ဖွဲ့စည်းပုံပြင်ရေး ဘယ်လိုလုပ်ကြမလဲ NLD နဲ့ စစ်တပ် ကိုယ်စီပြောလာပြန်တဲ့ မတ် ၂၇

တပ်မတော်နေ့ ဓာတ်ပုံ မူပိုင် www.cincds.gov.mm
Image caption ၇၄ နှစ်မြောက် တပ်မတော်နေ့ နေပြည်တော် အခမ်းအနား

၇၄ နှစ်မြောက် တပ်မတော်နေ့ အဖြစ် နေပြည်တော်မှာ တပ်မတော်က စစ်ရေးပြ အခမ်းအနားနဲ့ ပြုလုပ်ခဲ့သလို၊ အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း ရန်ကုန်ရုံးချုပ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပါတယ်။

မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်ဝါဒကို တနိုင်ငံလုံးက လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်းပေါင်းစုံ သွေးစည်းညီညွတ်ပြီး ဆန့်ကျင် တိုက်ပွဲ ဝင်ခဲ့တဲ့နေ့ ဆိုပြီး NLD ပါတီက ထုတ်ပြန်ပါတယ်။

"ဖက်ဆစ်တော်လှန်ရေးထဲ ကွန်မြူနစ်ပါတီလည်း ပါတယ်၊ ဆိုရှယ်လစ်ပါတီလည်းပါတယ်၊ ဒေါက်တာ ဘမော်ပါတီလည်း ပါတယ်" လို့ဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားစုကို အဲဒီထုတ်ပြန်ချက်ထဲ ကိုးကား ထည့်သွင်းထားပါတယ်။

ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲကို စွန့်လွှတ်ပြီး အပြောင်းအလဲ အတွက် အားလုံး ညီညွတ်ကြရမယ် ဆိုတာကို ၁၉၄၅၊ မတ်လ ၂၇ တော်လှန်ရေးက ကွက်ကွက်ကွင်းကွင်း ပေါ်လွင် စေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရန်ကုန် ဗိုလ်ချုပ်ပန်းခြံထဲက ကြေးရုပ်

ဒါ့အပြင် စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ စကားတွေကိုလည်း NLD ထုတ်ပြန်ချက်ထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။

"တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို နှိပ်စက်ဖို့ မဟုတ်ဘူး၊ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်ဘူး၊ တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး" လို့ ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန် ခဲ့ကြောင်း NLD ထုတ်ပြန်ချက်ထဲ ကိုးကားထားပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ရေးကို လွှတ်တော် အင်အား ၊ ပြည်သူလူထု စုပေါင်း အင်အားတွေနဲ့ ကြိုးစား နေတယ်လို့လည်း NLD က ဆိုထားပြီး တပ်မတော် အပါအဝင် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ NLD က တိုက်တွန်းထားပါတယ်။

Image caption ရခိုင်အရေးမှာ တသားတည်းရှိပြီး ဖွဲ့စည်းပုံ ပြင်ရေးမှာ ကွဲလွဲ နေတယ်လို့ အကဲခတ်တွေဆို

တပ်ဘက်ကရော ဘာပြောသလဲ

မလိုလားအပ်တဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ ဘေးထွက် ဆိုးကျိုးတွေ မဖြစ်စေဖို့ ဖွဲ့စည်းပုံပါ ပြင်ဆင်ခြင်း နည်းလမ်း အတိုင်း အဆင့်ဆင့် လုပ်ဆောင် သွားရမယ် ဆိုပြီး နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်း ပေးပါတယ်။

ဖွဲ့စည်းပုံကို လိုအပ်လို့ ပြင်ဆင်ရင် NCA လမ်းကြောင်းအတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကနေ ရလာတဲ့ သဘောတူမှုတွေနဲ့ အညီ ပြင်ဆင်ရမယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA စာချုပ် ချုပ်ချုပ်ဆိုလာခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာလည်း ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစု ပင်လုံ ညီလာခံ အဖြစ် ကျင်းပနေခဲ့ပြီး အဲဒီ ညီလာခံကနေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးတွေ လုပ်ဆောင် သွားနိုင်မယ်လို့ ဆိုထား ခဲ့ကြပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထင်သလောက် တိုးတက်မလာပဲ ကြန့်ကြာနေချိန် ရွေးကောက်ပွဲ တကျော့ပြန် ကျင်းပမယ့် ၂ဝ၂ဝ နီးကပ်လာချိန်မှာတော့ NLD ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စိစစ် သုံးသပ်ကြမယ့် လွှတ်တော်တွင်း ကော်မတီ ဖွဲ့လာ ခဲ့အပြီး ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်းကနေ ကြိုးစား လာပြန်ပါတယ်။

လွှတ်တော် ကော်မတီ အရင် ဖွဲ့တဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီဘူး ဆိုပြီး တပ်မတော်ကိုယ်စားလှယ်တွေက ဆန့်ကျင် ခဲ့ကြသလို ၊ အခု နေပြည်တော် စစ်ရေးပြ အခမ်းနားမှာလည်း ဥပဒေနဲ့ အညီသာ ပြင်ဆင်ရေး ဆိုတဲ့ တပ်မတော် အာဘော်ကို ထပ်လောင်း ပြောလာ ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နေပြည်တော် ကောင်းကင်ယံ ပျံဝဲခဲ့တဲ့ တိုက်လေယာဉ်တွေ
Image caption တပ်ချုပ်ရောက်မလာခဲ့တဲ့ တပ်မတော်နေ့
ဓာတ်ပုံ မူပိုင် EPA
Image caption တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားက စစ်သမီးတွေ

