ကင်ဂျုံနမ်းကို သတ်မှုနဲ့ စွဲဆိုခံထားရတဲ့ ဗီယက်နမ်သူကို ထောင်ဒဏ် ၃ နှစ် ၄ လပဲ မလေးရှားတရားရုံးကချ

ထောင်ဒဏ်စီရင်ချက်ချခံရအပြီး တရားရုံးက ပြန်ထွက်ခွာသွားတဲ့ ဒွမ်သီဟွမ်းကို ဧပြီ ၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ မူပိုင် EPA
Image caption လူသတ်မှုနဲ့ ပြစ်မှုထင်ရှားခဲ့ရင် သူဟာ သေဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အစ်ကိုဝမ်းကွဲတော်သူ ကင်ဂျုံနမ်းကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ဗီယက်နမ်အမျိုးသမီးက လူသတ်မှုမဟုတ်ပဲ လူကိုသေစေနိုင်တဲ့အထိ ဖြစ်စေတဲ့ နည်းလမ်းနဲ့ အပြင်းအထန်နာကျင်စေခဲ့မှုကို ကျူးလွန်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပြီးတဲ့နောက်မှာ ထောင်ဒဏ်ပဲ ကျခံလိုက်ရပါတယ်။

မလေးရှားတရားရုံးက ဒွန်သီဟွမ်းကို ထောင်ဒဏ် သုံးနှစ်နဲ့လေးလ ချမှတ်ခဲ့ပြီး သူ့ကို စတင်ဖမ်းဆီးတဲ့ ၂၀၁၇ ဖေဖေါ်ဝါရီလက စလို့ ထောင်ကျရက်အဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။

မလေးရှားဥပဒေအရဆိုရင် သူဟာ လာမယ့် မေလမှာပဲ လွတ်မြောက်လာနိုင်လိမ့်မယ်လို့ သူ့ရှေ့နေဖြစ်သူက ပြောပါတယ်။

လူသတ်မှုနဲ့သာ စွဲချက်တင်ခံရပြီး အပြစ်ရှိကြောင်းတွေ့ခဲ့ရရင် ဒွန်သီဟွမ်ဟာ သေဒဏ်ချမှတ်ခံရနိုင်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဖအေတူ အမေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနမ်းဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ၂၀၁၇ ခုနှစ်က ဓာတုအဆိပ်ပစ္စည်း VX နဲ့ လုပ်ကြံခံလိုက်ရတာ ဖြစ်ပါတယ်။

ဗီယက်နမ်သူနဲ့အတူ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသူ ဆီတီအိုင်ဆီယာကိုလည်း မလေးရှားတရားရုံးက ဖေဖေါ်ဝါရီလက တရားသေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် အခုဆို ကင်ဂျုံနမ်းကို သတ်မှုနဲ့ပတ်သက်ပြီး လူသတ်တရားခံဆိုသူ တစ်ယောက်မှ ဖမ်းဆီး အရေးယူမခံရသလို ဖြစ်သွားပါတယ်။

ဒီတော့ ဘာဆက်ဖြစ်လာမှာလဲ။

မေလ ပထမအပတ်ဆိုရင် သူအိမ်ပြန်လို့ရတော့မှာလို့ မစ္စဟွမ်းရဲ့ ရှေ့နေ ဟီဆမ် တေပိုတိတ်က တရားရုံးကအထွက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

မစ္စဟွမ်ရဲ့ မိထွေးတော်သူ ငွင်သီဗီးကလည်း မိသားစုအနေနဲ့ သိပ်ကို ပျော်ရွှင်မိပါတယ်လို့ ဘီဘီစီ ဗီယက်နမ်ဌာနကို ပြောပါတယ်။

အစိုးရကိုရော၊ ရှေ့နေတွေနဲ့ ဗီယက်နမ်ပြည်သူတွေကိုပါ သူတို့ မိသားစုကို အားပေးကူညီခဲ့ကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်လို့လည်း သူက ပြောပါတယ်။

မစ္စဟွမ်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ အင်ဒိုနီးရှားသူရဲ့ အမှုမှာတော့ မလေးရှား ရှေ့နေချုပ်က ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီးခဲ့နောက်မှာ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကင်ဂျုံနမ်ကို အပြင်းဆုံး ဓာတုလက်နက်နဲ့သတ်

ကင်ဂျုံနမ်းကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးနှစ်ဦး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်ဂျုံနမ်အမှု ပထမဆုံးအကြိမ်ရုံးထုတ်

မစ္စဟွမ်းလည်း ဒီလိုပဲ လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ပထမတော့ ပျက်စီးသွားခဲ့ပါသေးတယ်။ သူ့အပေါ် လူသတ်မှုနဲ့ စွဲဆိုချက်တွေကို ပယ်ဖျက်ပေးဖို့ အယူခံကို မလေးရှားအာဏာပိုင်တွေက မတ်လ ၁၄ ရက်နေ့က ပယ်ချခဲ့တာပါ။

အဲဒီအချိန်က သူ တရားရုံးထဲမှာ ငိုယိုခဲ့ပြီး သူတို့ လူသတ်မှု မကျူးလွန်ခဲ့ဘူးဆိုတာ ဘုရားသခင်ပဲသိပါတယ်။ သူ့အတွက် မိသားစုက ဆုတောင်းပေးစေချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သူနဲ့အတူ စွဲချက်တင်ခံထားရသူ ဆီတီအိုင်ဆီယာလွတ်သွားပြီးတဲ့နောက် သူ အိပ်လို့ မရတော့ဘူးလို့ မစ္စဟွမ်က ပြောခဲ့တဲ့အကြောင်း သူ့ရှေ့နေက ပြောပါတယ်။

