သုက်ပိုးထုတ်တာ ရပ်သွားစေတဲ့ အမျိုးသားသုံး ကိုယ်ဝန်တားဆေး

sperm ဓာတ်ပုံ မူပိုင် Getty Images
Image caption သုက်ပိုးထုတ်တာ ရပ်ပေးမယ့်ဆေး ရလဒ်ကောင်း ထွက်ပေါ်

ယောက်ျားသောက် သန္ဓေတားဆေး စမ်းသပ် တီထွင်နေတာမှာ အခုဆိုရင် သုံးတဲ့လူကို ဘေးဥပဒ် မဖြစ်စေနိုင်ဘူး ဆိုတဲ့ ကနဦး ရလဒ်မျိုး ထွက်လာခဲ့ပြီလို့ အင်ဒိုကရိုင်း ဆေးပညာ ညီလာခံမှာ တင်ပြလာပါတယ်။

ဖခင်သုက်ပိုး ထုတ်လုပ်မှု ရပ်သွားစေနိုင်တဲ့ ဟော်မုန်းတွေ ပါဝင်တဲ့ ဆေးကို စမ်းသပ်နေတာ ဖြစ်ပြီး တစ်နေ့တစ်လုံး သောက်ရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သန္ဓေတားတာကို အမျိုးသားတွေ ဘက်က လုပ်တဲ့အခါ ကွန်ဒုံးအစွပ် သုံးချင်သုံး ဒါမှမဟုတ် သားကြောဖြတ်တာ မျိုး လုပ်ချင်လုပ် နည်း နှစ်နည်းပဲ ရှိပါသေးတယ်။

ခုလို အမျိုးသားသောက် သန္ဓေတားဆေး ရရှိလာပြီ ဆိုရင်တော့ နောက်ထပ် ရွေးချယ်စရာ နည်းလမ်းတစ်ရပ် ရလာမှာ ဖြစ်ပါတယ်။

စျေးကွက်ပေါ်တင် ရောင်းနိုင်တဲ့ အခြေအနေမျိုး ရောက်လာဖို့ ဆိုတာတော့ နောက် ၁ဝ စုနှစ် တစ်ခုစာလောက် အချိန်ယူရ နိုင်တယ်လို့ ဆိုပါတယ်။

ရာစုနှစ်ထက်ဝက်ကျော် နောက်ကျနေတဲ့ ယောက်ျားသောက် တားဆေး

အမျိုးသမီးတွေသောက်တဲ့ သန္ဓေတားဆေး ယူကေမှာ စတင် ဖြန့်ချီလာတာ အခုဆိုရင် အနှစ် ၅ဝ ကျော် လာပြီ ဖြစ်ပါတယ်။ ယောက်ျားသောက်ဆေး ထွက်လာဖို့က ဘာလို့ အခုလောက် အချိန်ယူနေရတာပါလဲ။

ယောက်ျားတွေ တားဆေးသောက်တဲ့ အလေ့အကျင့်ဟာ လူမှုအသိုင်းအဝိုင်းကြားမှာ မတွင်ကျယ်နိုင်တဲ့ အတွက် စီးပွားရေး အရလည်း မအောင်မြင်နိုင်လို့ ယောက်ျားသောက် သန္ဓေတားဆေး ထုတ်လုပ်ဖို့ရာ အာရုံမစိုက်ခဲ့ကြတာလို့ တချို့ကတော့ ဆိုပါတယ်။

ဒါပေမယ့် ကောက်ခံထားတဲ့ စစ်တမ်းတွေအရတော့ သောက်ဆေးသာ ရနိုင်မယ်ဆိုရင် သုံးစွဲကောင်းသုံးစွဲမယ်လို့ ဆိုကြတဲ့ အမျိုးသားတွေ အများအပြား ရှိနေပါတယ်။

ကိုယ်ဝန် မတော်တဆ ရသွားမှာကို စိုးကြတဲ့ မိန်းမသားတွေ အနေနဲ့ သန္ဓေတားဆေး သုံးပါတယ်လို့ ဆိုတဲ့ အမျိုးသားတွေ အပေါ် ဘယ်လောက် စိတ်ချ ယုံကြည်မလဲ ဆိုတဲ့ နောက် ပြဿနာလည်း ရှိနေပါတယ်။

