ထိုင်းရွေးကောက်ပွဲ မဲ မသမာမှု ရှိတယ်လို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် စွပ်စွဲ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ မဲ မသမာမှုတွေ အများအပြား ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဒီလို မဲမသမာမှုတွေကြောင့် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်တယ်လို့လည်း သက်ဆင်က ဘီဘီစီထိုင်းဌာနနဲ့ သီးသန့်အင်တာဗျူးတခုမှာ ပြောဆိုလိုက်တာပါ။

ဒီလို ဖြစ်ရပ်ဟာ တိုင်းပြည် နစ်နာပြီး လူတွေရဲ့ ယုံကြည်မှုတွေ ကျဆင်းစေတယ်လို့ ထင်မြင်ကြောင်း သက်ဆင်က ပြောပါတယ်။

"ကျွန်တော့်အနေနဲ့ အံ့သြမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖလန်း ပရာချာရတ် ပါတီက နောက်ကနေလိုက် လာပြီး တတိယနေရာကနေ ရုတ်တရက် ပထမနေရာ ရောက်သွားတာ၊ ကျော်တက်သွားတဲ့ ဖြစ်ရပ်မျိုးတွေ တွေ့နေရတယ်။ မသမာမှုတွေ သိပ်များတယ်။ ထိုင်းနိုင်ငံရေးနဲ့ ရွေးကောက်ပွဲ စနစ်တွေဟာ နောက်ပြန် လှည့်နေတာကို တွေ့ရတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံသားတွေ အတွက် စိုးရိမ်ရပါတယ်" လို့ သက်ဆင်က ပြောပါတယ်။

ဖလန်း ပရာချာရတ် ပါတီက လက်ရှိဝန်ကြီးချုပ် စစ်တပ်ခေါင်းဆောင် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ ပါတီပဲ ဖြစ်ပါတယ်။

တချို့မဲဆန္ဒနယ်တွေမှာ ဖလန်း ပရာချာရတ် ပါတီက ရှုံးရာကနေပြီး အနိုင်ဘက်ကို ပြောင်းသွားတာကိုလည်း တွေ့ရတယ်လို့ သက်ဆင်က ပြောပါတယ်။

ဒီလို မဲမသမာမှု ရှိတယ်လို့ သတင်းထွက်ပေါ်နေချိန်မှာပဲ တခြားနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှေ့သို့အနာဂတ် ပါတီရဲ့ ကိုယ်စားလှယ်တွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားပြီး မဲဆန္ဒနယ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေကတော့ ဒါဟာ နည်းပညာကြောင့် မဟုတ်ဘဲ လူတွေကြောင့် ဖြစ်တဲ့ ချို့ယွင်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် မဲရလဒ်တွေအရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ ဖုယာထိုင်း ပါတီကတော့ လွှတ်တော်အမတ် နေရာ အများဆုံး အနိုင်ရပြီး ပထမနေရာမှာ ဦးဆောင်နေပါတယ်။

လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ ဖလန်း ပရာချာရတ် ပါတီကတော့ ဒုတိယနေရာမှာ လိုက်နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွေးကောက်ပွဲမှာ ထိုင်း မဲဆန္ဒရှင်တွေ မဲပေးခဲ့ပါတယ်

မတ်လ ၂၄ ရက်က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ ဖလန်း ပရာချာရတ် ပါတီ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံတဲ့ ဖူယထိုင်း ပါတီ၊ ဆက်သွယ်ရေးလုပ်ငန်းပိုင်ရှင် ဘီလျံနာ သူဌေး သနာတွန်းဂျူအန်ဂရူး ဂရူအန်ကစ် ဦးဆောင်တဲ့ ရှေ့သို့အနာဂတ်ပါတီ၊ လူချမ်းသာနဲ့ ပညာတတ်အသိုင်းအဝိုင်းက ထောက်ခံတဲ့ ဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဝစ်ချာချီဝါ့ ခေါင်းဆောင်တဲ့ ဒီမိုကရက်ပါတီတို့က လူကြိုက်အများဆုံး ပါတီတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်မှုတွေ နှစ်ပေါင်းအတန် ကြာဖြစ်ပေါ်ခဲ့ပြီး ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