ဂူဂဲလ်က တရုတ်စစ်တပ်ထက် အမေရိကန်စစ်တပ် အကျိုးအတွက် လုပ်မယ်လို့ သမ္မတ ထရမ့် ပြော

ဂူဂဲလ်ကို ပြစ်တင်စကားဆိုခဲ့ဖူးတဲ့ သမ္မတ ထရမ့် အခု တမျိုး ပြောင်းပြောလာ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂူဂဲလ်ကို ပြစ်တင်စကားဆိုခဲ့ဖူးတဲ့ သမ္မတ ထရမ့် အခု တမျိုး ပြောင်းပြောလာ

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ဂူဂဲလ် (Google) က တရုတ် စစ်တပ်ရဲ့ အကျိုးစီးပွား အတွက် ဆောင်ရွက် မှာ မဟုတ်ဘဲ အမေရိကန် စစ်တပ် အပေါ် သစ္စာရှိမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

မတ်လ ၂၇ ရက်နေ့က ဂူဂဲလ် နည်းပညာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဆွန်ဒါး ပီချေး (Sundar Pichai) နဲ့ တွေ့ဆုံ အပြီးမှာ သမ္မတ ထရမ့်က အဲဒီလို ပြောလိုက်တာပါ။

"နိုင်ငံရေးအရ ဘက်မလိုက်မှုနဲ့ တိုင်းပြည်အတွက် ဂူဂဲလ်က စွမ်းဆောင်ပေးနိုင်တဲ့ အကြောင်းအရာ အများအပြား" ကိုလည်း မစ္စတာ ပီချေးနဲ့ ဆွေးနွေးခဲ့တယ်လို့ သမ္မတ ထရမ့်က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါဟာ ဒီနှစ် အစောပိုင်းတုန်းကတော့ "ဂူဂဲလ်က တရုတ်ကို ကူညီနေတယ်" ဆိုပြီး သမ္မတ ထရမ့်က သူ့ တွစ်တာပေါ် စွပ်စွဲ ရေးသားခဲ့တာပါ။

သမ္မတ ထရမ့်နဲ့ တွေ့ဆုံမှုက ကျေနပ်အားရဖွယ် ရှိတယ်လို့ ဂူဂဲလ်က ဘီဘီစီကို ပြောပါတယ်။

"အမေရိကန် အလုပ်သမား အင်အားစု အနာဂတ် အတွက် ရင်းနှီးမြှပ်နှံရေး၊ နည်းပညာ အသစ်အဆန်းတွေ တိုးတက် ပေါ်ထွန်းရေးနဲ့ အမေရိကန် အစိုးရနဲ့ ဆက်လက် လက်တွဲ လုပ်ဆောင်နိုင်ရေး တွေနဲ့ ပတ်သက်ပြီး သမ္မတနဲ့ အကျိုးရှိရှိ ဆွေးနွေး နိုင်ခဲ့တယ်" လို့ ဂူဂဲလ်က ဆိုပါတယ်။

ဒါပေမယ့် အခု တွေ့ဆုံ ဆွေးနွေးမှုက အချိန်ဘယ်လောက် ကြာခဲ့တယ် ဆိုတာနဲ့ ဆွေးနွေးပွဲက မစ္စတာ ထရမ့် ပုံဖော် ညွှန်းဆိုတဲ့ အတိုင်း ကုမ္ပဏီဘက်က တသဘောတည်း ရှိရဲ့လား ဆိုတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မစ္စတာ ပီချေးကို ဂူဂဲလ်ရဲ့ ဥက္ကဋ္ဌ အဖြစ် ရာထူး မှားယွင်း ရေးသားခဲ့တဲ့ မစ္စတာ ထရမ့်ရဲ့ တွစ်တာ ပို့စ် နှစ်ခုမှာ "တွေ့ဆုံမှုက ကျေနပ်အားရဖွယ် အဆုံးသတ်ခဲ့တယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂူဂဲလ်ရဲ့ အမှုဆောင် အရာရှိချုပ် အိန္ဒိယနိုင်ငံဖွား အမေရိကန် နိုင်ငံသား ဆွန်ဒါး ပီချေး

