လူဖြူအမျိုးသားရေးဝါဒနဲ့ ခွဲထွက်ရေးလမ်းစဉ်ကို ဖေ့စ်ဘွတ်ခ်က တားမြစ်ပြီ

လူဖြူ အမျိုးသားရေးဝါဒဟာ လူဖြူကြီးစိုးရေးဝါဒနဲ့ ကွဲပြားကြောင်း မဆိုနိုင်တော့လို့ ဖေ့စ်ဘွတ်ပြော ဓာတ်ပုံ မူပိုင် Reuters
Image caption လူဖြူ အမျိုးသားရေးဝါဒဟာ လူဖြူကြီးစိုးရေးဝါဒနဲ့ ကွဲပြားကြောင်း မဆိုနိုင်တော့လို့ ဖေ့စ်ဘွတ်ပြော

လာမယ့် သီတင်းပတ်ကနေစပြီး ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်မှာ လူဖြူအမျိုးသားရေးဝါဒနဲ့ ခွဲထွက်ရေးဝါဒကို အားပေး ထောက်ခံ ချီးမွမ်းတာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိတ်ပင်တားဆီးတော့မယ်လို့ ဖေ့စ်ဘွတ်ခ်က ကြေညာလိုက်ပါတယ်။

လူသုံးများတဲ့ အွန်လိုင်း လူမှုကွန်ရက် မီဒီယာ ဖေ့စ်ဘွတ်ခ်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို ရှာဖွေဖော်ထုတ် တားဆီးနိုင်ရေး စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်ဖို့ ကတိပြုခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြစ်မှုကျူးလွန်မှု ဆိုင်ရာ ဝေါဟာရတွေကို ရှာဖွေတဲ့ သုံးစွဲသူတွေကို လက်ယာ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုအဖွဲ့တစ်ခုကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ နယူးဇီလန်က ဗလီ ဝတ်ကျောင်းတော် နှစ်ခုတိုက်ခိုက်မှု ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ်ဟာ ဝေဖန်မှု ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အရင်တုန်းက ဆိုရင် ဖေ့စ်ဘွတ်ဟာ လူဖြူ လူမျိုးပြည်နယ် တည်ထောင်ရေး လှုံ့ဆော်မှု အပါအဝင် လူဖြူ အမျိုးသားရေး ဝါဒီ တချို့ရဲ့ လှုပ်ရှားမှုတွေကို လူမျိုးရေးခွဲခြားမှု အဖြစ် မသတ်မှတ်ဘဲ ခွင့်ပြုခဲ့ပါတယ်။