အမျိုးသားတွေ ဆေးသောက်တယ်လို့ ပြောတာကို မယုံလို့ ဖြစ်စေ၊ အမျိုးသားတွေဘက်က ဆေးသောက်ဖို့ မေ့လျော့မှာကို စိုးရိမ်လို့ ဖြစ်စေ အမျိုးသမီးတွေ အနေနဲ့ ကိုယ်တိုင်တားဆေးတွေ သောက်နေရဦးမယ် ဆိုရင် ယောက်ျားသောက်တားဆေး သီးသန့်ထွင်ထားတာမျိုးဟာ ဘာမှ အသုံးဝင်မှာ မဟုတ်တော့ပါဘူး။

အိန်ဂလီယာ ရပ်စ်ကင်တက္ကသိုလ်က ယူကေနိုင်ငံတွင်း ၂ဝ၁၁ တုန်းက ပြုလုပ်ထားတဲ့ စစ်တမ်း အရဆိုရင် သူတို့ရဲ့ ယောက်ျားလေး လိင်ဆက်ဆံဖော်တွေ မေ့ပြီး ဆေးမသောက်ဖြစ်မှာကို စိုးရိမ်တဲ့ အမျိုးသမီးတွေ ၁၃၄ ယောက်မှာ အယောက် ၇ဝ တွေ့ရတယ်လို့ ဆိုပါတယ်။

တခါ၊ ဟော်မုန်းအခြေပြု ယောက်ျားသောက် တားဆေး တီထွင်တဲ့ အခါ သုံးစွဲသူတွေ လိင်စိတ်နိုးကြားမှု မထိခိုက် ရလေအောင် အပြည့်အဝ အာမခံချက် ပေးနိုင်စွမ်း ရှိတဲ့ ဆေးမျိုး ဖြစ်လာဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။

ဘေးထွက်ဆိုးကျိုးကင်းစင်ရေး အကြီးမားဆုံး စိန်ခေါ်မှု

မျိုးအောင်နိုင်စွမ်းတဲ့ အမျိုးသားတွေမှာ ဟော်မုန်းကလှုံ့ဆော်လို့ သုက်ပိုးသစ်တွေဟာ သူတို့ရဲ့ ဝှေးစေ့ထဲ စဉ်ဆက်မပြတ် ဖြစ်ထွန်း နေပါတယ်။

ဒီလို စဉ်ဆက်မပြတ် ပေါ်ပေါက်နေတဲ့ ဖြစ်စဉ်ကို ဟော်မုန်းပမာဏ လျော့ကျ မသွားစေဘဲ လုံးဝ ရပ်သွားအောင် ယာယီ တားဆီးလိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာစေတာကလည်း ယောက်ျားသောက် တားဆေး တီထွင်ရာမှာ အဓိက ကြုံရတဲ့ အခက်အခဲ ဖြစ်ပါတယ်။

အခုနောက်ဆုံး တီထွင်စမ်းသပ်ထားတဲ့ ဆေးကတော့ အဲဒီ စိန်ခေါ်မှုကို အပြည့်အဝ ကျော်လွှားနိုင်ဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သုတေသနပြု တီထွင်သူတွေက ပြောပါတယ်။

အမေရိကန် လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် LA BioMed ဆိုတဲ့ သုတေသန အဖွဲ့နဲ့ ဝါရှင်တန်တက္ကသိုလ်တို့ ပူးပေါင်းပြီး စမ်းသပ်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟော်မုန်းပမာဏ လျှော့ချပေးသလို လိင်စွမ်းဆောင်မှု မလျော့စေတဲ့ဆေး တီထွင်နေ

သုံးစွဲသူ ဘေးဥပဒ်ကင်းစင်ရေး ကနဦး စမ်းသပ်မှုကို အမျိုးသား အယောက် ၄ဝ နဲ့ ပြုလုပ်ခဲ့တာမှာ ရလဒ်တွေ အားရစရာကောင်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။

သူတို့ ရရှိခဲ့တဲ့ ရလဒ်တွေကို နယူအော်လင်းမှာ ကျင်းပတဲ့ အင်ဒိုကရိုင်း ဆေးပညာ ညီလာခံမှာ တင်ပြကြပါတယ်။

၂၈ ရက် အချိန်ယူ သုတေသနပြု စမ်းသပ်ခဲ့တာမှာ ၁ဝ ယောက်ကို ဘာမှ အာနိသင်မရှိတဲ့ ဆေးတွေတိုက်ခဲ့ပြီး အယောက် ၃ဝ ကိုတော့ သူတို့ တီထွင်ထားတဲ့ အင်ဒရိုဂျင် ကျားဟော်မုန်း အခြေပြု 11-beta-MNTDC ဆိုတဲ့ ဆေးကို တိုက်ကျွေး ခဲ့ပါတယ်။

