ကပြဖို့ငြင်းခဲ့လို့ ယောက်ျားက ခေါင်းတုံးတုံး အပြစ်ပေးတာ ခံခဲ့ရသူ

အမျိုးသမီး ဓာတ်ပုံ မူပိုင် Twitter
Image caption တွစ်တာပေါ် ဗီဒီယိုတင်ပြီး မစ္စအဇစ်ဖွင့်ချ

ပါကစ္စတန်နိုင်ငံမှာ အက်စ်မာ အဇစ်ဆိုတဲ့ အမျိုးသမီးဟာ သူ့ ယောက်ျားဖြစ်သူ မီအန်ဖိုင်ဇယ်နဲ့ ယောက်ျားရဲ့ သူငယ်ချင်းတွေကို ကပြ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အရိုက်အနှက် ခံခဲ့ရရုံမက၊ အဓမ္မ ခေါင်းတုံးတုံးတာ ခံခဲ့ရတယ်လို့ ထွက်ဆို လာပါတယ်။

အက်စ်မာ အဇစ်က အခုလို လူသိရှင်ကြား ထုတ်ပြောလာခဲ့တဲ့နောက် ပါကစ္စတန် နိုင်ငံတွင်း အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက် အန္တရာယ် အပြုခံနေရတဲ့ ပြဿနာ ဘယ်လောက် ဆိုးရွားနေလဲ ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက် လာပါတယ်။

ခေါင်းတုံးနဲ့ဖြစ်နေပြီး မျက်နှာမှာလည်း အညိုအမည်းတွေ စွဲနေတဲ့ ဗီဒီယိုဖိုင်ကို အက်စ်မာ အဇစ်က ဆိုရှယ်မီဒီယာပေါ် တင်ပြီး ဖွင့်ချခဲ့တဲ့နောက် လူအများက သတိထားမိခဲ့ကြပြီး သတင်းဌာနတွေကလည်း ဖော်ပြကြပါတယ်။

မီအန်ဖိုင်ဇယ်နဲ့ အိမ်အကူ လုပ်သားတစ်ယောက်ကို ရဲက ဖမ်းထားပြီး၊ မစ္စတာ ဖိုင်ဇယ်ကတော့ သူ့မိန်းမကို နှိပ်စက်တာမျိုး မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Twitter
Image caption ပါကစ္စတန်မှာ အမျိုးသမီး အခွင့်အရေး ကာကွယ်နိုင်ဖို့ အခြေခံကစ ပြောင်းလဲဖို့ လိုနေကြောင်း AI အဖွဲ့ ဆော်ဩ။

တစ်မှုချင်းစီကိုင်တွယ်နေတာ မလုံလောက်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့ပြော

မစ္စအဇစ် အမှုကိစ္စ ပေါ်ထွက်လာခဲ့တဲ့နောက် အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက် နှိပ်စက်ခံနေရတဲ့ ဒဏ်ကနေ အကာအကွယ်ပြုရေး ပါကစ္စတန်နိုင်ငံတွင်း ပိုမို လုပ်ဆောင်ကြဖို့ တိုက်တွန်း နှိုးဆော်သံတွေ ထွက်ပေါ် လာပါတယ်။

အိမ်တွင်း အကြမ်းဖက်တဲ့ ပြဿနာကို ကိုင်တွယ်ရေး အတွက် ပါကစ္စတန်မှာ ပြုပြင် ပြောင်းလဲရေးတွေ စနစ်တကျကို ဆောင်ရွက်ဖို့ လိုနေတယ်ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ကလည်း ပြောပါတယ်။

ကျူးလွန်သူတွေကို ချက်ချင်းဖမ်းတာမျိုးလို အာဏာပိုင်တွေဘက်က အလျင်အမြန် ကိုင်တွယ်ခဲ့တဲ့ အပေါ် ဝမ်းမြောက်ရပေမဲ့ မီအန်ဖိုင်ဇယ်အမှုလိုပဲ အိမ်တွင်း အကြမ်းဖက်ခံရကြောင်း သတင်းတွေ တနေ့တခြား ပိုပြီး ကြားလာနေရတဲ့ အခြေအနေပေါ် စိုးရိမ်တယ်လို့ AI အဖွဲ့က ဆိုပါတယ်။

အမှုကိစ္စတစ်ခုချင်းစီ အပေါ် ကိုင်တွယ် ဖြေရှင်းတာထက် စနစ်တစ်ခု ပြုပြင် ပြောင်းလဲဖို့ ကြိုးစားသင့်တယ်လို့လည်း AI က ပါကစ္စတန် အစိုးရကို အကြံပြုပါတယ်။