မတ် ၂၇ နေပြည်တော် အခမ်းအနား

ဒီကနေ့ ၇၄နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာတော့ အရင်နှစ်တွေလို စစ်လက်နက်ပစ္စည်း အမြောက်အမြား ထုတ်ပြတာမျိုး မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဒူးနာနေတဲ့ အတွက် အခမ်းအနား မတက်ရောက် နိုင်ခဲ့တဲ့ အတွက် ၁၉၈၈ နောက်ပိုင်း တပ်မတော်နေ့ အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မတက်ရောက်ပဲ ကျင်းပတာဖြစ်ပါတယ်။

အစိုးရဘက်ကတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဦးကျော်တင့်ဆွေ အပါအဝင် ဝန်ကြီး ၁၇ ယောက် တက်ရောက်လာတာ တွေ့ခဲ့ရသလို၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကတွေဖြစ်တဲ့ ဦးထွန်းထွန်းဟိန်နဲ့ ဦးအေးသာအောင်တို့ တက်ရောက်ပါတယ်။

တပ်မတော်ကတော့ သမ္မတအပါအဝင် အစိုးရအဖွဲ့အားလုံးကို ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။

Image caption တပ်နဲ့ ဆက်ဆံရေး ပျက်လောက်အောင် ဖွဲ့စည်းပုံပြင်ရေး လုပ်ဆောင်မှာလား

တပ်နဲ့ NLD ဆက်ဆံရေး

အခုနှစ် မတ် ၂၇ အထိမ်းအမှတ် NLD ပါတီရဲ့ ထုတ်ပြန်ချက်ထဲ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဟုတ်ဘူး စတာတွေ အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ထည့်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဖက်ဆစ် တော်လှန်ရေးမှာ တပ်မတော် အပါအဝင် ပြည်သူအားလုံး တစုတစည်းတည်း ပါဝင်ခဲ့တဲ့ အနှစ်သာရကို ပြောလိုတဲ့ အတွက် ဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။

တပ်နဲ့ NLD ပါတီနဲ့ကြားမှာ နိုင်ငံရေးအရ အဆင်မပြေကြတဲ့ အရိပ်အယောင်တွေကို အခုနှစ် မတ်လ ၂၇ ရက် နေ့ နှစ်ဘက် ကိုယ်စီ ပြောဆိုနေကြတာတွေက ထင်ဟပ်နေတယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းကို ထူထောင်သူ ကိုမြတ်သူက သုံးသပ်ပါတယ်။

လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုက စလို့ နိုင်ငံရေးထဲ တပ်ပါဝင်မှု အခြေအနေကို ပျက်ယွင်း မသွားစေပဲ အခြေခံဥပဒေကို တစ်ချက်ခြင်းစီ ပြင်လိုတဲ့ သဘောမျိုး စစ်တပ်မှာ ရှိနေပြီး၊ NLD ကတော့ ပြင်ဆင်ရမှာတွေကို တလုံးတခဲတည်း ပြင်လိုတယ်လို့လည်း ကိုမြတ်သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် အေအေရဲ့သဘောထား - ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ မေးမြန်းခန်း အပိုင်း ၂

အကြမ်းဖက် ဝါဒနဲ့ တစ်ဖက်သတ် စွပ်စွဲ ပြောဆိုနေတာတွေကို ခုခံ နေရဆဲ အချိန် ဖြစ်တယ်လို့ လက်ရှိ မြန်မာ နိုင်ငံရဲ့ အနေအထားကို NLD ပါတီ ထုတ်ပြန်ချက်ထဲ ပြောဆိုထားပြီး အခြေခံ ဥပဒေပြင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွေမှာ တပ်ကို ပူးပေါင်းပါဝင်ဖို့ NLD က တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပြုမူခဲ့တာတွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်ပိုင်းကို နိုင်ငံတကာ ခုံရုံးတင်မယ် ဆိုတဲ့ နိုင်ငံတကာ ဖိအားတွေကို NLD ဦးဆောင်တဲ့ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက တပ်ဘက်က ကာကွယ် ရပ်တည်ပေးတာမျိုးလို မကွဲလွဲတဲ့ ရပ်တည်မှုမျိုးတွေ ရှိခဲ့ရာက၊ အခုတော့ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး ကွဲလွဲတဲ့ နိုင်ငံရေး သဘောထားတွေကို မြင်လာ နေရတာ ဖြစ်ပါတယ်။

NLD ပြောဆိုချက်ထဲမှာ ဖွဲ့စည်းပုံ ပြင်ရေးကို လွှတ်တော်အားနဲ့ သာမက၊ ပြည်သူ့အားပါ သုံးတယ်လို့ ဆိုထားပေမယ့် စစ်တပ်နဲ့ ဆက်ဆံရေး လုံးဝ ပျက်နိုင်လောက်အောင် ပြည်သူ အခြေပြု လှုပ်ရှားတာမျိုးတွေကို NLD က ရှောင်ခဲ့မြဲ ဖြစ်တယ်လို့ ကိုမြတ်သူက ဆိုပါတယ်။

ဒီတော့ ဖွဲ့စည်းပုံပြင်ရေးမှာ တပ်နဲ့ ဆက်ဆံရေး ထိန်းသိမ်းထားတဲ့ ဘောင်ကို ကျော်လွန်ပြီး NLD ဆောင်ရွက်လာမှာလား ဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ကိုမြတ်သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာနိုင်မလား

ဒီသတင်းနဲ့ပတ်သက်သမျှ