ဘယ်အရွယ်ကို အိုပြီလို့ သတ်မှတ်ပါသလဲ။ အိုတယ်၊ မအိုဘူး ဆိုတာ ကိုယ်နေတဲ့ နေရာပေါ်မှာ မူတည်နိုင်ပါတယ်။

အသက်အရွယ်၊ အိုမင်းမှု၊ နေရာဒေသ ဓာတ်ပုံ မူပိုင် Getty Images
Image caption အသက်ဆိုတာ ဂဏန်း အရေအတွက်ပါပဲလို့ လေ့လာချက်ကဆို

ပါပူအာ နယူးဂီနီမှာ နေထိုင်တဲ့ အသက် ၄၅ နှစ် အရွယ်တွေဟာ ပြင်သစ် ဒါမှမဟုတ် စင်္ကာပူက အသက် ၇၅ နှစ်အရွယ်တွေလောက် အိုနေပြီလို့ သူတို့ကိုယ် သူတို့ ခံစားမိမှာပါ။

ဒါဟာ နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့တဖွဲ့က နိုင်ငံပေါင်း ၁၉၅ နိုင်ငံက ကျန်းမာရေးအချက်အလက်တွေကို သုံးသပ် လေ့လာခဲ့အပြီး ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။

The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ အဲဒီ လေ့လာချက်အရ ပျမ်းမျှအားဖြင့် အသက် ၆၅ နှစ်အရွယ် ရောက်လာရင် အသက်နဲ့ ပတ်သက်လို့ စိတ်မသက်မသာ ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။

နားလေးလာတာ၊ နှလုံးရောဂါ ဖြစ်လာတာ၊ လဲကျ ဒဏ်ရာရတာ၊ အာရုံတွေ ယိုယွင်း ပျက်စီးလာတာတွေစတဲ့ ဝေဒနာတွေ စပြီးခံစားရတဲ့ အသက်အရွယ်ဟာလည်း ကိုယ်နေတဲ့ နေရာဒေသပေါ်မှာ မူတည်ပြီး ကွာခြားလေ့ ရှိပါတယ်။

အရွယ်တင်သူတွေနဲ့ ငယ်ငယ်ရွယ်ရွယ် အိုစာသူတွေအကြား ကွာခြားမှုက အနှစ် ၃၀ လောက်တောင် ရှိနိုင်ပါတယ်။

Image caption အသက် ၆၅ နှစ်လောက်နဲ့ တန်းတူ အရွယ်တင်တဲ့ နိုင်ငံတွေနဲ့ အသက်အရွယ် စာရင်း

ဒီလေ့လာချက်ဟာ အသက်ကြီးလာတာနဲ့အမျှ အသက်အရွယ်နဲ့ ဆိုင်တဲ့ ဝေဒနာတွေ ပိုများလာတာ အပေါ်မှာလည်း အာရုံစိုက် လေ့လာခဲ့ပြီး အသက်ရှည်မှုထက်စာရင် ကျန်းမာရေး ရှုထောင့်ကြောင့် အိုမင်းပုံ ပေါက်ရတယ် ဆိုတဲ့ အချက်ကိုလည်း သုံးသပ်ထားပါတယ်။

ဒီလေ့လာချက်အရ ကိုယ်ကာယ ကျန်းမာရေးနဲ့ မှတ်ဉာဏ် ယိုယွင်းလာစေတဲ့ ကုသမရတဲ့ ဝေဒနာပေါင်း ၉၂ ခုကို သိပ္ပံပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဖြစ်အများဆုံးက နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပါတယ်။

Image caption အသက်ကြီးလာရင် အဖြစ်အများဆုံး ရောဂါတွေထဲမှာ နှလုံးရောဂါနဲ့ ကင်ဆာ ရောဂါတို့ ထိပ်က ရှိနေ

ဒီတွက်ချက်မှုတွေဟာ SDI နိုင်ငံတစ်ခုစီရဲ့ လူမှု လူဦးရေ အချိုးအစား တိုးတက်မှုနှုန်းနဲ့ ညှိထားတာ ဖြစ်ပါတယ်။

ပျမ်းမျှ ဝင်ငွေ၊ ပညာရေးဆိုင်ရာ ဆည်းပူးမှုနဲ့ သားဖွားမှုနှုန်းလို အချက်တွေပေါ်မှာ အခြေခံပြီး တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ လူမှု လူဦးရေ အချိုးအစား တိုးတက်မှုနှုန်း နည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လူ့သက်တမ်း ပိုတိုတောင်းပေမယ့် အသက်ကြီးတဲ့ ဒဏ်ကို ငယ်ငယ်ရွယ်ရွယ်ထဲက ခံစားကြရလေ့ ရှိတာ တွေ့ရပါတယ်။

Image caption ငယ်ငယ်ရွယ်ရွယ်နဲ့ ၆၅ နှစ်အရွယ်ပုံ ပေါက်တဲ့ နိုင်ငံတွေနဲ့ အသက်အရွယ်စာရင်း

ကမ္ဘာတဝန်းမှာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါ ဝေဒနာတွေဟာ အရွယ်ရောက်သူတွေ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာရဲ့ တဝက်ကျော်လောက် ရှိတယ်လို့ ဒီလေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။

အသက်အရွယ် ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကြောင့် လူတွေ အလုပ်ကနေ စောစော အငြိမ်းစားယူကြတယ်၊ လုပ်သားအင်အား နည်းလာမယ်၊ ကျန်းမာရေးအတွက် အသုံးစရိတ် ပိုသုံးရမယ်။ ဒါ့ကြောင့် ကျန်းမာရေး စနစ်တွေကို ချုပ်ကိုင်ထားတဲ့ အစိုးရခေါင်းဆောင်တွေ၊ တခြား တာဝန်ရှိသူတွေ အနေနဲ့ အသက်အရွယ်အိုမင်းမှုကြောင့် လူတွေအပေါ် ရိုက်ခတ်နိုင်တဲ့ ဆိုးကျိုးတွေကို သုံးသပ်ဖို့ လိုလိမ့်မယ်လို့ ဒီလေ့လာချက်ကို ဦးဆောင် ပြုစုခဲ့သူ ဒေါက်တာ Angela Y Chang က ပြောပါတယ်။

Image caption ကိုယ့်ကိုယ်ကိုယ် အိုပြီလို့ ခံစားမိတဲ့ အသက်အရွယ်နဲ့ နိုင်ငံစာရင်း

အခုတော့ သိပ္ပံပညာရှင်တွေက အိုမင်း ရင့်ရော်မှုကို နှေးစေတဲ့ အချက်တွေက ဘာတွေလဲ ဆိုတာ အာရုံစိုက် လေ့လာကြည့်တဲ့အခါ ကိုယ်ကာယ လှုပ်ရှားမှု၊ ဆေးလိပ်ဖြတ်တာက စလို့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု စနစ်ကောင်းကောင်း ထားရှိဖို့အထိ အချက် အတော်များများနဲ့ ပတ်သက် ဆက်နွှယ်နိုင်တာကို တွေ့ရပါတယ်။

ဒီတော့ ဒါတွေကို နားလည် သဘောပေါက်ထားခြင်းဟာ အိုမင်းမှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု အခက်အခဲတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ အရေးပါမှာ ဖြစ်ပါတယ်။