ဂူဂဲလ် ဟာ သူ့ရဲ့ ဝန်ဆောင်မှု ကွန်ရက်ပေါ်က ရှေးရိုးစွဲ အတွေးအမြင်တွေကို တစ်ဘက်သတ် ဆင်ဆာ ဖြတ်တောက် နေတယ်လို့ မစ္စတာ ထရမ့် အပါအဝင် ရီပတ်ဘလစ်ကန်တွေက စွပ်စွဲခဲ့ဖူးခဲ့ပြီး ဒါကို ဂူဂဲလ် ဘက်က ပြင်းပြင်းထန်ထန်နဲ့ ငြင်းဆိုခဲ့ပါတယ်။ စွပ်စွဲချက် အတွက် အထောက်အထား မရှိဘူးလို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

'တရုတ်ကို ကူညီတယ် ဆိုတဲ့ စွပ်စွဲချက်'

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂူဂဲလ် အမှုဆောင်အရာရှိချုပ် ဆွန်ဒါး ပီချေး တို့ တွေ့ဆုံမှုက ကြိုတင် ကြေညာထားတာ မရှိခဲ့ပါဘူး။

မစ္စတာ ပီချေးဟာ စစ်ဦးစီးချုပ်ရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဒန်းဖို့ဒ်နဲ့ ဝါရှင်တန် ဒီစီ မှာ တွေ့ဆုံ စကား ပြောဖို့သာ စီစဉ်ထားတာပါ။ အဲဒီမှာ မစ္စတာ ပီချေးဟာ တရုတ်ပြည်မှာ လုပ်ဆောင်နေတဲ့ ဂူဂဲလ်ရဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိတယ်လို့ နားလည် ထားခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ ဂူဂဲလ်ဟာ ဉာဏ်ရည်တု နည်းပညာ သုတေသန ဓာတ်ခွဲခန်း တစ်ခုကို ဘေဂျင်းမြို့တော်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အခု ၂၀၁၉ ခုနှစ် မတ်လ အစောပိုင်းမှာတော့ ဒီ ဓာတ်ခွဲခန်းက "တရုတ် စစ်တပ်ကို သွယ်ဝိုက်တဲ့ နည်းနဲ့ အကျိုး ဖြစ်ထွန်းစေနေတယ်" လို့ ဗိုလ်ချုပ်ကြီး ဒန်းဖို့ဒ်က ပြောခဲ့ပါတယ်။

သမ္မတ ထရမ့်က "ဂူဂဲလ်က တရုတ်ကို ကူညီနေတယ်" ဆိုတဲ့ မှတ်ချက်စကား ထွက်လာပြီး နောက်မှာ ဒီလို ပြောဆိုမှုတွေ ဖြစ်လာခဲ့တာပါ။

"ဂူဂဲလ်က တရုတ်စစ်တပ်ကို ကူညီနေတယ်၊ အမေရိကန်ကိုတော့ မကူညီဘူး၊ ဒါဟာ ဆိုးရွားတဲ့ လုပ်ရပ်" လို့ မစ္စတာ ထရမ့်က သူ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် "ဂူဂဲလ် သတင်း ဝန်ဆောင်မှုက လူလိမ်လူညစ် ဟီလာရီ ကလင်တန်ကိုကျ ကူညီတယ်၊ ထရမ့်ကိုတော့ မကူညီဘူး၊ ဒါက ဘယ်လို သဘော ဆောင်တာလဲ" ဆိုပြီး စွပ်စွဲချက်တွေနဲ့ အတူ မေးခွန်းထုတ်ခဲ့ပါသေးတယ်။

အခုတော့ အမေရိကန် သမ္မတ ထရမ့်ဟာ ဂူဂဲလ်ရဲ့ ရပ်တည်ချက် အတွက် ပိုပြီး ကျေနပ် အားရလာတဲ့ သဘော ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် ဂူဂဲလ် အတွက် အမေရိကန် စစ်တပ်နဲ့ ဆက်နွှဲ ပတ်သက်မှုကတော့ ကျေနပ်ဖွယ် မရှိသေးပါဘူး။ ဂူဂဲလ်ဟာ သူ့ဝန်ထမ်းတွေက ကန့်ကွက် ဖိအားပေးလို့ ပင်တဂွန် စစ်ဌာနချုပ်နဲ့ လုပ်ငန်း စာချုပ်တစ်ခုကို ပယ်ဖျက် ပေးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