အိုင်အက်စ်ရဲ့ ကာလီဖိတ်နိုင်ငံ အဆုံးသတ်ပြီလား - ဘယ်နိုင်ငံတွေမှာ လှုပ်ရှားနေသေးလဲ

ဖိလစ်ပိုင်မှာ အိုင်အက်စ်တိုက်ခိုက်မှုတွေ အခုနှစ်ပိုင်းမှာ အနည်းငယ်တိုးလာခဲ့ပါတယ်။ ဓာတ်ပုံ မူပိုင် EPA
Image caption ဖိလစ်ပိုင်မှာ အိုင်အက်စ်တိုက်ခိုက်မှုတွေ အခုနှစ်ပိုင်းမှာ အနည်းငယ်တိုးလာခဲ့ပါတယ်။

လချီတဲ့တိုက်ပွဲတွေအပြီး နောက်ဆုံးမှာတော့ ဂျီဟာ့ဒ်အုပ်စု အိုင်အက်စ်(IS) တို့ ဆီးရီးယား အရှေ့ပိုင်းက ဘာဂုဇ်ရွာကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။ အဲဒါဟာ သူတို့မျှော်လင့်တဲ့ အစ္စလာမ်မစ် ကာလီဖိတ် နိုင်ငံတော် တည်ထောင်ဖို့ ဇာတ်သိမ်းခန်းသဖွယ် ဖြစ်ပါတယ်။

ဒီလို လက်လွှတ်လိုက်ရတာ သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် အီရတ်နယ်စပ်က အဲဒီလို သေးငယ်တဲ့နယ်မြေလေးတစ်ခု လက်လွှတ်လိုက်ရတာဟာ ကမ္ဘာအနှံ့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ အိုင်အက်စ် အဖွဲ့အတွက် အဆုံးသတ်တော့ မဟုတ်ပါဘူး။

အိုင်အက်စ်နဲ့ အပေါင်းအပါတွေဟာ နိုင်ငံတချို့မှာ ဆက်ပြီး လှုပ်ရှားမှုတွေ ရှိနေပါတယ်။ အွန်လိုင်းက အိုင်အက်စ် ဝါဒဖြန့်တဲ့ မီဒီယာတွေရဲ့ အဆိုအရ သူတို့ဟာ အဲဒီနိုင်ငံတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ခိုက်တာတွေ ပုံမှန်လုပ်နေတယ်လို့ သိရပါတယ်။

အိုင်အက်စ်တွေဟာ ၂၀၁၇ ခုနှစ် အကုန်မှာ ဆီးရီးယားနဲ့ အီရတ်က သူတို့ရဲ့ ပိုင်နက်နယ်မြေ အများစုကို ဆုံးရှုံးခဲ့ပေယ့် ထောင်ချီတဲ့တိုက်ခိုက်မှုတွေကို ဆက်လုပ်နေနိုင်ခဲ့တယ်လို့ ဘီဘီစီက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာအနှံ့အပြားမှာ တိုက်ခိုက်မှု ၃၆၇ဝ လုပ်ခဲ့ပါတယ်။ အဲဒါဟာ တစ်နေ့ ပျမ်းမျှ တိုက်ခိုက်မှု ၁၁ ခုလောက် လုပ်ခဲ့တယ် ဆိုတဲ့ သဘောပါ။ ဘာဂုဇ်ရွာ အဝိုင်းခံထားရတဲ့ ၂ဝ၁၉ ခုနှစ် အစပိုင်း နှစ်လထဲမှာတောင် သူတို့ တိုက်ခိုက်မှု အရေအတွက် ၅ဝ၂ ကြိမ် လုပ်ခဲ့တယ်လို့ အဲဒီ အချက်အလက်တွေအရ သိရပါတယ်။

Image caption အိုင်အက်စ်တိုက်ခက်မှုတွေ ဆက်ပြီးမြင့်တက်နေသေးတယ်ဆိုတာကို လအလိုက်တိုက်ခိုက်မှု ဇယားကို ကြည့်နိုင်ပါတယ်။