စွဲဆို ခံထားရသူ အမျိုးသမီး နှစ်ယောက်စလုံးက သူတို့မှာ အပြစ်မရှိပါဘူးလို့ ထွက်ဆိုထားခဲ့ကြပါတယ်။ သူတို့ကို ဒီ လူသတ်မှုကျူးလွန်ဖြစ်အောင် မသိပဲနဲ့ လှည့်စားခံလိုက်ရတာပါလို့ ဆိုပါတယ်။ သူတို့ကို လူတစ်ယောက်ရဲ့ မျက်နှာပေါ် ပုဝါတစ်ခုနဲ့ သွားပွတ်စေခဲ့ပြီး အဲဒါဟာ တီဗီအစီအစဉ်တစ်ခုအတွက် အပြောင်အပျက်လုပ်ရတာလို့ သူတို့က ထင်ခဲ့ကြတယ်လို့ဆိုပါတယ်။ တကယ်တော့ သူတို့ သွားပွတ်လိုက်တာက အဆိပ်ပြင်းလွန်းတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်နေခဲ့ပါတယ်။

အခုလို ဒွမ်သီဟွမ်းကို ထောင်ဒဏ်ပဲ ချလိုက်တာဟာ မလေးရှားအစိုးရအတွက် မျက်နှာပျက်အရှက်ရစရာ ဖြစ်ရပ်က ထွက်မြောက်နိုင်အောင်လုပ်လိုက်တာ ဖြစ်တယ်လို့ ဘီဘီစီရဲ့ အရှေ့တောင်အာရှ သတင်းထောက် ဂျိုနသန်ဟက်က ပြောပါတယ်။ တစ်ဘက်မှာတော့လည်း တစ်ယောက်ထဲ ကျန်နေခဲ့တဲ့ တရားခံအဖြစ်စွဲဆိုခံထားရသူအတွက် တရားမျှတမှုဖြစ်သွားတယ်လို့ ယူဆသူလည်း အများအပြားရှိနိုင်ကြောင်း သူက ဆိုပါတယ်။

ဒါပေမယ့်လည်း အခုလို အမှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေထွက်လာတော့ အမျိုးသမီးနှစ်ယောက်ကို ဒီ လူသတ်မှုထဲ ဘယ်လို ဆွဲခေါ်လို့ ပါလာရသလဲ၊ ဘယ်သူတွေက ဆွဲခေါ်ခဲ့သလဲဆိုဲ့ အသေးစိတ်အချက်အလက်တွေ သူတို့ ထွက်ဆိုစရာ မလိုတော့တဲ့ အခြေအနေဖြစ်သွားပါတယ်။

ကင်ဂျုံနမ်းကို ဘယ်လို သတ်ခဲ့ကြသလဲ။

၂၀၁၇ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ကင်ဂျုံနမ်းဟာ ကွာလာလမ်ပူကနေ မကာအိုကို သွားဖို့ လေဆိပ်ကို ရောက်နေပါတယ်။ အဲဒီ လေဆိပ်ထွက်ခွာဆောင်ကို ရောက်နေတဲ့ သူ့ဆီ အမျိုးသမီး နှစ်ယောက်က ချဉ်းကပ်လာခဲ့ပါတယ်။ စီစီတီဗီပြကွက်တွေမှာတော့ အဲဒီအမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်က ကင်ဂျုံနမ်းရဲ့ မျက်နှာပေါ်ကို လက်နဲ့ လှမ်းကိုင်လိုက်တာ တွေ့ရပါတယ်။ ပြီးတဲ့နောက်မှာတော့ အမျိုးသမီး နှစ်ယောက်စလုံး အဲဒီနေရာက ထွက်သွားကြပါတယ်။

မစ္စတာကင်ကို ဆေးရုံပို့တုန်း လမ်းမှာပဲ အသက်ဆုံးသွားပါတယ်။ သူဟာ ဓာတုအဆိပ်ပစ္စည်းတွေအထဲမှာ အဆိပ်အပြင်းဆုံး တစ်မျိုးဖြစ်တဲ့ VX လို့ခေါ်တဲ့ အဆိပ်သင့်ခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိရပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ သူတို့ ဒီကိစ္စမှာ ဘယ်လိုမှ မပတ်သက်ဘူးလို့ အပြင်းအထန် ငြင်းဆန်ပါတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့နေ့မှာပဲ မလေးရှားက ထွက်သွားကြတဲ့ မြောက်ကိုရီးယားလို့ ယူဆရသူ အမျိုးသားလေးယောက်ကိုလည်း အခု အမှုနဲ့ ပတ်သက်ပြီး စွဲဆိုထားပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့က ဒီ လူလေးဦးနဲ့ ပတ်သက်ပြီး တွေ့တဲ့နေရာမှာ ဖမ်းဆီးပေးဖို့ ဖမ်းဝရမ်းနဲ့ အလားတူတဲ့ အနီရောင်အချက်ပေးမှု ထုတ်ပြန်ထားခဲ့ပေမယ့် အခုအထိတော့ သူတို့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