လူမှုကွန်ရက်တွေ ပိတ်ပင်ထားတဲ့ ချဒ်နိုင်ငံ

a hand scrolling through a smart phone ဓာတ်ပုံ မူပိုင် Getty Images

အာဖရိကတိုက် အလယ်ပိုင်းက ချဒ်နိုင်ငံမှာ လူမှုကွန်ရက်တွေကို ပိတ်ထားတာ တနှစ်ရှိပါပြီ။

ဒါကို ပြန်ဖွင့်ပေးဖို့ လှုပ်ရှားတက်ကြွသူတွေက အစိုးရကို တောင်းဆိုနေကြပါတယ်။

၂ဝ၁၈ ခုနှစ် မတ်လ ၂၈ ရက် ကတည်းက ဒီလို ပိတ်ထားတာပါ။ ချဒ် သမ္မတ ဟေဒရီးစ် ဒက်ဘီးကို ၂ဝ၃၃ အထိ အာဏာဆက်ယူနိုင်အောင် အခြေခံဥပဒေ ပြင်တဲ့ နိုင်ငံလုံးကျွတ် အစည်းအဝေးကြီး အပြီးမှာ ဒီလို ပိတ်ပစ် ခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် ကွန်ရက်တွေပိတ်

၂ဝ၁၆ ချဒ်သမ္မတရွေးကောက်ပွဲ ကစပြီး မစ္စတာ ဒက်ဘီးကို လူမှုကွန်ရက်တွေမှာ ဝေဖန်တာတွေ စလာပါတယ်။

ချဒ် နိုင်ငံသားတွေဟာ လူမှုကွန်ရက်ကို သုံးပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဖို့ စီစဉ်ကြတာပါ။ ဒါကြောင့် အင်တာနက် လှုပ်ရှားမှုတွေက ထိရောက်တယ်လို့ ချဒ် မြို့တော် ဂျမေနာက ဘီဘီစီသတင်းထောက် က ပြောပါတယ်။

အင်တာနက်က အစိုးရကို ခြိမ်းခြောက်သလို ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

တကယ် ပိတ်လို့လား

ဖေ့စ်ဘုတ်၊ တွစ်တာနဲ့ ဝှက်စ်အပ်လို ကွန်ရက်တွေကို ပိတ်ထားပြီး အဲဒါတွေ ပိတ်ထားကတည်းက ဆန္ဒပြပွဲတွေ ဖြစ်တာ ထိုးကျသွားပါတယ်။ နောက် ဆန္ဒပြပွဲ သွားသူ အရေအတွက်ကလည်း နည်းနည်းပဲ ရှိတော့တာပါ။

ဒီလိုပိတ်တဲ့အတွက် အထိအနာဆုံးက လှုပ်ရှားသူတွေနဲ့ စီးပွားရေး လုပ်ငန်းငယ်တွေ ဖြစ်ပါတယ်။ သူတို့အတွက် ကြော်ငြာဖို့နဲ့ ဖောက်သည်ရဖို့က လူမှုကွန်ရက်ကို အားကိုးရတာပါ။

ဖေ့စ်ဘုတ် မရှိ၊ ကွန်ရက်မရှိဘဲ နေရတာ သော့ခတ်မထားတဲ့ ထောင်လိုပဲလို့ ချဒ် ဘလော့ဂါတယောက်က ဘီဘီစီကို ပြောပါတယ်။

ဗီပီအန် လို့ခေါ်တဲ့ အင်တာနက်ဆိုက်တွေ သုံးပြီး တချို့ ချဒ်နိုင်ငံသားတွေက ပိတ်ထားတာကို ကျော်လွှားကြပါတယ်။ ဗီပီအန်ကို အလကားသုံးလို့ရပေမယ့် လူမှုကွန်ရက်တွေကို သုံးတာက ဒေတာ ပိုစားတဲ့အတွက် ဆက်သွယ်ရေး ကုမ္ပဏီတွေပဲ အမြတ်ရတယ်လို့လည်း လူတွေက ဘီဘီစီကို ပြောကြပါတယ်။