အိုင်အက်စ်တွေရဲ့ တိုက်ခိုက်မှု အများဆုံးလို့ဆိုတဲ့ အချိန်ကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ဖြစ်ပါတယ်။ အဲဒါဟာ အမေရိကန် အထောက်အပံ့နဲ့ တိုက်ခိုက်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) နဲ့ မဟာမိတ်တွေက သူတို့ဆီက ဘာဂုဇ်ကို စပြီး စစ်ဆင်ရေးလုပ် တိုက်ခိုက်တဲ့အချိန်နဲ့ ဆက်နွယ်နေဖွယ် ရှိပါတယ်။

အဲဒီ ဂျီဟာ့ဒ်အုပ်စုဟာ အများအားဖြင့် သူတို့ အတိုက်အခိုက် ခံရပြီ ဆိုရင် လက်တုံ့ပြန်တဲ့ တိုက်ပွဲတွေ တိုက်လေ့ရှိပါတယ်။ သူတို့ပိတ်ဆို့ပြီး အတိုက်ခံနေရတဲ့ နေရာတွေမှာ ဖြစ်ဖြစ် သူတို့ အဝိုင်းခံနေရတဲ့ အခြေအနေကနေ အာရုံလွှဲနိုင်အောင် တခြားနေရာတွေမှာ သွားတိုက်တာဖြစ်ဖြစ် လုပ်တတ်ပါတယ်။

အိုင်အက်စ်တိုက်တဲ့နေရာတွေ အမျာစုက အီရတ်နဲ့ ဆီးရီးယားမှာ ဖြစ်ပေမယ့် အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယားနဲ့ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွေမှာ ပုံမှန် တိုက်ခိုက်တာတွေ လုပ်ပါတယ်။

Image caption ၂၀၁၈ ဇန်နဝါရီ ကစတဲ့ နိုင်ငံအလိုက် အိုင်အက်စ် တိုက်ခိုက်မှုတွေ

အခု လတ်တလော သတင်းတစ်ခုမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလမှာ အိုင်အက်စ်တွေကို အပြီးသတ် ချေမှုန်းလိုက်နိုင်ပြီလို့ ကြွေးကြော်တာကို အိုင်အက်စ် ခေါင်းဆောင်တွေက လှောင်ပြောင်လိုက်ပါတယ်။ ဇာတ်သိမ်းခန်းရောက်ဖို့ အဝေးကြီးလိုသေးတယ်လို့ သူတို့က အခိုင်အမာ ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အိုင်အက်စ်တို့ရဲ့ ကာလီဖိတ်နိုင်ငံ ထူထောင်ရေး ရည်မှန်းချက်ဟာ ၂ဝ၁၇ အကုန် လောက်မှာ အီရတ်က မူဆိုးလ်နဲ့ ဆီးရီးယားက ရက်ကာကို လက်လွှတ်လိုက်ရကတည်းက ပျက်သုန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အစ္စလာမ်ဘာသာ တည်ထောင်စကလို ကာလီဖိတ် နိုင်ငံမျိုးနဲ့ ဆက်ပြီး ရပ်တည်နေနိုင်တယ်ဆိုတဲ့ အခြေအနေတစ်ရပ်ပြနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။

