ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် အကြမ်းဖက် တိုက်ဖျက်ရေးမှာ ပိုမိုပူးပေါင်းကြဖို့ နေပြည်တော်အစည်းအဝေးမှာ သဘောတူခဲ့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဓာတ်ပုံ မူပိုင် AFP/Getty
Image caption မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အဆင့်မြင့်အရာရှိ အစည်းအဝေးမှာ ဒုက္ခသည် တွေ ပြန်လာနိုင်ရေး မဆွေးနွေးခဲ့

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ ၂ နိုင်ငံ နယ်နိမိတ်မျဉ်းတလျှောက် ညှိနှိုင်းကင်းလှည့်ဖို့၊ နိုင်ငံဖြတ်ကျော် မှုခင်းအချက်အလက်တွေ မျှဝေဖလှယ်ဖို့၊ တပ်ရင်းမှူးအဆင့်ရှိ ကွပ်ကဲရေးမှူးညှိနှိုင်းအစည်းအဝေးတွေ ပုံမှန်ပြုလုပ်ဖို့တွေကို သဘောတူခဲ့ကြပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာတွေ၊ နယ်စပ်ဒေသအနီး ပစ်ခတ်တာတွေ မလုပ်ဖို့ တွေကိုလည်း၂ ဖက် ခေါင်းဆောင်တွေက ဧပြီလ ၈ ရက်နေ့ အစည်းအဝေးထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

၂ ရက်ကြာ အစည်းအဝေးမှာ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဒုက္ခသည်တွေ ပြန်လာရေးကိစ္စတွေကို ထည့်သွင်းမဆွေးနွေးခဲ့ကြပါဘူး။

ဒါပေမဲ့ ၂ နိုင်ငံအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံရပြီးလို့ လွတ်မြောက်လာမယ့်သူတွေ ပြန်လည်လွှဲအပ်ဖို့ကို ထည့်သွင်း သဘောတူခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါး အန္တရာယ် ကြီးထွားနေလို့ ဘင်္ဂလားဒေ့ရှ် ဘက်က ပြော

ဘင်္ဂလားဒေ့ရှ်ဘက်က ဦးဆောင်ပြီး အစည်းအဝေးတက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ရှက်ဖီးနဲလ် အစ္စလာမ် ကလည်း 'နယ်စပ်တလျှောက် အကြောင်းရင်း သေချာမဖော်ပြနိုင်တဲ့ ပစ်ခတ်မှုတွေ မလုပ်ဖို့' မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

မြန်မာဘက်ကတော့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းဦးဆောင်တက်ရောက်ခဲ့ပြီး 'ARSA က နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေ ပေါ်ခဲ့ရတာဖြစ်ကြောင်းနဲ့ ဒါတွေကိုလည်း ဖြေရှင်းနိုင်ဖို့ ယုံကြည်ပါတယ်' ဆိုပြီးတော့ နေပြည်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

'မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုအပေါ် လုံးဝသည်းမခံတဲ့ မူဝါဒကို စွဲစွဲမြဲမြဲ ကိုင်တွယ်ကျင့်သုံးနေပြီး နယ်စပ်မျဉ်းတလျှောက် လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေကို အမြစ်ပြတ်ရှင်းလင်းဖို့ အစည်းအဝေးမှာ သဘောတူခဲ့တယ်' လို့ ၂ နိုင်ငံ ပူးတွဲထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ မြန်မာဘက်အခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါး၊ အထူးသဖြင့် ယာဘဆေးပြားကုန်ကူးမှုဟာ ကြောက်စရာကောင်းလောက်အောက် အန္တရာယ်ကြီးထွားလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ရှက်ဖီးနဲလ် အစ္စလာမ်က ပြောခဲ့ပြီး ဒီကိစ္စအပေါ် ၂ နိုင်ငံကြား ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

အခုကျင်းပတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး ၇ ကြိမ်မြောက်အစည်းအဝေးကိုတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှာ ကျင်းပကြဖို့ ရှိနေပါတယ်။