ကိုယ်ဝန်ကြီးနဲ့ မြွေမကြီးကို မြွေထီးနဲ့ ခြေရာခံပြီး ဖမ်းမိခဲ့တာဖြစ်

Big Cypress ဥယျာဉ်ထဲမှာ ဖမ်းမိတဲ့ ၁၇ ပေရှည် မြွေကြီး ဓာတ်ပုံ မူပိုင် National Park Service
Image caption စပါးအုံးမြွေတွေဟာ တခြားသားရဲ တိရိစ္ဆာန်တွေကို အန္တရာယ်အပေးဆုံးဖြစ်ပါတယ်

ဖလော်ရီဒါမှာ ရှိတဲ့ အမျိုးသား ဥယျာဉ်တစ်ခုမှာ ကျူးကျော်ဝင်ရောက်လာတဲ့ တိရိစ္ဆာန်တွေကို ခြေရာခံဖမ်းဆီးနိုင်တဲ့ နည်းလမ်းသစ်တစ်ခုကို သုံးပြီး ၁၇ ပေ ရှည်တဲ့ စပါးအုံးမြွေကြီးတစ်ကောင်ကို ဖမ်းမိခဲ့ကြပါတယ်။

အဲဒီ မြွေမကြီးဟာ Big Cypress ဥယျာဉ်ထဲမှာ ဖမ်းမိတဲ့အထဲက အကြီးဆုံးမြွေကြီးဖြစ်ပြီး ပေါင် ၁၄၀ လေးပါတယ်။ ကိုယ်ဝန်ကြီးနဲ့ အဲဒီမြွေမှာ ဥပေါင်း ၇၃ ဥလည်း ပါလာတယ်လို့ သိရပါတယ်။

ဖလော်ရီဒါက သဘာဝ ဥယျာဉ်တွေအထဲမှာ စပါးအုံးမြွေတွေဟာ တခြားသားရဲ တိရိစ္ဆာန်တွေကို အန္တရာယ်အပေးဆုံးဖြစ်ပါတယ်။

သားပေါက်တော့မယ့် မြွေမတွေကို ခြေရာခံဖို့အတွက် သုတေသနလုပ်သူတွေက မြွေထီးတွေမှာ ရေဒီယိုအသံလှိုင်းထုတ်လွှင့်စက်လေးတွေကို တပ်ဆင်ပေးပြီး ပြန်လွှတ်ပေးလိုက်ကြပါတယ်။

အဲဒီလို လွှတ်ပေးလိုက်တဲ့ မြွေထီးတစ်ကောင်နောက်ကို လိုက်ကြည့်ရင်းနဲ့ အနားမှာ အခု ဖမ်းမိတဲ့ ဧရာမမြွေကြီးကို တွေ့ခဲ့ကြရတာလို့ ဥယျာဉ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဥယျာဉ်ထဲ ဝင်လာတဲ့ မြွေတွေကို ဖယ်ရှားရုံသာမက အဲဒီလို မြွေတွေရဲ့ သွားလာလှုပ်ရှားပုံ၊ သူတို့ကို ဖမ်းဆီး ဖယ်ရှားနိုင်မယ့် နည်းလမ်းသစ်၊ ကိရိယာသစ်တွေကို ဖန်တီးဖော်ထုတ်နိုင်ဖို့ အတွက်ပါ သုတေသနလုပ် အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ရပါတယ်လို့ ဥယျာဉ်က အရာရှိတွေက ပြောပါတယ်။

မြန်မာ့စပါးအုံးအမျိုးအစား မြွေကြီးတွေကို ဖလော်ရီဒါ အဲဗားဂလိတ်ဒေသမှာ ၁၉၈၀ ကျော်ကာလတွေက ပထမဆုံးတွေ့ရှိခဲ့ရပြီး ဒီမြွေမျိုးဟာ အမေရိကန်ရဲ့ မျိုးရင်းမြွေမျိုးမဟုတ်ပဲ တခြားက ဝင်လာတဲ့ အမျိုးအစားအဖြစ် သတ်မှတ် စောင့်ကြည့် ခဲ့ကြပါတယ်။

အာရှဇာတိရင်းဖြစ်တဲ့ ဒီမြွေမျိုးကို ယူဆောင်လာပြီး မွေးမြူသူတွေက မြွေတွေ သိပ်အကောင်ကြီးလာချိန်မှာ ဖလော်ရီဒါက တောတွေ ကန်တွေထဲ သွားလွှတ်လိုက်တာမျိုး ရှိသလို၊ ၁၉၉၂ ခုနှစ်မှာ ဟာရီကိန်းအင်ဒရူး တိုက်ခတ်တုန်းကလည်း မြွေမွေးမြူရေးစခန်းက လွတ်မြောက်လာတဲ့ အကောင်တွေကလည်း တောထဲမှာ ဆက်ရှင်သန် ကျက်စားနေခဲ့ပါတယ်။

ဖလော်ရီဒါ တဝိုက်မှာ ဒီမြွေကြီးတွေကို ရန်ပြုအန္တရာယ်ပေးမယ့် တခြားသားကောင်တွေ မရှိသလို အမေရိကန် ဘူမိသိပ္ပံဌာန USGS ကလည်း ဒီမြွေကြီးတွေကပဲ သားကောင်ငယ်၊ သားကောင်လတ်တွေကို စားသုံးလို့ အဲဒီလို သားကောင်လေးတွေရဲ့ အရေအတွက် သိသိသာသာ ကျသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဖလော်ရီဒါက အဲဗားဂလိတ်ညွန်တောကြီးထဲမှာ မြန်မာ့စပါးအုံး အမျိုးအစားမြွေပေါင်း သောင်းချီပြီး ရှိနေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆက်စပ် အကြောင်းအရာများ