အိုင်က်အက်စ် တိုက်ခိုက်မှုတွေနဲ့ လှုပ်ရှားမှုတွေ

အိုင်အက်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အင်စထာဂရမ်ပေါ်က အိုင်အက်စ်တွေရဲ့ တရားဝင် မီဒီယာလို့ဆိုတဲ့ "Nashir News Agency" က သီးခြားအချက်အလက်တွေကနေ အခြေခံရယူထားတာ ဖြစ်ပါတယ်။ ရက်စွဲကိုလည်း အိုင်အက်စ်တို့ ထုတ်ပြန်တဲ့ရက်ထက် တိုက်ခိုက်တာတွေလုပ်တယ်ဆိုတဲ့ ရက်စွဲတွေကို အခြေခံ ဖော်ပြတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေကို အကြီးအသေးမခွဲဘဲ တိုက်ခိုက်မှုတိုင်းကို ထည့်သွင်းထားပါတယ်။ သီးသန့်ထုတ်ပြန်ချက် မထုတ်ဘဲ အိုင်အက်စ်ရဲ့ အပတ်စဉ် သတင်းစာ Al-Naba မှာပဲ ဖော်ပြထားတဲ့ တိုက်ခိုက်မှုတွေကိုတော့ မထည့်သွင်းထားပါဘူး။

တခြား ဂျီဟာ့ဒ် အုပ်စုတွေလိုပဲ အိုင်အက်စ်ကလည်း တိုက်ခိုက်မှု အရွယ်အစားနဲ့ ထိခိုက်မှုတွေကို ချဲ့ကားဖော်ပြနိုင်ခြေရှိတာကို သတိထားရပါမယ်။

ဓာတ်ပုံ မူပိုင် Chris McGrath/Getty Images
Image caption ဘာဂုဇ်မှာ ကျန်ခဲ့တဲ့ အပျက်အစီးတွေ

အခု ဖော်ပြထားတဲ့ နိုင်ငံတွေ၊ နေရာတွေမှာ သူတို့ရှိတယ်လို့ အိုင်အက်စ်က တရားဝင် ကြေညာထားပါတယ်။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆော်ဒီအာရေးဘီးယား၊ အယ်လ်ဂျီးရီးယား၊ ခိုရာစန်း( အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်မြေ)၊ ကော့ကေးဆပ်၊ အရှေ့အာရှ (အများအားဖြင့် ဖိလစ်ပိုင်)၊ ဆိုမာလီယာ၊ အနောက်အာဖရိက ( အများအားဖြင့် နိုင်ဂျီးရီးယား) တို့မှာ အိုင်အက်စ်ရှိနေလို့ ကြေညာထားတာ ဖြစ်ပါတယ်။

အဲဒီထဲက တချို့ဖြစ်တဲ့ အယ်ဂျီးရီးယားနဲ့ ဆော်ဒီအာရေဗျတို့မှာ လှုပ်ရှားမှုတွေ မရှိသလောက် ဖြစ်ပါတယ်။ ကော့ကေးဆပ်လိုနေရာမျိုးမှာတော့ တိုက်ခိုက်မှုတွေ မရှိသလောက် ဖြစ်ပါတယ်။

လတ်တလော အိုင်အက်စ်တို့ ဝါဒဖြန့်တဲ့ သတင်းတွေအရတော့ တူနီးရှားမှာ လှုပ်ရှားမှုတွေ လုပ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ တူနီးရှား ပြတိုက်တစ်ခုနဲ့ အပန်းဖြေကမ်းခြေမှာ တိုက်ခိုက်မှု လုပ်ပြီးကတည်းက အဲဒီမှာ အိုင်အက်စ်တို့ ရှေ့မဆက်နိုင် ဖြစ်နေခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ပြီးတော့ ဘာကီနာဖာဆိုနိုင်ငံမှာလည်း ပထမဆုံး အနေနဲ့ လှုပ်ရှားမယ်လို့ အိုင်အက်စ်က ကြေညာခဲ့ပါတယ်။

တူနီးရှားနဲ့ ဘာကီနာဖာဆို ကြေညာချက်တွေကို ထုတ်ပြန်တာဟာ အိုင်အက်စ်တို့ဟာ သူတို့ရဲ့ ကြွေးကြော်သံ ဖြစ်တဲ့ " ရှင်သန်ရေးနဲ့တိုးချဲ့ရေး" ကို အချက်ပြဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