ဘားစ်ခ်လူမျိုး ခွဲထွက်ရေးဝါဒနဲ့ အမေရိကန် လူမျိုးရေး ဝါဒ လို အကြောင်းအရာတွေဟာ သက်ဆိုင်ရာ လူမျိုးရဲ့ အရေးပါတဲ့ ဝိသေသလက္ခဏာ အစိတ်အပိုင်းဖြစ်တာ ကြောင့် လက်ခံနိုင်လောက်တဲ့ ဖော်ပြမှုမျိုးလို့ ယူဆခဲ့လို့ လူဖြူအမျိုးသားရေးဝါဒကို လက်ခံပေးခဲ့တာဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ၃ လ ကြာ တိုင်ပင် နှီးနှော အကြံ ဉာဏ်ရယူပြီး နောက်ပိုင်းမှာတော့ လူဖြူအမျိုးသားရေးဝါဒဟာ လူဖြူ ကြီးစိုးရေး လူမျိုးကြီး ဝါဒနဲ့ အမုန်းတရားဖြန့်ချိနေတဲ့ အဖွဲ့များနဲ့ အဓိပ္ပာယ်ရှိရှိ၊ အကျိုးသင့် အကြောင်းသင့် ကွဲပြားနေတယ်ဆိုပြီး ခွဲခြား သတ်မှတ်လို့ မရကြောင်း တွေ့ရှိရတယ်လို့ မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ဖေ့စ်ဘွတ် သတင်းထုတ်ပြန်ချက် ဘလော့ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လူအမြောက်အမြား သေဆုံးခဲ့ရတဲ့ နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ချ်မြို့က သေနတ် ပစ်ခတ်မှုအပြီးမှာ အွန်လိုင်းကွန်ရက်တွေက အစွန်းရောက် အကြမ်းဖက်မှု ဆိုင်ရာ ဖော်ပြမှုတွေကို အလေးထား တာဝန်ယူ ဖြေရှင်း ကြဖို့ လူမှုကွန်ရက် ကုမ္ပဏီတွေကို ကမ္ဘာ့ နိုင်ငံ အများအပြားက ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်ကတော့ အွန်လိုင်းလူမှုကွန်ရက်တွေဟာ "သတင်းစကား ပို့ဆောင်ပေးသူ စာပို့သမား သက်သက်မဟုတ်ဘဲ ထုတ်ဝေဖြန့်ချိသူ ဖြစ်တယ်" ဆိုပြီး ကွန်ရက်ပေါ်မှာ ဖော်ပြတဲ့ အကြောင်းအရာတွေ အတွက် ဥပဒေအရ တာဝန်ရှိတဲ့ သဘောကို ထောက်ပြခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုက်ခိုက်မှု အပြီး နယူးဇီလန် ဝန်ကြီးချုပ်ကို ဘီဘီစီက သီးသန့် တွေ့ဆုံ မေးမြန်းခဲ့

ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ လူပေါင်း ၅၀ သေဆုံးခဲ့ရတဲ့ နယူးဇီလန် တိုက်ခိုက်မှု ဗီဒီယိုဖိုင်ကို ဖြုတ်မချခင်အထိ အကြိမ်ပေါင်း ၄ ထောင်ကျော် ကြည့်ရှုခဲ့ကြတယ်လို့ ဖေ့စ်ဘွတ်ခ်က ဝန်ခံထားပါတယ်။

၂၄ နာရီအတွင်း မှာ အဲဒီ ဗီဒီယိုဖိုင် ကော်ပီပေါင်း ၁.၂ သန်းကျော်ကို ကွန်ရက် ပေါ် တင်တဲ့ အချိန်မှာ ပိတ်ပင်နိုင်ခဲ့ပြီး အခြား ဗီဒီယို ကော်ပီပွား ၃ သိန်းကိုလည်း ဖျက်ခဲ့ရတယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

ပြင်သစ်က မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ခုကလည်း အဲဒီ တိုက်ခိုက်မှု ဗီဒီယို တင်ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ် ကွန်ရက်နဲ့ ယူကျု ဗီဒီယို ကွန်ရက်တွေကို တရားစွဲဆို ထားပါတယ်။

အခြား အွန်လိုင်း ကွန်ရက် နည်းပညာ ကုမ္ပဏီတွေကလည်း တိုက်ခိုက်မှု ဗီဒီယို ထပ်ဆင့် ဖြန့်ဝေမှုကို တားဆီးအရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ဗီဒီယို ဖြန့်ချိမှု ကြောင့် Reddit က သူ့ရဲ့ ကွန်ရက် ပေါ်ရှိ "watchpeopledie" အမည်နဲ့ ဖိုရမ်ကို ပိတ်ပင်လိုက်ပါတယ်။

အမေရိကန် ဗီဒီယိုဂိမ်း ကုမ္ပဏီ Valve က သူ့ရဲ့ ဂိမ်း ကစားတဲ့ ကွန်ရက် Steam ပေါ်က တိုက်ခိုက်မှု လက်သည် အဖြစ် ဖမ်းဆီး ထားတဲ့ သေနတ်သမားကို အမှတ်တရ ပြုမှုပေါင်း ၁၀၀ ကျော်ကို ဖယ်ရှားခဲ့ပါတယ်။