အဲဒီ အုပ်စု နှစ်ခုကို နှိုင်းယှဉ် လေ့လာတဲ့ အခါ 11-beta-MNTDC ဆေးတိုက်ကျွေးထားတဲ့ အုပ်စုက သူတွေဆီမှာ သုက်ပိုး ထုတ်လွှတ်ဖို့ မပြည့်မီတဲ့ အဆင့်ထိ ဟော်မုန်းပမာဏ လျော့ကျသွားတာ တွေ့ရပါတယ်။

ဆေးသောက်တာ ရပ်လိုက်တဲ့ အခါမှာလည်း ဟော်မုန်း ပမာဏ ပုံမှန်အဆင့် ပြန်လည် မြင့်တက်လာပါတယ်။

လိင်စိတ်နိုးကြားမှုကို ထိခိုက်စေလား

ဘေးထွက်ဆိုးကျိုး အနည်းငယ် ရလာသူ တချို့တော့ ရှိပေမယ့် ဘာမှ ဆိုးရွားပြင်းထန်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆေးသောက်သူ အယောက် ၃ဝ မှာ ၅ ယောက်ဟာ သူတို့ရဲ့ လိင်စိတ် နိုးကြားမှု အနည်းငယ် လျော့နည်းသွားပါတယ်။

အဲဒီထဲက နှစ်ယောက်မှာတော့ လိင်တံတောင့်တင်းနိုင်မှု ပုံမှန် မဟုတ်တဲ့ အနေအထားကို တွေ့ရတယ်လို့ ဆိုပေမယ့် ဆိုးရွားတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ သူတို့အားလုံး လိင်ကိစ္စရပ်တွေကို ပုံမှန်အတိုင်းပဲ ပြုမူ နိုင်ကြပြီး ဘယ်သူမှာ ဒီစမ်းသပ်မှုထဲ မပါဝင်တော့ပဲ ထွက်သွားတာမျိုး မရှိပါဘူး။

ဆေးကြောင့် ဥပဒ်မဖြစ်ဘဲ ဘေးကင်းရန်ကင်း ရှိကြောင်း အာမခံနိုင်တဲ့ ရလဒ်မျိုး အယောက် ၃ဝ လုံးဆီက ရရှိခဲ့ပါတယ်။

လိင်စိတ်ကုန်ခမ်း မသွားအောင် ထိန်းထားသလို တစ်ဘက်ကလည်း သုက်ပိုး မထုတ်နိုင်တဲ့ ပမာဏမျိုးထိ ရောက်အောင် ဟော်မုန်း လျှော့ချ နိုင်ခဲ့ပါတယ်။ ရလဒ်တွေအပေါ် ပါမောက္ခ ခရစ္စတီးနား ဝမ်နဲ့ အဖွဲ့ကတော့ အင်မတန် အားရ ကျေနပ်နေပါတယ်။

စမ်းသပ်ကာလကို အခုတစ်ကြိမ်ထက် အချိန်ပိုကြာကြာ ဆွဲဆန့်ပြီး လူများများသုံး ပြုလုပ်ကြည့်ဖို့တော့ လိုပါတယ်။ ဒါမှလည်း သန္ဓေတားဆီးရေး ရည်မှန်းချက် ပြည့်မီအောင် ဆေးက အာနိသင် ရှိစေမှာလားဆိုတာ သေချာနိုင်မှာ ဖြစ်ပါတယ်။

လိမ်းဆေးလည်း ထွင်ထားတာ ရှိတယ်

ပါမောက္ခဝမ် စမ်းသပ်နေတာ သောက်ဆေး တစ်မျိုးတည်း မကပါဘူး။ လိမ်းဆေးတမျိုးကိုလည်း တီထွင်စမ်းသပ် နေပါတယ်။

အဲဒီ အမျိုးသားသုံး သန္ဓေတား လိမ်းဆေးကို သုံးမယ့်သူတွေ အနေနဲ့ နောက်ကျောနဲ့ ပခုံးတလျှောက် နေ့စဉ် လိမ်းပေးရမယ်လို့ ဆိုပါတယ်။

အဲဒီ နေရာတွေကနေ ဆေးအာနိသင်ဟာ အရေပြားထဲ စိမ့်ဝင် သွားနိုင်အောင် တီထွင်ထားတာ ဖြစ်ပါတယ်။