တိုက်ပွဲတွေဆက်ရှိနိုင်မယ့်နေရာတွေကတော့ အိုင်အက်စ်တွေရဲ့ အကောင်းဆုံး အရင်းအမြစ်တွေ ရတဲ့နေရာဖြစ်တဲ့ အီရတ်နဲ့ ဆီးရီးယားမှာပဲ တိုက်ပွဲတွေတိုက်နေဦးမယ်လို့ ယူဆရပါတယ်။

၂၀၁၈ ခုနှစ်တုန်းက အိုင်အက်စ်က တိုက်ခိုက်တယ်လို့ ပြောထားတဲ့ တိုက်ခိုက်မှု ၃၆၇၀ ထဲမှာ ၄၈ ရာခိုင်နှုန်း ( တိုက်ခိုက်မှု ၁၇၆၇ ခု)ကို အီရတ်၊ ၃၁ ရာခိုင်နှုန်း ( ၁၁၂၄ ခု) ကို ဆီးရီးယားမှာ လုပ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုလပိုင်းတွေမှာ အိုင်အက်စ်က နိုင်ဂျီးရီးယား စစ်တပ်ကို တိုက်ခိုက်တာတွေ ပိုတိုးလုပ်လာပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းက တခြားဒေသတွေမှာ အိုင်အက်စ်တိုက်ခိုက်မှုတွေ သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။ အဲဒါဟာ အီရတ်နဲ့ ဆီးရီးယားက ဆုံးရှုံးသွားတဲ့ နေရာတွေအတွက် နေရာအစားထိုးပြန်ယူလိုတယ်ဆိုတဲ့ သဘောအပြင် အရှေ့အလယ်ပိုင်း ပြင်ပနေရာတွေမှာလည်း လှုပ်ရှားနိုင်တယ်ဆိုတာကို သတိပေးလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ တိုက်ခိုက်မှုတွေ အာဖဂန်နစ္စတန်မှာ ၃၁၆ခု၊ အီဂျစ်က ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ၁၈၁ ခု၊ ဆိုမာလီယာမှာ ၇၃ ခု၊ နိုင်ဂျီးရီးယားမှာ ၄၄ ခု၊ ယီမင်မှာ ၄၁ ခုနဲ့ ဖိလစ်ပိုင်မှာ ၂၇ ခု လုပ်ခဲ့တယ်လို့ အိုင်အက်စ်က ကြေညာခဲ့ပါတယ်။

အဲဒီအချက်အလက်တွေအရ နိုင်ဂျီးရီးယားမှာရှိတဲ့ အိုင်အက်စ်တို့ရဲ့ အနောက် အာဖရိကပြည်နယ်တပ်ဖွဲ့ - ISWA (ဘိုကိုဟာရမ်လို့ လူသိများတဲ့အဖွဲ့) က တိုက်ခိုက်မှုတွေ လတ်တလော လပိုင်းတွေမှာ သိသိသာသာတိုးလာတာကို တွေ့ရပါတယ်။ အဲဒီမှာ အဓိက ပစ်မှတ်ကတော့ စစ်တပ်ပဲ ဖြစ်ပါတယ်။ စစ်တပ်ကို တိုက်ရတဲ့ ဖြစ်နိုင်ခြေ အကြောင်းအရင်းကတော့ စစ်တပ်ရဲ့ လက်နက်တွေလိုချင်တာရယ် သူတို့ရဲ့ စွမ်းအားကို တိုးချဲ့ချင်တာတွေရယ်ကြောင့်တွေ ဖြစ်နိုင်ပါတယ်။

၂၀၁၉ ခုနှစ် အစပိုင်း သုံးလမှာ နိုင်ဂျီးရီးယားမှာ တိုက်ခိုက်မှု ၄၄ ခု လုပ်ခဲ့တယ်လို့ အိုင်အက်စ်က ပြောပါတယ်။ အဲဒါဟာ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ လုပ်ခဲ့တဲ့ တိုက်ခိုက်မှု အရေအတွက်နဲ့ ညီပါတယ်။

