ဆီယက်တဲလ်မြို့က လမ်းမပေါ်မှာ သေနတ်သမားရဲ့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံး

ဆီယက်တဲလ်၊ သေနတ်သမား ဓာတ်ပုံ မူပိုင် Reuters
Image caption အခင်းဖြစ်ရာ နေရာမှာ ကြေမွ ပျက်စီးသွားတဲ့ ကားတစင်းကို တွေ့ရပုံ

အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှာ မတ်လ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်လောက်က သေနတ်သမား တစ်ဦးရဲ့ လက်ချက်နဲ့ လူနှစ်ဦး သေဆုံးပြီး နောက်နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရသွားပါတယ်။

အမျိုးသမီး ကားမောင်းသူ တဦးကို လမ်းဆုံတခုမှာ သေနတ်သမားက ပထမဆုံး ပစ်ခတ်ခဲ့ရာမှာ အဲဒီ အမျိုးသမီး ဒဏ်ရာ ရသွားပါတယ်။ အဲဒီနောက် လမ်းမပေါ် လမ်းလျှောက်သွားပြီး ဘတ်စ်ကားတစီးကို ထပ်ပစ်ခတ်ခဲ့တဲ့အတွက် ဘတ်စ်ကားမောင်းသူ ဒဏ်ရာ ရသွားပါတယ်။

အဲဒီနောက် လူတဦးကို ထပ်ပစ်သတ်ပြီး ကားကို လု မောင်းပြေးသွားပါတယ်။ အဲဒီကားနဲ့ နောက်ကားတစီးကို တိုက်လိုက်တဲ့အတွက် ကားမောင်းသူ သေဆုံးသွားပါတယ်။

သေနတ်သမားကို ဖမ်းဆီးမိပြီ ဖြစ်ပေမဲ့ ဘာ့ကြောင့် ဒီလို လုပ်တာလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ဒီပစ်ခတ်မှုဟာ အကြောင်းမဲ့ လုပ်ရပ် ဖြစ်တယ်လို့ လက်ထောက် ရဲချုပ် မာ့ခ် ဂါ့သ် ဂရီးန် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဘတ်စ်ကားမောင်းသူဟာ ရင်ဘတ်ကို သေနတ်မှန်အပြီးမှာ အရေးပေါ် ခလုတ်ကို နှိပ်ပြီး မောင်းပြေးနိုင်ခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဘတ်စ်ကားပေါ်က ခရီးသည် ၁၂ ဦးကတော့ တစ်ယောက်မှ ဒဏ်ရာမရခဲ့ပါဘူး။

ဘတ်စ်ကားမောင်းသူဟာ အသက် ၇၅ နှစ်အရွယ် အဲရစ် စတာ့ခ် ဆိုသူ ဖြစ်ပြီး အခုအခါ ဆေးရုံကို ခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။

သေနတ်သမားကို အရှေ့မြောက်ပိုင်းအရပ်နားမှာ ကားတိုက်မှု ဖြစ်အပြီး ဖမ်းဆီးမိခဲ့ပါတယ်။ ဒဏ်ရာ အနည်းအကျဉ်း ရထားတဲ့ သေနတ်သမားကို ဆေးရုံကို ခေါ်ဆောင် ကုသခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