ဆီးရီးယားဆီက သိမ်းထားတဲ့ ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင်အဖြစ် အမေရိကန်က အမိန့်စာထုတ်

ဂိုလန်ကုန်းမြင့်ကို အသိအမှတ်ပြုတာအတွက် ထရမ့်ကို အစ္စရေးဝန်ကြီးချုပ်က ချီးကျူးလိုက်ပါတယ်။ ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျေရုဆလင်ကို လည်း အစ္စရေး မြို့တော် အဖြစ် အမေရိကန်သမ္မတ ထရမ့်က ၂၀၁၇ ခုနှစ်မှာ အသိအမှတ်ပြုခဲ့ပါသေးတယ်။

ဆီးရီးယားဆီကနေ ၁၉၆၇ ခုနှစ်မှာ အစ္စရေးက သိမ်းထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုတဲ့ တရားဝင် အမိန့်စာကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၅ရက်မှာ လက်မှတ်ထိုးလိုက်ပါတယ်။

အဲဒီလို လက်မှတ်ရေးထိုးတာကို သမိုင်းဝင် လုပ်ဆောင်ချက်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ချီးကျူးပါတယ်။

အဲဒီ လက်မှတ်ထိုးတဲ့အချိန်မှာ ဘန်ဂျမင် နေတန်ယာဟု လည်း ထရမ့်နဲ့ အတူရှိနေပါတယ်။

ဆီးရီးယားဘက်ကတော့ ထရမ့်ရဲ့ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့ အဆင်အခြင်ကင်းမဲ့တဲ့ လုပ်ရပ်လို့ ပြောပါတယ်။

အစ္စရေးက ၁၉၈၁ ခုနှစ်မှာ ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင် အဖြစ် ကြေညာခဲ့ပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အသိအမှတ်မပြုခဲ့ကြပါဘူး။

အမေရိကန်က အသိအမှတ်ပြုလိုက်ပေမဲ့ ဂိုလန်ကုန်းမြင့်ရဲ့ ပိုင်ဆိုင်မှု အခြေအနေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ ပြောခွင့်ရသူကလည်း တနင်္လာနေ့မှာ ပြောပါတယ်။

ဂိုလန်ကုန်းမြင့်ပိုင်ဆိုင်မှု အသိအမှတ်ပြုမှုကို ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်တို့က ကုလသမဂ္ဂနဲ့ သဘောထားအတူတူ ရှိခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူတို့ သဘောထား ပြောင်းသွားတာကို တွစ်တာကနေ ကြေညာခဲ့ပါတယ်။

ဘယ်နည်းနဲ့ရရ အဲဒီနေရာကို ဆီးရီးယားပိုင် ပြန်ဖြစ်စေရမယ်လို့ ဆီးရီးယားဘက်က တုံ့ပြန်ပါတယ်။

အမေရိကန် အစိုးရ အိမ်ဖြူတော်ကို ရောက်နေတဲ့ နေတန်ယာဟုကတော့ အစ္စရေးတို့ဘက်က ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

အခုလို အသိအမှတ်ပြုတာဟာ ဂိုလန်ကုန်းမြင့်ကို လုံခြုံရေးအတွက် သူတို့အလိုအပ်ဆုံးဖြစ်နေချိန်မှာ ကြေညာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ အဲဒါနဲ့အတူ ဆီးရီးယားက အီရန်တပ်တွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ပြောသွားခဲ့ပါတယ်။

Image caption ဂိုလန်ကုန်းမြင့်ကို အသိအမှတ်ပြုတာအတွက် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ချီးကျူးလိုက်ပါတယ်။

အစ္စရေးတို့ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ တရားသောစစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ကို ရခဲ့တာလို့ မစ္စတာ နေတန်ယာဟုက ပြောပါတယ်။ ဂျူးလူမျိုးတွေ ဂိုလန်ဒေသမှာ နှစ်ပေါင်းထောင်ချီ နေခဲ့ကြတာလို့ သူကပြောပါတယ်။

ဒါပေမဲ့ အခု အမေရိကန်အသိအမှတ်ပြုသလို လိုက်လုပ်မယ့် တခြားနိုင်ငံတွေ ရှိပုံမပေါ်ပါဘူး။ အမေရိကန်က အခုလိုအသိအမှတ်ပြုလိုက်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို အရှက်ရစေတဲ့ လုပ်ရပ်လို့ ဆီးရီးယား နိုင်ငံပိုင် မီဒီယာက ပြောပါတယ်။

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ကို စစ်ရေး အထောက်အပံ့ပေးနေတဲ့ ရုရှားတို့ကတော့ အခု လုပ်ရပ်ဟာ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ဖြစ်လာစေတဲ့ လုပ်ရပ်လို့ သတိပေးလိုက်ပါတယ်။

