ဖေ့စ်ဘုတ်ပေါ် လိုက်ဖ်ဗီဒီယို လွှင့်ခွင့် ကန့်သတ်ဖို့ လုပ်ဆောင်မယ်

ဖေ့စ်ဘုတ် ဓာတ်ပုံ မူပိုင် Getty Images
Image caption လူတိုင်းကို ဖေ့စ်ဘုတ်ပေါ် လိုက်ဖ်လွှင့်ခွင့်ပေးမှာ မဟုတ်တော့။

ဖေ့စ်ဘုတ်ပေါ် လိုက်ဖ်ဗီဒီယိုတွေ တိုက်ရိုက် တင်နေကြတာကို ဘယ်လိုဘယ်ပုံ ထိန်းချုပ် ကန့်သတ်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေ ကြံဆသွားမယ်လို့ ဖေ့စ်ဘုတ် ကုမ္ပဏီက ကတိပေး ပြောဆိုလိုက်ပါတယ်။

ဘယ်လို လိုက်ဖ်ဗီဒီယိုမျိုးတွေ ဖေ့စ်ဘုတ်ပေါ် ရောက်နေကြသလဲ ဆိုတာကို ဆန်းစစ် ထိန်းချုပ်နိင်ဖို့ ဆိုတာ ပိုပြီး မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာအဖြစ် သဘောတူတယ်လို့ ကမ္ဘာ့အကြီးဆုံး အင်တာနက် လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ရဲ့ ထိပ်တန်းအရာရှိ ရှရဲလ် ဆန်းဘာ့ဂ်က ဆိုပါတယ်။

နယူးဇီလန်မှာ မတ်လ ၁၅ ရက်နေ့တုန်းက လူအယောက် ၅ဝ သေဆုံးခဲ့တဲ့ အထိ သေနတ်ပစ်ခတ် သတ်ဖြတ် ခံရမှုမှာ ကျူးလွန်သူက ဖေ့စ်ဘုတ်ပေါ် ဗီဒီယိုတိုက်ရိုက် လွှင့်တင်ခဲ့တဲ့နောက် အခုလို ထိန်းချုပ်နိုင်ရေး ပြဿနာ ပိုပြီး ကြီးထွားလာတာ ဖြစ်ပါတယ်။

မူရင်းဗီဒီယိုကို အကြိမ် လေးထောင် ကြည့်ရှုမှု ရှိခဲ့ပြီးမှ ဖယ်ရှားနိုင်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၄၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့ နယူးဇီလန်က ဗလီနှစ်ခု ပစ်ခတ်ခံရမှု

နယူးဇီလန်မှာလည်း ဥပဒေရေးရာ အားနည်းနေ

တခါ၊ နယူးဇီလန်နိုင်ငံမှာလည်း အမုန်းတရား ဝါဒဖြန့် ပြောဆိုမှုတွေ အပေါ် ကိုင်တွယ်ရေး အတွက် လုံလောက်တဲ့ ဥပဒေတွေ ရှိမနေဘူးဆိုတဲ့ ဝေဖန်သံတွေ ရှိနေတဲ့ အတွက် နယူးဇီလန် အာဏာပိုင်တွေ အနေနဲ့ ဥပဒေပိုင်း ပြန်လည် သုံးသပ်ကြဖို့ ရှိပါတယ်။

"အွန်လိုင်းပေါ် မြင်တွေ့နေရတဲ့ အမုန်းတရား ပြည့်လျှံနေတဲ့ မိစ္ဆာတရားတွေကို လက်ရှိ ဥပဒေတွေက မကိုင်တွယ်နိုင်ဘူး" ဆိုပြီး နယူးဇီလန် တရားရေးဝန်ကြီး အင်ဒရူး လစ်တဲလ်က ဝန်ခံ ပြောဆိုပါတယ်။

အခု ၂ဝ၁၉ နှစ်ကုန် အမှီ ဥပဒေရေးရာ အကြံပြုချက် အသစ်တွေ ထွက်ပေါ်လာဖို့ နယူးဇီလန် အစိုးရနဲ့ လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သေနတ်ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတဲ့ ခရိုက်စ်ချာ့ချ်မြို့မှာ သေဆုံးသူတွေ အတွက် အောင့်မေ့ဖွယ် အမှတ်တရ အခမ်းအနား ကျင်းပခဲ့တာမှာ လူပေါင်း နှစ်သောင်းကျော် တက်ရောက် ခဲ့ပါတယ်။