ဒါပေမဲ့ ချဒ်မှာ လူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်ကပဲ အင်တာနက်ကို ပုံမှန် သုံးနိုင်ကြလို့ ပိတ်ပင်မှုက လူအနည်းငယ်ကိုပဲ ထိခိုက်တယ်လို့လည်း ကမ္ဘာ့အင်တာနက် ကိန်းဂဏန်းတွေအရ သိရပါတယ်။

အစိုးရ ဘာပြောသလဲ

ချဒ်မှာ လူမှုကွန်ရက် မရှိ ဖြစ်နေတဲ့အတွက် အစိုးရအပေါ် လှုပ်ရှားတက်ကြွသူတွေက အမြဲ အပြစ်ဖို့ကြပါတယ်။

ဒါပေမဲ့ ချဒ်အာဏာပိုင်တွေဘက်က ဒါကို ဘာမှ မတုံ့ပြန်ဘဲ နေတာ ကြာပါပြီ။ ဝန်ကြီးတော်တော်များများကလည်း ဒီကိစ္စ သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။

အီလက်ထရောနစ်နဲ့ စာပို့ဆက်သွယ်ရေး ကို ကိုင်တဲ့ အာဆပ် ကုမ္ပဏီကတော့ ပြည်ထဲရေး ဝန်ကြီးဌာန အမိန်နဲ့ ပိတ်တယ်လို့ပဲ ပြောပါတယ်။

မတ်လ ၂၇ ရက်မှာတော့ ဒီလိုပိတ်ထားတာဟာ "လုံခြုံရေးကြောင့်" ဆိုပြီး ချဒ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၉ဝ ကျော်ကတည်းက အာဏာရခဲ့တဲ့ ချဒ်သမ္မတ ဟေဒရီးစ် ဒက်ဘီး

ဘာကြောင့် ဒီလောက်ကြာအောင်ပိတ်

ချဒ်အစိုးရက လူမှုကွန်ရက်ကို အရေးကြီးတဲ့ ခြိမ်းခြောက်မှုလို့ မြင်နေတယ်လို့လည်း သိရပါတယ်။

သမ္မတ ဒက်ဘီးလက်ထက် သူပုန်ထမှုတွေက နယ်ပိုင်းမှာ ဆက်ရှိနေပါတယ်။ ဖေဖော်ဝါရီလကပဲ ချဒ် တပ်တွေရဲ့ တောင်းပန်မှုနဲ့ ပြင်သစ်တပ်တွေက လစ်ဗျားက လာတဲ့ လက်နက်အပြည့်နဲ့ သူပုန်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပါတယ်။

သူပုန်ခေါင်းဆောင်တွေက လူမှုကွန်ရက်ကို သုံးပြီး လူငယ်တွေကို သိမ်းသွင်းတာတွေ လုပ်နိုင်တယ်လို့ ချဒ်အစိုးရက ယူဆကြောင်း ဘီဘီစီနဲ့ တွေ့ဆုံခဲ့တဲ့ လုံခြုံရေး အရာရှိတယောက်က ဆိုပါတယ်။

အရပ်သားတွေ ဥပဒေမဲ့ လူသတ်တာ၊ ရိုက်နှက်တာတွေကို အင်တာနက်မှာ တင်နေတာတွေကိုလည်း အစိုးရက ဟန့်တားချင်ပါတယ်။

အစိုးရက ပြန်ဖွင့်ပေးပါ့မလား

ပြန်ဖွင့်ပေးဖို့ ဖြစ်နိုင်ခြေ နည်းပါတယ်။ လူမှုကွန်ရက်တွေ ပြန်ဖွင့်ပေးဖို့ ဆက်သွယ်ရေး ကုမ္ပဏီတွေကို ချဒ် ရှေ့နေတွေက မနှစ် သြဂုတ်လကတည်းက တရားရုံးတက် စွဲဆို ခဲ့ကြပေမယ့် ရှုံးခဲ့ပါတယ်။

ဒါကို အယူခံတင်တော့လည်း အယူခံရုံးက မတ်လ ၂၈ ရက်မှာ ပယ်ချခဲ့ပါတယ်။ လုံခြုံရေး ကြောင့် လူမှုကွန်ရက်တွေကို ပိတ်ထားတယ် လို့လည်း ဆိုပါတယ်။

ဒီလိုပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေကို တောင်းဆိုတင်ပြသွားမယ်လို့လည်း ရှေ့နေတွေက ပြောနေကြပါတယ်။