ဆီးရီးယား အတိုက်အခံတွေကို ထောက်ခံတဲ့ တူရကီကလည်း အမေရိကန်အသိအမှတ်ပြုတာကို လက်ခံဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဂိုလန်ကုန်းမြင့်ဘယ်မှာလဲ

ဂိုလန်ကုန်းမြင့်ဟာ ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်နဲ့ မိုင် ၄၀ အကွာ ဆီးရီးယား အနောက်တောင်ပိုင်းမှာ ရှိပါတယ်။ အကျယ်အဝန်း စတုရန်းမိုင် ၄၀၀ လောက် ရှိပါတယ်။

အဲဒီဒေသရဲ့ နေရာ အတော်များများကို ဆီးရီးယားတို့ဆီက အစ္စရေးတို့ ၁၉၆၇ အရှေ့အလယ်ပိုင်းက နာမည်ကျော် အာရပ်-အစ္စရေး ခြောက်ရက်စစ်ပွဲမှာ ရခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ၁၉၇၃ စစ်ပွဲမှာ ဆီးရီးယားတို့ ပြန်သိမ်းမယ့် အခြေအနေကနေ အစ္စရေးတို့က ထိန်းထားခဲ့တာဖြစ်ပါတယ်။

ကျောက်တောင်ထူထပ်တဲ့ ဂိုလန်ကုန်းမြင့်ဒေသဟာ တည်နေရာအရ စစ်ရေး၊နိုင်ငံရေးအတွက် အရေးပါတဲ့ နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ခဲ့လို့ အဲဒီမှာ နေတဲ့ ဆီးရီးယား အာရပ်တွေ နေရပ်စွန့်ခွာ သွားခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဂိုလန်ကုန်းမြင့်နေရာအားလုံးကနေ အစ္စရေးတွေ ထွက်မပေးမချင်း ဆီးရီးယားဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှာ မဟုတ်ဘူး။

အဲဒီနောက် နှစ်နိုင်ငံအကြား စစ်တပ်တွေမချထားရဇုန် အဖြစ် ၄၄ မိုင် အရှည်ရှိတဲ့နေရာကို သတ်မှတ်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီသတ်မှတ်တဲ့နေရာကို ကုလသမဂ္ဂတပ်တွေ ကင်းလှည့်စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက စစ်အတွက် အသင့်ဆိုတဲ့ အနေအထားနဲ့တော့ ဆက်ရှိနေခဲ့ကြ ပါတယ်။

၁၉၈၁ ခုနှစ်မှာ ဂိုလန်ကို အစ္စရေးပိုင် အဖြစ် ထည့်သွင်းတာကို အသိအမှတ်ပြုတဲ့ ဥပဒေကို အစ္စရေး ပါလီမန်ကနေ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အဲဒါကို အသိအမှတ်မပြုဘဲ ဆီးရီးယားပိုင် အဖြစ် ဆက်ပြီး သဘောထားခဲ့ကြပါတယ်။ ကုလသမဂ္ဂကလည်း အဲဒီလိုအတည်ပြုတာဟာ တရားဝင်မှာ မဟုတ်ဘူးလို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ် အမေရိကန် သမ္မတ ဘာရက် အိုဘားမားလက်ထက်တုန်းက အစ္စရေး ဝန်ကြီးချုပ်က ဂိုလန်ဒေသကို ဘယ်တော့မှ အလျှော့ပေး စွန့်လွှတ်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါသေးတယ်။ အဲဒီတုန်းက ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်း ကြေညာခဲ့သလို အမေရိကန်တို့ကလည်း ကုသမဂ္ဂလုံခြုံရေး ကောင်စီနဲ့ သဘောထားအတူ ရှိခဲ့ပါတယ်။

အမေရိကန်တို့ စေ့စပ်ပေးတဲ့ အစ္စရေး-ဆီးရီးယား မျက်နှာချင်းဆိုင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၂၀၀၀ ပြည့်နှစ်မှာ ပျက်သွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ တူရကီက ကြားဝင် စေ့စပ်ပေးခဲ့ပါသေးတယ်။

ဂိုလန်ဒေသမှာ အစ္စရေးက ဂျူးတွေ အခြေချ နေထိုင်တဲ့နေရာ ၃၀ မက ရှိနေပါတယ်။ အဲဒီမှာ အစ္စရေးဘက်က လူ ၂၀,၀၀၀ လောက် နေပါတယ်။ ဒါပေမဲ့ အဲဒီလို အခြေချ နေထိုင်တာတွေဟာ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ပါဘူး။ သူတို့တွေနဲ့အတူ စစ်ပွဲဖြစ်တုန်းက ထွက်မပြေးဘဲ ကျန်နေတဲ့ ဒရုစ်အာရပ် ၂၀,၀၀၀ လောက်လည်း ဂိုလန်မှာနေကြပါတယ်။