ဒီပစ်ခတ်မှုအတွင်း ထိခိုက် ဒဏ်ရာရသွားသူတွေလည်း အများအပြား ရှိခဲ့တာမှာ အခုအချိန်ထိ ဆေးရုံပေါ် လူ ၂၁ ယောက် ရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လူတိုင်း တုန်လှုပ် ခြောက်ခြားခဲ့ရတဲ့ အဖြစ်ဆိုး
ဓာတ်ပုံ မူပိုင် AFP
Image caption အယောက် ၅ဝ သေဆုံးခဲ့

ဖေ့စ်ဘုတ်က ဘယ်လို တာဝန်ယူမယ် ပြောလဲ

သေဆုံးခဲ့ရသူတွေ၊ မိသားစုဝင်တွေ အပါအဝင် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ မွတ်ဆလင် အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ အတူ ရပ်တည်တယ်လို့ ဖေ့စ်ဘုတ်လုပ်ငန်း တာဝန်ခံ အကြီးအကဲ မစ္စ ဆင်းဘာ့ဂ်က နယူးဇီလန် ဟာရိုး သတင်းစာမှာ ရေးသားပါတယ်။

ဖေ့စ်ဘုတ် အပါအဝင် အွန်လိုင်းမီဒီယာတွေမှာ အင်မတန် တုန်လှုပ်ဖွယ် ဗီဒီယိုတွေ ဘာ့ကြောင့်များ ဖြန့်ချီနိုင်နေကြတာလဲ ဆိုတဲ့ မေးခွန်းမျိုး မေးသင့်မေးထိုက်တယ်လို့ မစ္စ ဆင်းဘာ့ဂ်က ဆိုပါတယ်။

ဒီဝေဖန်မှုတွေကို လက်ခံတယ်၊ ဖေ့စ်ဘုတ်ဘက်က ပိုပြီး တာဝန်ယူဖို့ လိုတယ် ဆိုတာကိုလည်း သဘောတူတယ်လို့ မစ္စဆင်းဘာ့ဂ်က ကတိပေး ရေးသား ထားပါတယ်။

ဖေ့စ်ဘုတ်ဘက်က တကယ်တမ်း လက်တွေ့မှာ ဘယ်လိုဘယ်ပုံ ဆောင်ရွက်သွားမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း "ဖေ့စ်ဘုတ်ပေါ် ဘယ်သူတွေကိုသာ လိုက်ဖ်လွှင့်ခွင့် ပေးမလဲ ဆိုတာမျိုး စိစစ်ကန့်သတ်နိုင်မယ့် နည်းလမ်းတွေ ကြံဆသွားမယ်" လို့ မစ္စဆင်းဘာ့ဂ်က ပြောပါတယ်။

ဖေ့စ်ဘုတ်မှာ လူအများကြား ဘယ်လို ဓာတ်ပုံ၊ စာသား၊ ရုပ်သံတွေပဲ တင်ခွင့် ရှိသလဲ ဆိုတဲ့ သတ်မှတ်ထားတဲ့ "Community Standard" စံနှုန်းစံထားတွေ အပေါ် မူတည်ပြီး ပိုပြီး စိစစ် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လူဖြူကြီးစိုးရေး လူဖြူတွေသာ ပိုမြတ်တယ်လို့ ယူဆတဲ့ ဝါဒ နဲ့ အတူ အသားရောင်၊ ဘာသာရေး၊ လိင်ပေါ် မူတည်ပြီး ဂိုဏ်းဂန ခွဲခြားရေး ဝါဒတွေ အပေါ် အားပေး ထောက်ခံတာ မှန်သမျှ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ် စာမျက်နှာတွေပေါ် အရောက်မခံဘူး၊ ရှိနေတာတွေကိုလည်း လာမယ့် သီတင်းပတ်ကစလို့ အားလုံး ဖယ်ရှားပစ်မယ်လို့ ကြေညာ ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နယူးဇီလန် ဝန်ကြီးချုပ်နဲ့ ဘီဘီစီ တွေ့ဆုံ