတွက်ဟာ သန်း ၅၀ ကျော်ပါတယ်။ တကယ် မဲလာပေးသူအရေအတွက်ဟာလည်း ၈၀ ရာနှုန်းကျော်အောင်ကို များပြားလိမ့်မယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုကြပါတယ်။

အသက် ၁၈ နှစ်နဲ့ ၂၆ နှစ်ကြား လူငယ်တွေကတော့ တခါမှ မဲမပေးဖူးသေးတဲ့ မဲဆန္ဒရှင် အသစ်တွေပါ။ အဲဒီမဲဆန္ဒရှင် အသစ်တွေရဲ့မဲဟာ ဒီပွဲမှာ အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဒါ့ကြောင့် ပါတီအားလုံးဟာ သူတို့ကိုသာ အဓိကပစ်မှတ်ထား မဲဆွယ်နေကြတာကိုလည်း တွေ့ရပါတယ်။

ထိုင်းရွေးကောက်ပွဲ သိသင့်တဲ့ အချက် ၅ ချက်

ထိုင်းနိုင်ငံရေးမှာ သံဃာတွေ ပါဝင်ခွင့် တောင်းဆို

ရွေးကောက်ပွဲ မဲပေးရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းတကျ မဲပေးကြဖို့ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက ကြိုတင်ပြီး ကြေညာချက် တစောင် ထုတ်ပြန် သတိပေးခဲ့ပါတယ်။

အဲဒီကြေညာချက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ စနေ ညနေတုန်းက ထုတ်လွှင့် ခဲ့ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ လူကောင်းတွေကို ထောက်ခံမဲ ပေးကြပါလို့လည်း တိုက်တွန်းထားပါတယ်။

ဒီရွေးကောက်ပွဲဟာ အဓိကပြိုင်ဘက်တွေက စစ်တပ် လိုလားသူတွေနဲ့ မစ္စတာ သက်ဆင်ရဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။

မစ္စတာ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းဖြုတ်ချ ခံခဲ့ရပြီး နိုင်ငံခြားမှာ ထွက်ပြေး ရှောင်တိမ်းနေပါတယ်။ သူ့ကို အာဏာ အလွဲသုံးစားမှုတွေနဲ့ တရားစွဲဆို အရေးယူမယ့်ဘေးကနေ ပြည်ပ ထွက်ခွာ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ထောက်ခံသူတွေက ရှိနေဆဲပါ။ အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေနဲ့ ဆင်းရဲသားတွေကြားမှာ သူ့ကို ထောက်ခံသူ အများအပြားရှိနေပါတယ်။

၂၀၀၁ ခုနှစ် နောက်ပိုင်းမှာ မစ္စတာ သက်ဆင်နဲ့ ဆက်နွှယ်တဲ့ ပါတီတွေဟာ တောက်လျှောက် အနိုင်ရနေခဲ့ပါတယ်။ အဲသလို အားကောင်းနေတဲ့ မစ္စတာ သက်ဆင် အင်အားစုတွေရဲ့ နိုင်ငံရေးကို အားနည်းပျော့ညံ့သွားအောင် လုပ်ရေးဟာ စစ်တပ်က တရားဝင် ကြေညာမထားတဲ့ ရည်မှန်းချက်တခု ဖြစ်ပုံရတယ်လို့ ဘီဘီစီ အရှေ့တောင် အာရှ သတင်းထောက် ဂျော်နသန်ဟက်က ဆိုပါတယ်။

အခုဒီရွေးကောက်ပွဲမှာ မစ္စတာ သက်ဆင်ဘက်က ပါတီကတော့ ဖူးယထိုင်း (ထိုင်းနိုင်ငံအတွက်) ပါတီဖြစ်ပါတယ်။

မစ္စတာ သက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝပ်ကို ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်း ဖြုတ်ချခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကို ထိုင်းနိုင်ငံမှာအာဏာသိမ်းပြီးနောက် ပထမဆုံးရွေးကောက်ပွဲစစ်တပ်လိုလားတဲ့ ပလန်း ပရာချာရတ် ပါတီက ဝန်ကြီးချုပ်လောင်း အဖြစ် အမည်တင်သွင်း အဆိုပြုထားပါတယ်။

တခြားအပြိုင်ပါတီတွေထဲမှာတော့ အရင်ဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဗိတ်ဂျာဂျီဗ ခေါင်းဆောင်တဲ့ ဒီမိုကရက်ပါတီ၊ အသက်ငယ်ရွယ်တဲ့ ဆက်သွယ်ရေး လုပ်ငန်းပိုင်ရှင် ဘီလျံနာ သူဌေး သနာတွန်းဂျူအန်ဂရူးဂရူအန်ကစ် ဦးဆောင်တဲ့ ရှေ့သို့အနာဂတ်ပါတီသစ်တွေဟာ ထင်ရှားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လူငယ်မဲဆန္ဒရှင်တွေဟာ ဘာ့ကြောင့် အဆုံးအဖြတ်ပေးနိုင်သူတွေ ဖြစ်သလဲ (အင်္ဂလိပ်ဘာသာဖြင့် )

