ကမ္ဘာပတ်လမ်းထဲက ဂြိုဟ်တုကို အိန္ဒိယက ဒုံးကျည်နဲ့ ပစ်ချဖျက်ဆီး

အိန္ဒိယ ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံရေး အမြတ်ထုတ်သူလို့ ဝေဖန်ခံရတဲ့ ဝန်ကြီးချုပ် မိုဒီ

ကမ္ဘာပတ်လမ်း အာကာသထဲက ဂြိုဟ်တုကို အိန္ဒိယက ဒုံးကျည်နဲ့ အောင်အောင်မြင်မြင် ပစ်ချ နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီက ပြောပါတယ်။

ကမ္ဘာပတ်လမ်းကြောင်း အနိမ့် (ကမ္ဘာမြေကနေ မိုင် ၁၂ဝဝ ဝန်းကျင် အကွာအဝေး) မှာ ရှိတဲ့ ဂြိုဟ်တုကို ထိမှန်အောင် စမ်းသပ် ပစ်ချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုတင် မစီစဉ်ထားပဲ မတ်လ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောလာခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ မိန့်ခွန်းထဲ ဂြိုဟ်တုပစ် ဒုံးကျည် အိန္ဒိယမှာ ရှိနေတဲ့ အကြောင်း ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ စမ်းသပ်မှု အောင်မြင်တာဟာ အိန္ဒိယ အာကာသ စီမံကိန်းတွေရဲ့ အရေးပါတဲ့ တိုးတက်မှု တစ်ရပ်အဖြစ် ဝန်ကြီးချုပ် မိုဒီက ချီးကျူးပါတယ်။

အခုလို ဂြိုဟ်တုပစ် ဒုံးကျည် စွမ်းရည်ကြောင့် အိန္ဒိယနိုင်ငံကို ပိုပြီး လုံခြုံ သွားစေတယ် လို့လည်း မစ္စတာမိုဒီက ပြောပါတယ်။

Image caption ဂြိုဟ်တုပစ်ဒုံးကျည် ပိုင်ဆိုင်တဲ့ စတုတ္ထမြောက် နိုင်ငံ

ဂြိုဟ်တုပစ်ဒုံးကျည်ကို အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့နောက် အိန္ဒိယက စတုတ္ထမြောက် ပိုင်ဆိုင်လာတဲ့ အာကာသလက်နက် အင်အားကြီးနိုင်ငံ ဖြစ်လာပြီလို့ မစ္စတာမိုဒီက ထည့်သွင်း ပြောဆို ခဲ့ပေမယ့်လည်း အမေရိကန် အပါအဝင် တခြားနိုင်ငံတွေဆီက တုန့်ပြန် မှတ်ချက်စကားမျိုးတော့ ထွက်မလာသေးပါဘူး။

ကမ္ဘာ့ နိုင်ငံတွေကြား အာကာသ လက်နက်တွေ အပြိုင်အဆိုင် ပိုင်ဆိုင် ထားရှိနိုင်အောင် ပြုမူ လာတဲ့ အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ကော်မတီက မနှစ်တုန်းက ပြောထားတာ ရှိပါတယ်။

ဒါ့အပြင် အင်အားကြီး နိုင်ငံတွေကြား လက်နက်ပြိုင်ဆိုင် တပ်ဆင်မှုမျိုး ဖြစ်မလာအောင် တင်ကြို တားဆီးနိုင်ရေး အတွက် နိုင်ငံတကာ သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆို ထားရှိဖို့လည်း ကုလသမဂ္ဂက တိုက်တွန်း ခဲ့ပါတယ်။

အာကာသလက်နက် အကြောင်း ထုတ်ပြောတဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ မိန့်ခွန်းဟာ အိန္ဒိယ ရွေးကောက်ပွဲ နီးလာချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ နှစ်ပတ်အလိုမှာ ပြောလာတဲ့ မိန့်ခွန်း

ဧပြီ ၁၁ ရက် နေ့က စပြီး ကျင်းပမယ့် အိန္ဒိယ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ ဘီဂျေပီပါတီ အနေနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ရနိုင်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဒါ့ကြောင့် အခုလို ရွေးကောက်ပွဲကြို ကာလမှာ ဝန်ကြီးချုပ်မိုဒီက ဂြိုဟ်တုပစ် ဒုံးကျည် စမ်းသပ် အောင်မြင်တဲ့ အကြောင်း ပြောလာတာဟာ နိုင်ငံရေး အကျိုးအမြတ် ရှိလာစေဖို့ ရည်ရွယ်ပြောတာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်လာပါတယ်။

အိန္ဒိယ အာကာသ အေဂျင်စီရဲ့ အောင်မြင်မှုကို ရွေးကောက်ပွဲရာသီမှာ ဝန်ကြီးချုပ်မိုဒီက ဝင်ပြီး နာမည်ကောင်း ယူဖို့ ကြိုးစား လာတာ ဖြစ်တယ်လို့ အနောက်ဘင်္ဂလား ပြည်နယ်ရဲ့ ဝန်ကြီးချုပ် မာမာတာ ဘနာဂျီက ဝေဖန်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်တို့ရဲ့ အာကာသ ရည်မှန်းချက်

အိန္ဒိယဘက်က အခုလို ဒုံးကျည်စွမ်းရည်မျိုး ပိုင်ဆိုင်ထားရှိတာဟာ အာကာသတွင်း ကမ္ဘာ့နိုင်ငံတွေ စစ်ရေးအင်အား အပြိုင်အဆိုင် တိုးချဲ့နေတဲ့ ဖြစ်ရပ်ရဲ့ သာဓက တစ်ခုဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာ ဘီဘီစီ ဂျွန်နသန်မားကပ်စ်က ဆိုပါတယ်။

အမေရိကန် အနေနဲ့လည်း ပင်မ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တသီးတခြား အာကာသ တပ်ဖွဲ့ဆိုပြီး သီးသန့် စစ်တပ်ထားရှိဖို့ ထရမ့် အစိုးရက အကြံပြုထားတာကို ဂျွန်နသန် မားကပ်စ်က ထောက်ပြပါတယ်။

အခု အိန္ဒိယနိုင်ငံ လုပ်ဆောင်ခဲ့သလိုပဲ တရုတ်လည်း ဆက်သွယ်ရေး ဂြိုဟ်တု တစ်လုံးကို ပစ်ချ ဖျက်ဆီးပြတာမျိုး ၂ဝဝ၇ ခုနှစ် ကတည်းက ပြုလုပ်ခဲ့ပါတယ်။