အဲဒီ လိမ်းဆေး လူးဆေးထဲပါတဲ့ ပရိုဂျက်စတင် ဟော်မုန်းဟာ ဝှေးစေ့ထဲ တက်စ်တိုစထရုန်း အမျိုးသား ဟော်မုန်း သဘာဝအတိုင်း ထုတ်လွှတ်နေမှု ဖြစ်စဉ်ကို ဟန့်တားမှာ ဖြစ်ပြီး သုက်ပိုးအသစ် ဖြစ်ထွန်းမှု ရပ်တန့်စေမှာ ဖြစ်ပါတယ်။

တခါ ဆေးထဲမှာ တပါတည်း ထည့်ထားတဲ့ အစားထိုး တက်စ်တိုစထရုန်းကတော့ သုံးစွဲသူတွေရဲ့ လိင်စိတ်နိုးကြားမှုကို ဆက်လက် ထိန်းထားပေးမယ်လို့ ဆိုပါတယ်။

Image caption ဂျာမနီမှာ ရှိတဲ့ ကွန်ဒုံးစက်ရုံ၊ သောက်ဆေး မတွင်ကျယ်ချိန် ကွန်ဒုံးသုံးမှု အပေါ်မှာပဲ အဓိက မှီခိုရဦးမယ်။

စျေးကွက်မှာ နေရာရနိုင်လား

ကိုယ်ဝန်တားဆီး နိုင်မယ့် နည်းလမ်း ရွေးချယ်စရာ အသစ် ရှိလာမှာကို ကြိုဆိုကြတဲ့ သဘောထားမျိုးတွေ စုံတွဲတွေဆီမှာ ရှိကြတာကို စစ်တမ်းတွေက ပြသ နေပါတယ်။

ဒါပေမယ့် စျေးကွက်တင် စီးပွားဖြစ် ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ကိုတော့ ဆေးကုမ္ပဏီတွေ မဝံ့မရဲ ဖြစ်နေဆဲပဲလို့ အက်ဒင်ဘရာတက္ကသိုလ်က ပါမောက္ခ ရစ်ချက် အင်ဒါဆင်က ဆိုပါတယ်။

"အမျိုးသားသုံးကိုယ်ဝန်တားဆေး စျေးကွက်မှာ နေရာရနိုင်တယ် ဆိုတာကို ဆေးထုတ်တဲ့ ကုမ္ပဏီတွေ လက်မခံ ကြသေးတဲ့ အနေအထားမျိုးမှာ ရှိနေတယ်။"

"ဒီဆေးမျိုး စျေးကွက်ပေါ် ရောက်လာဖို့၊ လူအများကြား ဖြန့်နိုင်ဖို့ ကြိုးစားနေကြတာ နှစ်ကာလ အတန် ကြာနေပြီ ဖြစ်ပေမယ့် ခုထက်ထိ ဖြစ်မလာသေးတာဟာ ရင်းနှီးမြှုပ်နှံမယ့်သူ မရှိသေးတဲ့ ပြဿနာကြောင့်လည်း ပါတယ်" လို့ ပါမောက္ခ အင်ဒါဆင်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၀၅၀ မှာ လူတွေ စားသောက်ပုံစံ ပြောင်းဖို့လို

ဒီတော့ တီထွင်သူ ပညာရှင် သုတေသီတွေဟာ ငွေကြေးတတ်နိုင်တဲ့ ကုမ္ပဏီကြီးဆီက ရင်းနှီးမတည်ငွေတွေ ရလာဖို့ မမျှော်လင့်နိုင်ပါဘူး။ ပရဟိတ အဖွဲ့တွေ၊ ပညာရပ်ပိုင်း ငွေကြေး ထောက်ပံ့တဲ့ ရံပုံငွေတွေဆီက အကူအညီတွေနဲ့ပဲ သုတေသနလုပ် စမ်းသပ်နေကြရတာ ဖြစ်ပါတယ်။

ယောက်ျားသုံးတားဆေး ရလာဖို့ သောက်ဆေး၊ ထိုးဆေး၊ လူးဆေးတွေ အမျိုးမျိုး တီထွင်ကြံဆနေကြပေမယ့်လည်း ကြန့်ကြာ နေရတာဟာ ဆေးဝါး ကုမ္ပဏီကြီးတွေ အနေနဲ့ ဆေးသိပ္ပံပညာ တိုးတက် အောင်မြင်ဖို့ထက် စီးပွားရေး တွက်ခြေကိုက်ဖို့ သာ အလေးပေး နေကြတဲ့ အတွက် ဖြစ်တယ်ဆိုပြီး ရှက်ဖီးတက္ကသိုလ် အမျိုးသား မျိုးဆက်ပွားနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပါမောက္ခ ဒေါက်တာ အလန်ပေဆီက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ကုသနိုင်မယ်