အာဏာသိမ်းစဉ်က စစ်တပ်က ပြောခဲ့တာက သူတို့ဟာ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို ပြန်တည်ဆောက်ချင်တာပါလို့ ဆိုပါတယ်။ အဲဒီအချိန်က မကြာခဏနဲ့ ထပ်ဖန်တလဲလဲ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ကာကွယ်တားဆီး ချင်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ စစ်အစိုးရဟာ အာဏာရှင် လမ်းစဉ်ဘက်ကို ရွေ့လျား ဦးတည်လာတယ်လို့ စွပ်စွဲဝေဖန်မှုတွေ ရှိလာပါတယ်။ စစ်အစိုးရဟာ မီဒီယာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာသလို ဘုရင်ကို အကြည်ညိုပျက်စေမှုလို ပုဒ်မမျိုးကို စစ်တပ်ဝေဖန်သူတွေ အပေါ်မှာ အသုံးချခြင်းအားဖြင့် အတိုက်အခံတွေကို နှုတ်ပိတ် ငြိမ်ဝပ်အောင် လုပ်ဆောင်လာတယ် ဆိုပြီး ဝေဖန်လာကြပါတယ်။

စစ်အစိုးရက ဦးဆောင်ပြီး အခြေခံဥပဒေကိုလည်း ရေးဆွဲခဲ့ပါတယ်။ အဲဒီအခြေခံဥပဒေကို ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုခဲ့တာမှန်ပေမယ့် အဲဒီဥပဒေဟာ ထိုင်းနိုင်ငံရေးမှာ စစ်တပ်က ထာဝရ စိုးမိုးနိုင်အောင် အကွက်ချရေးဆွဲထားတဲ့ အခြေခံဥပဒေလို့ ဝေဖန်ကြပါတယ်။

မတ်လ ၂၄ ရက် တနင်္ဂနွေ ရွေးကောက်ပွဲက ပါလီမန် အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၅၀၀ ရွေးကောက် တင်မြှောက်ရမှာပါ။ ဒါပေမယ့် အခြေခံဥပဒေအရ ပြည်သူက မရွေးကောက်ဘဲ စစ်တပ်က ရွေးချယ်ခန့်ထားတဲ့ ကိုယ်စားလှယ် ၂၅၀ ကလည်း ဆီးနိတ် ကိုယ်စားလှယ် (အထက်လွှတ်တော် ကိုယ်စားလှယ်) အဖြစ် ကြိုတင် ရှိနေမှာပါ။ ဒီတော့ ကိုယ်စားလှယ် စုစုပေါင်းက ၇၅၀ ဖြစ်ပါတယ်။ အဲဒီ ၇၅၀ မှာ တဝက်ကျော်က ထောက်ခံသူဟာ ဝန်ကြီးချုပ် ဖြစ်ရမယ်လို့ အခြေခံဥပဒေက ရေးဆွဲထားပါတယ်။ ဒီတော့ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့မဲက ၃၇၆ မဲပါ။ စစ်တပ်အနေနဲ့ ၂၅၀ ကအသားတင် ရပြီးသားဆိုတော့ ဗိုလ်ချုပ်ကြီး ပရာယွတ် ဝန်ကြီးချုပ် ဖြစ်ဖို့ရာ နောက်ထပ် ကိုယ်စားလှယ် ၁၂၆ ယောက်ပဲ လိုပါတော့တယ်။

ဒါ့အပြင် နောက်ထပ် ထူးခြားချက်က အနိုင်ရပါတီကပဲ ဖြစ်ဖြစ်၊ ညွန့်ပေါင်းကပဲ ဖြစ်ဖြစ် အရွေးကောက်ခံ မဟုတ်တဲ့သူတယောက်ကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက် ခွင့်ရှိတယ်လို့လည်း အခြေခံဥပဒေက ခွင့်ပြုထားတဲ့ အချက်ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ဒီလိုမဲပေးခဲ့ပါတယ်

ဒါ့အပြင် လွှတ်တော်အတွင်းမှာ ပါတီ တပါတီက ရခွင့်ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် နေရာကိုလည်း အခြေခံဥပဒေက ကန့်သတ်ထားပါသေးတယ်။ ပါတီတခုအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လောက်ပဲ နိုင်နိုင် အဲဒီကန့်သတ်ချက်ကို ကျော်လို့ မရပါဘူး။ ဒါ့အပြင် တက်လာမယ့် အစိုးရဟာ ထိုင်းစစ်တပ်ရဲ့ အနှစ် ၂၀ စီမံကိန်းကို လိုက်နာ လက်ခံရမယ်လို့လည်း အခြေခံဥပေဒက ချုပ်ကိုင်ထားပြန်ပါသေးတယ်။

ကနဦး ထွက်ပေါ်လာတဲ့ မဲရလဒ်တွေ အရ မစ္စတာသက်ဆင်ကို ထောက်ခံသူတွေရဲ့ ဖူယထိုင်း ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ အသာရနေပေမယ့် ဗိုလ်ချုပ်ကြီး ပရာယွတ်ကသာ ဝန်ကြီးချုပ် ဖြစ်ဖို့ အလားအလာများနေတယ်လို့ ဘီဘီစီ ထိုင်းသတင်းထောက်တွေက သုံးသပ်ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း