ဇန်နဝါရီလတုန်းက ဖြန့်ခဲ့တဲ့ ဝါဒဖြန့် ဗီဒီယိုထဲမှာတော့ မွတ်ဆလင်တွေကို အိုင်အက်စ်တို့ရဲ့ ISWA ရှိတဲ့ ဒေသကို ပြောင်းလာကြပြီး တပ်ဖွဲ့ပူးပေါင်းဖို့ ခေါ်ထားပါတယ်။ အဲဒါဟာ အိုင်အက်စ်တို့ဟာ နိုင်ငံခြားသားတပ်ဖွဲ့ဝင် အင်အားစုဆောင်းဖို့ အသင့်ဖြစ်နေတဲ့ အနေထားလို့ အချက်ပြလိုက်တာ ဖြစ်ပါတယ်။

ဘာကီနာဖာဆိုမှာ ပထမဆုံး အိုင်အက်စ်တို့ရောက်လာပြီးလို့ မတ်လ ၂၂ ရက်တုန်းက ISWA က ကြေညာပါတယ်။ အဲဒီနိုင်ငံဟာ အိုင်အက်စ်ရဲ့ ပြိုင်ဘက် အယ်လ်ကေဒါတို့ တိုက်ခိုက်မှုတွေ လုပ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။

ပြီးတော့ ဖိလစ်ပိုင်နိုင်ငံမှာလည်း အိုင်အက်စ်တို့လုပ်တယ်ဆိုတဲ့ တိုက်ခိုက်မှု အနည်းအကျဉ်း တိုးလာပါတယ်။

အိုင်အက်စ်ဟာ တိုက်ခိုက်မှုတွေကို သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေကို အခြေခံပြီး တိုက်ပါတယ်။ အဲဒီအဖွဲ့အများစုဟာ အစ္စလာမ်မစ်နိုင်ငံ သီးခြား ထူထောင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီးတိုက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကအဖွဲ့တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက အများအားဖြင့် အစိုးရစစ်တပ်က တိုက်တာဖြစ်ပြီး တိုက်တာကလည်းကြိုကြား ကြိုကြားနဲ့ နေရာ တချို့မှာပဲ တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။

အိုင်အက်စက မကြာခဏဆိုသလို ထောက်ခံသူတွေကို ဖိတ်ခေါ်နေပေမယ့် ၂၀၁၈ ခုနှစ်မှာ အနောက်ပိုင်းနိုင်ငံတွေမှာ တိုက်ခိုက်မှု အကြီးစားတွေ မလုပ်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ထဲမှာ ယူကေမှာ မန်ချက်စတာ တေးဂီပွဲ ဖျော်ဖြေပွဲ တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှု လေးခု၊ စပိန်မှာ ဘာစီလိုနာတိုက်ခိုက်မှုနဲ့ အမေရိကန် လက်စ်ဗီးဂက်စ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အိုင်အက်စ်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီထဲက တချို့ကို အိုင်အက်စ်တို့ တိုက်တယ်လို့ အထောက်အထား မပြနိုင်ခဲ့ပါဘူး။

၂၀၁၈ ခုနှစ်ထဲမှာပဲ သိပ်မထင်ရှားတဲ့ တိုက်ခိုက်မှု ခုနစ်ခု အနောက်ပိုင်းနိုင်ငံတွေမှာ လုပ်ခဲ့တယ်လို့ အိုင်အက်စ်က ပြောပါတယ်။ ဓါးနဲ့ သေနတ်တိုက်ခိုက်မှု ပြင်သစ်မှာ လေးခု၊ ဘယ်လ်ဂျီယမ်၊ ကနေဒါနဲ့ သြစတြေးလျမှာ တစ်ခုစီလုပ်ခဲ့တယ်လို့ အိုင်အက်စ်က ကြေညာထားပါတယ်။