ဘင်္ဂလားဒေ့ရှ်မှာ သားအိမ်နှစ်ခုနဲ့ အမျိုးသမီးက ပထမ ကလေး မီးဖွားပြီး တစ်လ အကြာမှာ အမြွှာ ထပ်မွေး

အမြွှာပူး ကိုယ်ဝန် လွယ်ထားရကြောင်း မိခင်က လုံးဝ မသိခဲ့ ဓာတ်ပုံ မူပိုင် Getty Images
Image caption အမြွှာပူး ကိုယ်ဝန် လွယ်ထားရကြောင်း မိခင်က လုံးဝ မသိခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အမျိုးသမီး တစ်ဦးဟာ ပထမ သားယောက်ျားလေးကို လမစေ့ဘဲ မီးဖွားပြီး တစ်လ အကြာမှာ နောက်ထပ် အမြွှာ ကလေး နှစ်ယောက်ကို ထပ်မံ မွေးဖွားခဲ့တယ်လို့ အဲဒီ အမျိုးသမီးရဲ့ ဆရာဝန်က ဘီဘီစီကို ပြောပါတယ်။

အသက် ၂၀ အရွယ် အာရီဖာ ဆူလ်တာနာဟာ ဖေဖော်ဝါရီလ နှောင်းပိုင်းတုန်းက ကလေး တစ်ယောက် မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ၂၆ ရက် အကြာမှာတော့ ဗိုက်နာလာလို့ ဆေးရုံ တက်ခဲ့ရပါတယ်။

အဲဒီမှာ ဒုတိယ သားအိမ်ထဲမှာ အမြွှာပူး ကိုယ်ဝန် လွယ်ထားနေရဆဲ ဆိုတာကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပြီး အရေးပေါ် ဗိုက်ခွဲပြီး မီးဖွား ပေးခဲ့ရပါတယ်။

သူ့ရဲ့ အမြွှာကလေး နှစ်ဦးလုံး ကျန်းမာရေး ကောင်းမွန်ပြီး စိုးရိမ်ဖွယ် ပြဿနာ တစ်စုံတစ်ရာ မရှိလို့ မိခင်နဲ့ ကလေးတွေကို ဆေးရုံကနေ ဆင်းသွားပြီ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကလေး ၁၉ ယောက်ရဲ့ မိခင်

"အံ့အားသင့်ခဲ့ရ"

ကျေးလက်ပိုင်း ရွာလေး တစ်ရွာက ဆူလ်တာနာဟာ သူ့ရဲ့ ပထမကလေးကို ကူလ်နာ ခရိုင်ထဲက ကူလ်နာ ဆေးကောလိပ် ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။

၂၆ ရက် အကြာ မတ်လ ၂၁ ရက်နေ့မှာတော့ ဆူလ်တာနာဟာ ဗိုက်နာဝေဒါနာနဲ့ ဂျက်ဆိုရီခရိုင်က အက်ဒင်ဆေးရုံကို ရောက်လာခဲ့တယ်လို့ အရေးပေါ် ဗိုက်ခွဲ မွေးရာမှာ ပါဝင်ခဲ့သူ သားဖွား မီးယပ်ရောဂါဆိုင်ရာ ဆရာဝန် ဒေါက်တာ ရှီလာပေါ်ဒါ က ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် မီဒီယာ တချို့ကတော့ မတ်လ ၂၂ ရက်လို့ ရေးသားကြပါတယ်။

"လူနာဆေးရုံကိုရောက်လာတော့ သူ့ကို နှုန်းလွန် အသံလှိုင်း ဓာတ်မှန် (Ultrasound) ရိုက်ပြီး စစ်ဆေးကြည့်တဲ့အခါ သူ့မှာ အမြွှာကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိခဲ့ရတာ" လို့ ဒေါက်တာရှီလာပေါ်ဒါ ကပြောပါတယ်။

"ဒီလိုအဖြစ်အပျက်မျိုး အရင်က တစ်ခါမှ မကြုံဘူးလို့ အံ့သြ ခဲ့ရတယ်" လို့ ဒေါက်တာရှီလာပေါ်ဒါက ဆိုပါတယ်။