အက်စ်မာအဇစ်နဲ့ ခင်ပွန်းဖြစ်သူ မီအန်ဖိုင်ဇယ် တို့ဟာ လာဟိုးမြို့က အင်မတန် စျေးကြီးတဲ့ DHA အိမ်ရာမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Twitter
Image caption နှစ်ယောက်သား မူးယစ်ဆေးသုံးပြီး ဖြစ်ခဲ့ကြတာလို့ ခင်ပွန်းသည်က ထွက်ဆို

အက်စ်မာအဇစ်တင်ခဲ့တဲ့ ဗီဒီယို

အက်စ်မာအဇစ်ဟာ သူ ခေါင်းတုံးတုံး ခံထားရတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် မတ်လ ၂၆ ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ် မတင်ခင် အရင် နှစ်ရက်က အခင်းဖြစ်ခဲ့တာလို့ ဗီဒီယိုထဲမှာ အက်စ်မာအဇစ်က ဝမ်းပန်းတနည်း ပြောထားပါတယ်။

ယောက်ျားဖြစ်သူရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ သူတို့ရဲ့ လာဟိုးမြို့နေအိမ်မှာ ရှိနေစဉ် လူအများရှေ့ ကပြဖို့ ယောက်ျားဖြစ်သူက ခိုင်းစေတာကို ငြင်းဆန်ခဲ့တဲ့ အတွက် သူ အနှိပ်စက် ခံခဲ့ရတာ ဖြစ်တယ်လို့ မစ္စအဇစ်က ထွက်ဆိုပါတယ်။

"သူ့တပည့်တွေ အရှေ့မှာပဲ ကျွန်မရဲ့ အဝတ်တွေကို ဆွဲချွတ်တယ်။ ကျွန်မဆံပင်တွေကို သူဖြတ်နေတုန်း သူ့တပည့်တွေက ကျွန်မက ချုပ်ပေးထားတယ်။ ပြီးတော့ ကျွန်မဆံပင်တွေကို မီးရှို့ပစ်လိုက်ကြတယ်" လို့ မစ္စအဇစ်က ဗီဒီယိုထဲ ပြောဆို ထားပါတယ်။

ကိုယ်တုံးလုံးချွတ်ပြီး အဝတ်မပါ ဗလာနတ္ထိနဲ့ ကြိုးတုပ် ချိတ်ဆွဲထားမယ်လို့လည်း အခြိမ်းအခြောက် ခံခဲ့ရတယ်လို့ မစ္စအဇစ်က ဆိုပါတယ်။

ဒီနောက်မှာတော့ မစ္စအဇစ်ဟာ သူတွေ့ကြုံခဲ့ရတာတွေကို ရဲဌာနကို သွားပြီး သတင်းပို့ တိုင်ကြားပါတယ်။ ရဲဘက်က အရေးယူ ဆောင်ရွက်ဖို့ ကြန့်ကြာခဲ့တယ်လို့ မစ္စအဇစ်က ဆိုပေမယ့် ရဲတပ်ဖွဲ့ကတော့ သူတို့ ချက်ခြင်း အရေးယူတုံ့ပြန် ခဲ့ကြောင်း ပြောပါတယ်။

မစ္စအဇစ်ရဲ့ တိုင်တမ်းချက် ရရှိပြီး ချက်ချင်းပဲ သူတို့ရဲ့ နေအိမ်ရှိရာဆီ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပေမယ့် အိမ်တံခါး သော့ပိတ်ထားတာ တွေ့ရတယ်လို့ ရဲတာဝန်ရှိသူက ပြောပါတယ်။ အိမ်ထဲထိဝင်ဖို့ကိုလည်း DHA အိမ်ရာ တာဝန်ရှိသူတွေက ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Twitter
Image caption မျက်နှာမှာ အညိုအမည်းတွေ စွဲနေကြောင်း ဆေးစစ်ချက်က အတည်ပြု

မစ္စအဇစ်ကတော့ သူ အွန်လိုင်းပေါ် တင်လိုက်တဲ့ ဗီဒီယိုကို ပြည်ထဲရေး ဒုဝန်ကြီး ရှီဟာရာ အဖရီဒီ သတိထားမိလာမှ ရဲတပ်ဖွဲ့ကို အရေးယူဆောင်ရွက်ဖို့ အမိန့်ထုတ်ခဲ့တာလို့ ပြောပါတယ်။ လက်ရှိမှာတော့ မစ္စတာဖိုင်ဇယ်နဲ့ တပည့်ဖြစ်သူ ရရှစ် အလီတို့ကို ရဲကဖမ်းထားပါတယ်။

မစ္စအဇစ်ကို ကနဦး ဆေးစစ်ထားချက်အရ မျက်နှာ၊ ပါးနဲ့ ဘယ်ဘက်မျက်လုံး တဝိုက် အညိုအမည်းစွဲနေတာ၊ ယောင်ရမ်းနေတာတွေ ရှိတယ်လို့ တွေ့ထားပါတယ်။

မစ္စတာဖိုင်ဇယ်ကို လုပ်ရိုးလုပ်စဉ် ရာဇဝတ် ပုဒ်မတွေနဲ့ မဟုတ်ဘဲ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေနဲ့ပါ အရေးယူသင့်တယ် ဆိုပြီး မစ္စအဇစ်ရဲ့ ရှေ့နေအဖွဲ့က တောင်းဆို ထားပါတယ်။ မစ္စအဇစ် အကျူးလွန် ခံခဲ့ရတာဟာ ပါကစ္စတန် လူမှုအသိုင်းအဝိုင်း တစ်ခုလုံး ခေျာက်ချား သွားစေတဲ့ အတွက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပုဒ်မနဲ့ပါ အရေးယူ သင့်တယ်လို့ မစ္စအဇစ်ရဲ့ ရှေ့နေတွေက ပြောနေတာ ဖြစ်ပါတယ်။

မစ္စတာဖိုင်ဇယ် ရဲတွေ ရှေ့မှောက် ထွက်ဆိုထားတာကတော့ သူတို့ လင်မယား နှစ်ယောက်လုံး အခင်းဖြစ်စဉ်က မူးယစ်ဆေး သုံးထားကြပြီး မစ္စအဇစ်ဟာ ဆေးရှိန်နဲ့ သူ့ဘာသာ ဆံပင်တွေ စဖြတ်နေခဲ့တာလို့ ဆိုပါတယ်။

မစ္စအဇစ် သူ့ဘာသာ ဆံပင်တွေ ဖြတ်နေတာကို ဝင်ကူခဲ့တာသာ ဖြစ်တယ်လို့ မစ္စတာဖိုင်ဇယ်က ထွက်ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရှေးရိုးစွဲတွေ မကြိုက်ကြတဲ့ အမျိုးသမီး အခွင့်အရေး ချီတက်ပွဲ

ပါကစ္စတန်နဲ့ အမျိုးသမီး အခွင့်အရေး

ပါကစ္စတန် ဆိုရှယ်မီဒီယာတွေမှာတော့ မစ္စအဇစ်အတွက် စာနာနားလည်သံတွေ၊ ယောက်ျားအပေါ် ဒေါသထွက် ပြစ်တင်သံတွေ ဆူညံနေပါတယ်။

ယေဘုယျအားဖြင့် ရှေးရိုးစွဲ အသိုင်းအဝိုင်းလို့ ပြောနိုင်တဲ့ ပါကစ္စတန် လူမှုဝန်းကျင်ထဲမှာ အမျိုးသမီး အခွင့်အရေး ဘယ်လောက်ရှိလဲ ဆိုတာကို အစဉ်အဆက်ပဲ မေးခွန်းထုတ် ဝေဖန်မှုတွေ ရှိနေပြီး၊ အခုလို မစ္စအဇစ် ကိစ္စပေါ်လာတဲ့ အခါမှာတော့ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်ခံရတဲ့ ပြဿနာဟာ လူအများကြား ပိုပြီး သတိထား ဆွေးနွေးစရာ ဖြစ်လာ ခဲ့ပါတယ်။

နိုင်ငံတကာမှာ ကျား/မ လိင် ကွဲပြားမှုပေါ် မူတည်ပြီး ဘယ်လောက် ခွဲခြားခံနေရလဲ၊ အခွင့်အရေးတွေ မညီမမျှ ဖြစ်နေလဲ ဆိုတာကို ဆန်းစစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ၂ဝ၁၆ စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှာ ပါကစ္စတန်ဟာ အဆင့် ၁၄၇ နေရာမှာ ရောက်နေပါတယ်။

အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေ ပါကစ္စတန်နိုင်ငံထဲ ရှိလာခဲ့ပေမဲ့ ပြီးခဲ့တဲ့လ အမျိုးသမီးများနေ့ ချီတက်ပွဲကို ရှေးရိုးစွဲ အုပ်စုတွေ အသည်းအသန် ဝိုင်းပြီး ပြစ်တင် ရှုတ်ချ ခဲ့ကြပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ရန်ပြု အနိုင်ကျင့် ခံရတဲ့ ပြဿနာဟာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေထက် အဆပေါင်းများစွာ ပါကစ္စတန်မှာ ပိုကြီးမားနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆို နေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အဓမ္မပြုသတ်ခံရတဲ့ ၈ နှစ် သမီးငယ်

ဒီသတင်းနဲ့ပတ်သက်သမျှ