ဆူလ်တာနာဟာ သူ ပထမ မီးဖွားခဲ့တဲ့ ဆေးရုံကို ဘာကြောင့် သွားမပြခဲ့တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဆူလ်တာနာ နဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အလွန် ဆင်းရဲပြီး ပထမကလေး မွေးဖွားတဲ့အထိ နှုန်းလွန် အသံလှိုင်း ဓာတ်မှန် မရိုက်ဖူးခဲ့ဘူးလို့ ဒေါက်တာ ပေါ်ဒါက ဆိုပါတယ်။

ဆူလ်တာနာ ကိုယ်တိုင် လည်း သူ့မှာ အမြွှာကိုယ်ဝန် လွယ်ထားရတယ် ဆိုတာ မသိကြောင်း ဒေါက်တာ ပေါ်ဒါက ပြောပါတယ်။

အဲ့ဒါနဲ့ အရေးပေါ် ဗိုက်ခွဲ ခဲ့ရပြီး ယောက်ျားလေးနဲ့ မိန်းကလေး အမြွှာ မွေးခဲ့တယ်လို့ ဆရာဝန်က ပြောပါတယ်။

ဆေးရုံပေါ်မှာ ၄ ရက်ကြာ ကျန်းမာရေး စောင့်ရှောက် မှု ခံယူအပြီးမှာ မိခင်နဲ့ အမြွှာကလေး နှစ်ယောက်ဟာ ဆေးရုံကနေ ဆင်းခွင့် ရခဲ့ပါတယ်။

"အားလုံး အဆင်ပြေ ချောချောမွေ့မွေ့ ပြီးသွားပြီး ကလေးတွေလည်း ကျန်းမာကြလို့ အရမ်းကို ပျော်ရွှင်ရပါတယ်" လို့ ဒေါက်တာပေါ်ဒါက ပြောပါတယ်။

စင်္ကာပူနိုင်ငံ သားဖွား မီးယပ် အထူးကု ဆရာဝန် တစ်ယောက်ကတော့ အမျိုးသမီးတွေမှာ သားအိမ် နှစ်ခုပါတဲ့ ဖြစ်စဉ်ဟာ လူအများယူဆထားသလို ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

"စောစောပိုင်းကတည်းက နှုန်းလွန် အသံလှိုင်း ဓာတ်မှန် ရိုက်နိုင်ခဲ့မယ် ဆိုရင် သားအိမ် နှစ်ခုရှိနေတာကို ကြိုသိနိုင်မှာပါ၊ ဒါပေမဲ့ သူတို့ဟာ တကယ့်ကို ဝေးလံခေါင်ဖျားတဲ့နေရာ (အသံလှိုင်း ဓာတ်မှန် အသုံးမပြုနိုင်တဲ့နေရာ) က ဖြစ်လို့" ဆိုပြီး GynaeMD ဆေးခန်းက ဒေါက်တာ ခရစ္စတိုဖာအန်း က ဘီဘီစီကို မှတ်ချက်ပြုပါတယ်။

"မျိုးဥ သုံးလုံးက မျိုးပွားကာလ တစ်ခုထဲမှာ တပြိုင်တည်း မျိုးအောင်ခဲ့ကြလို့ သန္ဓေသားလောင်း ၃ ခု ဖြစ်ခဲ့တာ ဖြစ်နိုင်တယ်" လို့လည်း ဒေါက်တာ ခရစ္စတိုဖာအန်းက ရှင်းပြပါတယ်။

မစ္စဆူလ်တာနာဟာ သူ့ကလေးတွေအတွက် ပျော်ရွှင်နေရပေမဲ့ ဒီကလေးတွေကို ပြုစု စောင့်ရှောက်ရမှာက သူတို့ရဲ့ စီးပွားရေး ပို ခက်ခဲလာမှာကို စိုးရိမ်နေတယ်လို့ AFP သတင်းက ဆိုပါတယ်။

ခင်ပွန်းသည် ဖြစ်သူကလည်း တစ်လမှာ အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာ ထက် နည်းတဲ့ ဝင်ငွေသာ ရှိတဲ့ အလုပ်ကြမ်းသမား တယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက သူ့ကလေးတွေအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

"ကလေးတွေ ကျန်းကျန်းမာမာ မွေးဖွားလာနိုင်တာက ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးပါ၊ သူတို့ ပျော်ရွှင်ဖို့တော့ ကျွန်တော် အစွမ်းကုန်ကြိုးစားမှာပါ" လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